မြွေပျို
Vol. 15 Ch. 222
“အလိုလိုက်ခံထားရလို့ ပျက်စီးနေတဲ့ကောင်လေးပဲ”
မြေပေါ်လဲကျ၍ သေလုမျောပါးဖြစ်နေသည့်လိပ်အိုကိုကြည့်၍ ဖုန်ချင်အန်း သက်ပြင်းချသည်။ ထို့နောက် အရိုင်းဆန်သည့်ကောင်လေးကိုကြည့်၍ ရယ်နေသည်။
“ငါမင်းအဖေရဲ့ မိတ်ဆွေရင်း ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမယ့် ငါက သူယုံကြည်ရတဲ့လူပါ။ မင်းမယုံရင် ဒီမှာကြည့်”
ဖုန်ချင်အန်း လက်ကိုဝှေ့ယမ်းလိုက်သည်။ သတိလစ်နေသည့်ငါးနဂါး သူ့ခါးပတ်ထဲမှ ထွက်လာသည်။ အားအနည်းဆုံးနေရာတွင် လက်ကိုင်ရိုးအထိ ထိုးစိုက်ထားသည့် အဖြူရောင်ဓားတစ်လက်ရှိသည်။
“အဖေ”
နဂါးပေါက် အကြီးအကျယ် အံ့ဩထိတ်လန့်သွားသည်။ လက်ထဲမှ လှံတိုလည်း ပြုတ်ကျသွားသည်။
“နဂါးသခင်သေပြီ”
လူငယ်နောက်မှ ပုစွန်စစ်သည်များ ကဏန်းစစ်သူကြီးများ ခရုမိန်းကလေးများ ငါးဇနီးသည်များ နေရာတင် ကျောက်ရုပ်လိုဖြစ်သွားသည်။ ဘာလုပ်ရမှန်းမသိ။ တစ်ချို့က ကြောက်လန့်တကြားအော်၍ ခြေဦးတည့်ရာ ပြေးကြသည်။
“အဖေ”
လှံတိုကိုပင် အရေးမစိုက်နိုင်တော့ဘဲ ပုစွန်ကျောကုန်းပေါ်မှခုန်ဆင်း၍ ငါးနဂါးဆီ ဒယိမ်းဒယိုင် ပြေးသွားသည်။ ရှည်လျားစွာ ငိုက်ဆင်းနေသည့် နဂါးနှုတ်ခမ်းမွှေးများကိုဆွဲ၍ အော်ဟစ်ငိုယိုနေသည်။
သေလုမျောပါးဖြစ်နေသည်ဟုန်ရှီ မျက်လုံးပြန်ပွင့်လာသည်။ ကောင်လေးကို စိတ်ပျက်အားငယ်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ မသေမီ ထိုသို့ကြံရမည်ထင်မထား။ သူ့ဇနီးအတွက်လည်း ဘာပြင်ဆင်မထားခဲ့။
“ငါ့သားကို...”
“မင်း...ငါ့အဖေကို သတ်ခဲ့တာ မင်းပေါ့”
ခဏငိုနေပြီးနောက် မျက်ရည်နှင့်နှပ်များ ပေကျံနေသည့်မျက်နှာဖြင့် နဂါးပေါက်က ဖုန်ချင်အန်းကို ဒေါသတကြီးစိုက်ကြည့်နေသည်။ ခြေနှစ်ချောင်းကိုပူး၍ အနီရောင်အကြေးခွံများ ဖုံးလွှမ်းနေသည့် အမြီးကြီးတစ်ခုအဖြစ် ပြောင်းလိုက်သည်။ မြွေလည်းမဟုတ်၊ ငါးလည်းမဟုတ်။ အတော်ထူးဆန်းသည်။
“မျိုးနွယ် - ချီဝမ် (ငါးနဂါး)
ဗီဇ - နဂါး၊ ရေ
စွမ်းရည် - သခင်၊ ထိပ်တန်း
တိုက်ခိုက်စွမ်းအား - ဂျင်နရယ်၊ အလတ်တန်း
ထိုနဂါးပေါက်၏သွေးဆက်က သူ့အဖေထက်ညံ့သည်မှာ သေချာသည်။ ဟုန်ရှီအနေနှင့်လည်း သူ့ထက်သာသည့် နဂါးမျိုးစိတ်မိတ်ဆက်ရှာမတွေ့နိုင်သဖြင့် ထိုသို့ဖြစ်လာသည်မှာ မဆန်းလှ။
“ငါမင်းကိုသတ်မယ်ကွ”
ခန္ဓာကိုယ်အောက်ပိုင်း ပုံစံပြောင်းထားသည့် နဂါးပေါက် ဒေါသတကြီးအော်ဟစ်လိုက်သည်။ အစောပိုင်းက နူးညံ့ဖြူဖွေးသည့် သူ့မျက်နှာသည် ယခု အနီရောင်ကြေးခွံများစွာ ဖုံးလွှမ်းနေသည်။ လက်ကိုဆန့်ထုတ်လိုက်သည်။ အောက်သို့ကျနေသည့်လှံတို သူ့လက်ထဲသို့ ချက်ချင်းရောက်လာသည်။ မျက်တောင်တခတ်အတွင်း ပုံမှန်အရွယ်အစားအဖြစ် ပြန့်ကားထွက်လာသည်။
“လင်းအား၊ မရိုမသေမလုပ်နဲ့”
နဂါးပေါက် တိုက်ခိုက်ရန် ပြင်နေစဉ် အိမ်တော်ထဲမှ ရေတန်းတစ်ခု လွှင့်ပျံလာသည်။ ကြိုးတစ်ချောင်းကဲ့သို့ ကောင်လေးကို ရစ်ပတ်၍ အိမ်တော်ထဲသို့ ပြန်ဆွဲခေါ်သွားသည်။
ဖုန်ချင်အန်း အိမ်တော်ဆီ လှမ်းကြည့်သည်။ ဆက်ဆီကျကျဝတ်စားထားသည့်် မိန်းမလှတစ်ယောက် သေးကျင်သည့်ခါးကို ယိမ်းနွဲ့လှုပ်ရှား၍ အိမ်ထဲမှထွက်လာသည်။ ရေနဂါးခေါင်းဆောင်သေဆုံး၍ အိမ်တော်ထဲမှ ဆူညံသံများ နည်းနည်းငြိမ်ကျသွားသည်။
“ဟုန်ရှီ၊ ဒါမင်းမိန်းမလား။ မင်းဒီလောက်အကောင်းကြိုက်တတ်မယ် ထင်မထားဘူး။ သူကတကယ် လူနဲ့တူတာပဲ။ အတော်လည်းကြည့်ကောင်တယ်”
ဖုန်ချင်အန်း တစ်ချက်ကြည့်ရုံဖြင့်သိသည်။ ထိန်းမိန်းမသည် နဂါးအသွင်ပြောင်းခါနီးဖြစ်နေသည့် မြွေနတ်ဆိုးတစ်ယောက်ဖြစ်သည်။ ထိုသို့စွမ်းအားကြီးသူတစ်ယောက် မြစ်သခင်၏ဇနီးဖြစ်လာသည်မှာ မဆန်းတော့။
“နိမ့်ပါးတဲ့ကျွန်မအသွင်ကို သခင်လေးသတိထားမိတာ ဂုဏ်ယူစရာပါ။ ကျွန်မတို့ကလေးက မရင့်ကျက်သေးပါဘူး။ မဆင်မခြင် ပြောဆိုမိခဲ့ပါတယ်။ သူ့ရိုင်းပြမှုအတွက် ခွင့်လွှတ်ပေးပါ”
သေလုမျောပါးဖြစ်နေသည့် ငါးနဂါးကို သူတစ်ချက်သာရှိသည်။ မျက်နှာတွင် ဝမ်းနည်းရိပ်လုံးဝတမရှိ။ အပြုံးရိပ်တစ်ခုသာ ပေါ်နေသည်။
“ခွင့်လွှတ်ဖို့ တောင်းဆိုနေစရာမလိုပါဘူး။ မင်းယောက်ျားရဲ့ မိတ်ဆွေရင်းတစ်ယောက်အနေနဲ့ ရေနဂါးအိမ်တော်ကို အလည်ရောက်ဖူးတာ ဒါပထမဆုံအကြိမ်ပဲ။ မင်းတို့ရဲ့ ရတနာတိုက်ဆိုတာ ဘယ်မှာလဲ။ မင်းငါ့ကို ခေါ်သွားပေးနိုင်မလား”
ဖုန်ချင်အန်း အပြုံးမျက်နှာဖြင့် ပြန်ပြောသည်။
“ဒါက...”
မြွေမ တုံ့ဆိုင်းနေသည်။ သူတို့ အသက်အန္တရာယ်ရှိနေမှန်းသိသည်။ သူတို့ရှင်သန်စရာ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည့် သူ့ယောက်ျားစုထားသည့်ရတနာများကို ထိုလူသိမ်းယူတော့မည်မှန်း သေချာသိသည်။
“စိတ်ချပါ မိန်းကလေး။ ငါနဲ့ ငါ့မိတ်ဆွေက ငါတို့ပိုင်တာကိုပဲ ယူမှာပါ။ သွေးထွက်သံယိုလည်း ဖြစ်ဖို့မရည်ရွယ်ပါဘူး။ ငါတို့အားလုံးက ဂုဏ်သရေရှိတဲ့လူတွေပါပဲ”
နွီလော်၏လက်ကို ဖုန်ချင်အန်း ငြင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ရေထဲသို့ ရောက်လာကတည်းက ထိုနတ်ဘုရားမ လုံးဝအသံတိတ်နေခဲ့သည်။ မြေပြင်ပေါ်တွင် ပျော်ရွှင်တက်ကြွနေခဲ့သည့် သူ့ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
“သခင်လေးက သမာသမတ်ရှိတဲ့လူဆိုတော့ ကျွန်မ ခေါ်သွားပေးပါ့မယ်”
မြွေမ သက်ပြင်းတစ်ချက်ချလိုက်သည်။ သို့သော် နေရာမှမလှုပ်သေး။
အင်အားကြီးနတ်ဆိုးဖြစ်မလာခင်က ကောက်ကျစ်ယုတ်မာမှုများစွာကို သူကြုံဖူးသည်။ ထိုလူငယ်မျက်နှာမှအပြုံးက နွေးထွေးသော်လည်း ဓားကို အချိန်မရွေးဆွယ်ထုတ်၍ သူတို့သားအမိကို သတ်ဖြတ်ပစ်နိုင်သည်။
“လမ်းပြပါ”
ဖုန်ချင်အန်း မေးဆတ်ပြသည်။ တောင်နက်၏ မျက်လုံးပြာများတွင် စဉ်းစားရိပ်သန်းနေသည်။
သူ့သခင်က သတ်ဖို့မပြော။ မသတ်ရဟုလည်း တားမြစ်ခြင်းမရှိ။ ထို့အပြင် အစာရှာခြင်းသည် သဘာဝအလုပ်ဖြစ်သည်။ သတ်ဖြတ်သည်ဟု မဆိုသာ။
“ဟုတ်ကဲ့”
မြွေမက ငြင်သာစွာတုံ့ပြန်သည်။ သူ့သား၏ပါးပြင်ကို လက်ဖြင့် ညင်သာစွာဖိလိုက်သည်။ လူသားမဆန်သည့် အသွင်အားလုံးပျောက်သွားသည်။ အပြစ်ကင်းသည့် ကောင်လေးတစ်ယောက်အသွင် ဖြစ်လာသည်။
ရေနဂါးနန်းတော်ထဲမှ စွမ်းအားအကြီးဆုံးနတ်ဆိုးက အညံ့ခံလိုက်ပြီဖြစ်သည်။ ကျန်သည့် ပုစွန်စစ်သည်များ ကဏန်းဂျင်နရယ်များ ဘာမှပြောစရာမလိုတော့။
“ဒီမြွေဆိုးမကို နင်ယုံလို့လား။ သူ မလှိမ့်တပတ် လှည့်စားမှာ မစိုးရိမ်ဘူးလား”
နီလော်က ရှေ့မှလျှောက်သွားသည့် မြွေဆိုးမကိုကြည့်၍ သတိပေးသည်။
“သူကငါနဲ့ ကိုက်သုံးဆယ်ပဲဝေးတာပါ။ ဒီအကွာအဝေးအတွင်း ဓားတစ်ချက်တည်းနဲ့ သူ့ကိုငါသတ်နိုင်ပါတယ်။ ဘာကိုစိုးရိမ်ရမှာလဲ”
ဖုန်ချင်အန်း တဟားဟားရယ်မော၍ ပြန်ဖြေသည်။ သူ့စကားကြောင့် ရှေ့မှလျှောက်သွားနေသည့် မြွေဆိုးမ နည်းနည်းတုန်လှုပ်သွားသည်။သွားသည်။
“သခင်မနွီလော်၊ကျွန်မက ရှင်တို့ကိုဘယ်လိုလုပ် မကောင်းကြံရဲမှာလဲ”