← Chapters

သွေးဆက်နိုးထခြင်း

Vol. 16 Ch. 228

သွေးဆက်နိုးထခြင်း

Vol. 16 Ch. 228

“ဟုန်ရှီဘာကြောင် ဒီလိုရဲတင်းနေလဲသိလား”

ဖုန်ချင်အန်း အဆက်မပြတ်မေးသည်။

“ကျုပ်သိပြီ”

မြင်းနဂါး ခေါင်းမော့လာသည်။

“သူ့အဖေက နဂါးစစ်ဖြစ်ခါနီး စန့်ကျန်းမြစ်သခင် ငါးနဂါးတစ်ကောင်ဖြစ်နေလို့ပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့သုံးနှစ်က သေသွားတယ်”

“စန့်ကျန်းမြစ်သခင်ကို ဘယ်သူသတ်ခဲ့တာလဲ။ ဟုန်ရှီက ငါ့ကိုဘာလို့ တိုက်ခိုက်ခဲ့လဲသိလား”

“စန့်ကျန်းမြစ်သခင်ကို လူသားမျိုးနွယ်က သတ်ခဲ့တယ်လို့ကြားတယ်။ အဲဒါ ခင်ဗျားနဲ့ တစ်ခုခုပတ်သက်လို့လား”

စန်းမြောင် ဖုန်ချင်အန်းကို သံသယမကင်းဟန်ဖြင့် ခြေဆုံးခေါင်းဆုံး အကဲခတ်နေသည်။

“နဂါးကိုသတ်ခဲ့တာ ငါ့အကိုပဲ”

ဖုန်ချင်အန်း ဝိုင်အိုးကိုကောက်ကိုင်၍ နောက်တစ်ငုံမော့လိုက်သည်။ ချိုမွှေးသည့်အရသာက အတော်စိတ်ကျေနပ်စရာကောင်းသည်။

“ခင်ဗျားအကိုတဲ့လား။ ဘာသက်သေရှိလို့လဲ”

စန်းမြောင်မျက်လုံးတွင် သံသယရိပ်မကင်းသေး။ သူ့ရှေ့မှလူသား၏စွမ်းအားကို အာရုံမခံမိသော်လည်း စွမ်းအားသိပ်ကြီးလှမည်ဟု သူမထင်မိ။

“ဒီဓားကို ငါ့အကိုလက်ဆောင်ပေးခဲ့တာ”

အဆင်တန်ဆာမပါသည့် ဓားရှည်ကိုထုတ်၍ ကွေးထားသည့်ဒူးနှစ်ဘက်အပေါ် ကန့်လန့်တင်ထားလိုက်သည်။ အသားစားနေသည့်နွီလော် ရုတ်တရက် တုန်လှုပ်သွားသည်။ လက်ထဲမှ အသားတုံး ပန်းကန်ထဲသို့ ပြုတ်ကျသွားသည်။

“ဒါကြီး ဖယ်ထားလိုက်စမ်းပါ”

နွီလော် ဓားကိုစိုက်ကြည့်၍ ဖုန်ချင်အန်းကို ဆဲချင်စိတ်ပေါက်နေသည်။ ထိုဓားသည် သူ့ကိုပစ်မှတ်မထားသော်လည်း အထိန်းအကွပ်ရှိသည်မဟုတ်။ မြင်ရုံဖြင့် စိတ်ဖိစီးရသည်။ စားချင်သောက်ချင်စိတ် ကုန်သွားသည်။

စန်းမြောင်လည်း ဓားကိုစိုက်ကြည့်နေသည်။ စန့်ကျန်းနဂါးကိုသတ်သည့်အဖြစ်ကို သူမြင်ဖူးသည်။ ထိုစဉ်က သူ့တစ်ကိုယ်လုံး တုန်ရင်နေခဲ့သည်။ ကြောက်၍တော့မဟုတ်။ စိတ်လှုပ်ရှားမှုကြောင့်ဖြစ်သည်။

“ခင်ဗျားအကိုက ဘယ်မှာလဲဆိုတာ သိခွင့်ရှိမလား”

စန်းမြောင် အခွင့်အရေးတစ်ခုမြင်လာသဖြင့် စူးစမ်းသည်။

ဖုန်ချင်အန်း မျက်လုံးနည်းနည်းမှေး၍ စန်းမြောင်ကို စိုက်ကြည့်သည်။

“ဒါကိုသိတော့ရော မင်းဘာလုပ်ချင်လို့လဲ”

“ကျုပ်သူ့နောက်ကို....”

“ဘာလုပ်မယ်ဆိုတာ မဆုံးဖြတ်ခင် မင်းကိုယ်မင်း ထိုက်တန်ရဲ့လားဆိုတာ အရင်စဉ်းစားပါ”

ဖုန်ချင်အန်း စကားဖြတ်ပြောလိုက်သည်။

စန်းမြောင် တစ်ချက်တွန့်သွားသည်။ အတော်ကြာအောင်စဉ်းစားနေပြီးနောက် စိတ်ဓာတ်ကျလာသည်။ မှန်သည်။ စန့်ကျန်းမြစ်သခင်ကို ဓားတစ်ချက်ဖြင့်သတ်နိုင်သည့် ကောင်းကင်လူသားသည် သူလက်လှမ်းမမီနိုင်။

“ထားလိုက်ပါ။ စကားကို ဝေ့ဝိုက်ပြီးပြောမနေတော့ဘူး။ ငါမင်းကို ရွေးချယ်ထားတယ်။ ငါနဲ့အတူ လိုက်မယ်ဆိုရင် မင်းအဖေရဲ့ကံကြမ္မာမျိုး မကြုံစေရဘူးလို့ ငါကတိပေးတယ်”

စိတ်ဓာတ်ကျနေသည့်မြင်းနဂါးကိုကြည့်၍ ဖုန်ချင်အန်း ခပ်တိုတိုပြောလိုက်သည်။ နည်းနည်းကျန့်ကြာသော်လည်း လိုရင်းစကားရောက်လာပြီဖြစ်၍ ကိစ္စသိပ်မရှိ။

စန်းမြောင် တောင်နက်နှင့် ပိုင်ယောက်တို့ကို လှမ်းကြည့်သည်။ ထို့နောက် ဖုန်ချင်အန်းထံ အကြည့်ရောက်လာသည်။ ထိုလူသားသည် စတွေ့ကတည်းက သူ့ကိုသိမ်းသွင်းလိုမှန်း အာရုံခံမိသည်။ သို့သော် ထိုအဖြစ်မျိုး အရင်ကများစွာ ကြုံဖူးထားသဖြင့် သိပ်အရေးမစိုက်ခဲ့။

“ခင်ဗျားနောက်ခံက တကယ်မြင့်မားပါတယ်။ ဒါပေမယ့် ကျုပ်ကိုခင်ဗျားနောက် လိုက်စေချင်ရင်တော့ ကိုယ်ပိုင်အစွမ်းအစနဲ့ ကျုပ်ကိုအနိုင်ယူရမယ်။ အခုသိထားတာလောက်နဲ့တော့ ကျုပ်ခင်ဗျားကို ဦးမညွှတ်နိုင်ဘူး”

မြင်းနဂါး ခြေနှစ်ဘက် ပဒတ်ရပ်လိုက်သည်။ ကြီးမားသည့်ဝမ်းဗိုက်တွင် ချောမွတ်သည့် အရေးအကြောင်းများ မညီမညာဖြစ်လာသည်။

“မင်းကငါ့ကို ဘယ်လိုအနိင်ယူစေချင်တာလဲ။ တိုက်ခိုက်ပြီး အနိုင်ယူရမှာလား”

ဖုန်ချင်အန်း ပြုံး၍ထရပ်လိုက်သည်။ နဂါးသတ်ဓားကို ခါးပတ်ထဲ ပြန်ထည့်လိုက်သည်။

“မဟုတ်ဘူး။ ခင်ဗျားစွမ်းအားက ကျုပ်ထက်သာမှန်းသိတယ်။ ခင်ဗျားလက်နက်ရဲ့အစွမ်းကိုလည်း ကျုပ်သိတယ်”

မြင်းနဂါး ခေါင်းခါသည်။ ထိုလူငယ်၏စွမ်းအားအဆင့်ကို သူထိုးထွင်းမမြင်ရ။ သို့သော် မြင်ခဲ့သည့် အဖြစ်အပျက်များအရ စဉ်းစားလျှင် ပိုင်သေတွက်၍မရ။ အလင်းတန်းတစ်ချက် ကောင်းကင်မှ ထိုးကျခဲ့သည်။ မဟာနတ်ဆိုးကို နှစ်ပိုင်းဖြတ်သွားခဲ့သည်။ ထိုမြင်ကွင်းကြောင့် ယခုထိ သူရင်တုန်မပြေသေး။

လူသားတစ်ယောက်နှင့် လက်နက်မပါကြေး တိုက်ခိုက်မည်ဆိုလျှင်လည်း အရှက်မရှိရာကျမည်။ လက်နက်ရတနာများသည် ကိုယ်ပိုင်စွမ်းအား၏ အစိတ်အပိုင်းဖြစ်သည်။

“ဒါဆို ဘယ်လို အနိုင်ယူစေချင်သလဲ”

ဖုန်ချင်အန်း မျက်မှောင်နည်းနည်းကျုံ့သွားသည်။ စွမ်းအားဖြင့် သက်သေပြ၍မရ။

“မြစ်သခင်ရာထူးစွန့်ပြီး ခင်ဗျားနောက်ကို လိုက်စေချင်တယ်ဆိုရင် အနည်းဆုံးတော့ ကျုပ်အဖေထက် ပိုစွမ်းအားကြီးနိုင်ခြေရှိတဲ့ အခွင့်အလမ်းတစ်ခုတော့ ကျုပ်မြင်ချင်တယ်”

မြင်းနဂါမျက်လုံးက ပါးနပ်မှုအရိပ်တို့ ပြည့်နေသည်။ နဂါးသတ်ခဲ့သည့်လူသားဆိုလျှင် သူဘာမှပြောစရာမရှိ။ နောက်လိုက်ဖြစ်ခွင့်ရသည်ကပင် အခွင့်ထူးတစ်ခုဖြစ်သည်။

ယခု သူ့ရှေ့မှလူက နဂါးသတ်ခဲ့သူမဟုတ်။ ထိုလူနောက်သို့ လိုက်ရမည်ဆိုလျှင် မြစ်သခင်ဘဝထက် ပိုတောက်ပသည့်အနာဂတ်တော့ရှိရမည်။ အကန်းယုံကြည်မှုဖြင့် လိုက်သွားလျှင် တုံးအလွန်းရာကျမည်။

“မင်းပြောတာ အဓိပ္ပါယ်ရှိပါတယ်”

ဖုန်ချင်အန်း တဟားဟားရယ်လိုက်သည်။ လူသားမျိုးနွယ်အတွက် လက်တွေ့မကျသည့် ကတိများ ပေးကောင်းပေးနိုင်သည်။ သို့သော် လူသားမဟုတ်သည့် သတ္တဝါများတို့က လက်တွေ့ကိုသာ ယုံကြည်ကြသည်။

“ဒါဆိုလည်း ငါမင်းကိုပြပါ့မယ်”

ပြောရင်းမှ သူရှေ့တိုးသွားသည်။ စန်းမြောင် ကြောင်၍ကြည့်နေစဉ်မှာပင် လက်ကို ရင်ဘတ်ပေါ်တင်လိုက်သည်။

“ခင်ဗျား ဘာလုပ်နေတာလဲ”

စန်းမြောင် ဒေါသနည်းနည်းထွက်သွားနည်း နားမည်နိုင်အောင်ဖြစ်နေသည်။ အစောပိုင်းက ရန်သူ့အသားကို ကျွေးခဲ့သောကြောင့်သာမဟုတ်လျှင် ခွာဖြင့်ပေါက်သတ်ပြီးဖြစ်လိမ့်မည်။ အနည်းဆုံးတော့ ရှောင်တိမ်းမိမည်။ သူ့ခန္ဓာကိုယ်ကို တစ်ခြားသတ္တဝါများလာထိသည်ကို သူမုန်းသည်။

“မင်းကို ငါချီးမြှင့်မယ့် အခွင့်အလမ်းကို ခံစားစေချင်လို့ပါ”

ပိုင်ဆိုင်ထားသည့် လျှို့ဝှက်နည်းလမ်းလေးခုကို အသက်သွင်းလိုက်သည်။ ဝိညာဉ်ဆွဲဆောင်သွေးသန့်စင်နည်း၊ ဝိညာဉ်စုအရိုးသန့်စင်နည်း၊ ဝိညာဉ်စားအရိုးအသွင်ပြောင်းနည်း၊ ဝိညာဉ်စားဝိညာဉ်အားဖြည့်နည်းတို့ဖြစ်သည်။ ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်ကိုပါ သန့်စင်ဖန်တီးနိုင်သည့် နည်းလမ်းများဖြစ်သည်။

All Chapters