← Chapters

သွေးဆက်နိုးထခြင်း (၂)

Vol. 16 Ch. 229

သွေးဆက်နိုးထခြင်း (၂)

Vol. 16 Ch. 229

“ဒါကဘာလဲ...”

ထူးဆန်းသည့်စွမ်းအားတစ်မျိုး တိုးဝင်လာသည်ကို စန်းမြောင်ခံစားမိသည်။ ခုခံရန်ကြိုးစားသည်။ သို့သော် ထိုစွမ်းအားက သူ့သွေးကြောများကို ချက်ချင်းထိန်းချုပ်လိုက်သည်။

တစ်ကိုယ်လုံးရေဝိညာဉ်ချီစွမ်းအင်များကြား ရောက်သွားသလို ခံစားရသည်။ မချေဖျက်ရသေးသည့် ဗိုက်ထဲမှ ရေနဂါးအသား၏ စွမ်းအင်သန္ဓေများလည်း ခြေလက်များ အရိုးများထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားသည်။

“ဒါက...”

လျှို့ဝှက်နည်းလမ်းလေးခု လည်ပတ်နေချိန်တွင် မူမမှန်သည့်အချက်တစ်ချက်ကို ဖုန်ချင်အန်း သတိထားမိလာသည်။

ထိုနည်းလမ်းလေးခုကို သူလုံးဝကျွမ်းကျင်သည်ဟု မဆိုသာသော်လည်း ကောင်းကောင်းလည်ပတ်နိုင်စွမ်းရှိသည်။

မြင်းနဂါးကို စတွေ့ကတည်းက ဖြစ်လာနိုင်သည့် အပြောင်းအလဲများကို သူကြိုတွေးထားသည်။ သို့သော်ယခု မြင်းနဂါးကိုယ်ထဲမှ အပြောင်းအလဲက နည်းနည်းထူးဆန်းနေသည်။

ပုံမှန်အားဖြင့် မြင်းနဂါးသွေးဆက်နှင့်စွမ်းအား တစ်ဆင့်မြင့်သွားသင့်သည်။ သိသိသာသာ တိုးတက်မှုမဟုတ်သော်လည်း မြင်းနဂါးလို နတ်ဆိုးအကြီးစားအနေဖြင့် သေချာပေါက် အာရုံခံမိမည်။ သို့ဆိုလျှင် ဖုန်ချင်အန်းကို ကျေးဇူးတင်လာမည်။

သို့သော် မြင်းနဂါးကိုယ်ထဲသို့ သွင်းလိုက်သည့် ချီဓာတ်ဖြင့်ရစ်ပတ်ထားသည့် ဝိညာဉ်စွမ်းအင်များ ထူးထူးခြားခြား လျော့ပါးသွားသည်ကို ဖုန်ချင်အန်း သတိထားမိသည်။ မြင်းနဂါးခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခုက မိုးမြေဝိညာဉ်ချီကိုသာမက သူ့ဝိညာဉ်စွမ်းအင်တစ်ချို့ကိုပါ ဝါးမျိုစုပ်ယူသွားခြင်းဖြစ်သည်။

ပုံမှန်ဆိုလျှင် လျှို့ဝှက်နည်းလမ်းလေးခု လည်ပတ်ဖို့ ဝိညာဉ်စွမ်းအင်သိပ်မလို။ နေမီးတောက်သစ်ပင်လို ဝိညာဉ်စွမ်းအင်ဝါးမျိုသည့် ဖြစ်တည်မှုမျိုးနှင့်ကြုံမှသာ များများသုံးရသည်။

နေမီးသစ်ပင်ကို ကြုံခဲ့ဖူးပြီးဖြစ်၍ မြင်းနဂါးကိုယ်ထဲတွင် ပုန်းကွယ်နေသည့်အရာကို ဖုန်ချင်အန်း စိတ်ဝင်စားလာသည်။

မြင်းနဂါးကိုယ်တိုင်ပင် ထိုအရာရှိနေသည်ကို သိမည်မဟုတ်။ ကိုယ်ထဲတွင် ပုန်းကွယ်နေသည့် အဆင့်မြင့်ဗီဇစွမ်းရည်တစ်ခုကြောင့် ထိုအပြောင်းအလဲမျိုး ကြုံရခြင်းဖြစ်မည်။ အဆင့်မြင်စွမ်းအားမျိုး အထောက်အပံ့မရှိခဲ့သဖြင့် ပုန်းကွယ်နေခဲ့ရခြင်းဖြစ်မည်။

“ဘာဖြစ်တာလဲ ဖုန်ချင်အန်း”

ဖုန်ချင်အန်းအမူအရာပြောင်းသွားသည်ကို သတိထားမိသဖြင့် နွီလော်က ချက်ချင်းလှမ်းမေးသည်။ ထိုမြင်းနဂါးသည် သူ့စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခြင်းဖြစ်မည်။

ဖုန်ချင်အန်း ပြန်မဖြေ။ မျက်မှောင်သာကျုံ့နေသည်။ သူ့ဝိညာဉ်စွမ်းအင်လျော့ပါးမှုက တဖြေးဖြေးပိုမြန်လာသည်။ မြင်းနဂါးကိုယ်ထဲမှ ဗီဇစွမ်းအားက ပိုအားကောင်းလာသည်။ နေမီးတောက်သစ်ပင်ကို သူပြန်သတိရမိသည်။

သို့သော် နေမီးတောက်သစ်ပင်က ဝင်လာသမျှ အကုန်ဝါးမျိုသည်။ ဆက်မထောက်ပံ့လျှင်လည်း တောင်းဆိုမည်မဟုတ်။ ယခုအရာက ထူးခြားကွဲပြားနေသည်။ အင်တိုက်အားတိုက် စုပ်ယူစားသုံးသည်။

အရိုးရှင်းဆုံး နှိုင်းယှဉ်ပြရလျှင် နှစ်နှစ်ရာကြာအောင် ငတ်မွတ်နေသည့် လူတစ်ယောက် အစာတောင်းနေသလိုရှိသည်။ ယနေ့မှ အရသာရှိသည့် အစားသောက်ကို တွေ့ရသလိုမျိုးဖြစ်သည်။

“မြောင်မြောင်ရဲ့အမေက ထူးခြားတဲ့နောက်ခံမျိုးရှိလား”

ဖုန်ချင်အန်း နွီလော်ကို လှည့်မေးသည်။ သူ့ထံတွင် ဝိညာဉ်စွမ်းအား လုံလောက်အောင် ကျန်သေးသည်။ ထိုအလုပ်မျိုးနှင့် အတော်ရင်းနှီးနေပြီဖြစ်၍ စွမ်းအင်ကုန်သွားသည်နှင့် တပြိုင်တည်း ပြန်လည်ပြည့်ဝအောင် ကျင့်ကြံနိုင်သည်။ သို့သော် စွမ်းအားကုန်နေသည့်နှုန်းက စွမ်းအားဖြည့်နိုင်သည့်နှုန်းနှင့် အချိုးညီဖို့တော့လိုသည်။

“ထူးခြားတဲ့နောက်ခံလား။ မရှိပါဘူး။ သူ့အမေက နည်းနည်းထူးခြားတဲ့ မြင်းနက်တစ်ကောင်ပါပဲ”

နွီလော် စဉ်းစားနေပြီးနောက် ခေါင်းခါပြသည်။

“သူ့ကိုယ်ထဲမှာ နှစ်တွေအကြာကြီး ခိုအောင်းနေတဲ့ စွမ်းအားတစ်မျိုးရှိတယ်”

မြင်းနဂါး မငြိမ်မသက်ဖြစ်လာသည်။ စိတ်လှုပ်ရှားလာခြင်းဖြစ်သည်။ သူ့မျိုးဆက်အမွေစွမ်းအားတစ်မျိုး အိပ်ပျော်နေရာမှ နိုးထလာတော့မည်။

“သူ့မိဘမျိုးဆက်တွေမှာ ထူးဆန်းတဲ့ နတ်စွမ်းရည်တစ်မျိုးမျိုးရှိလား”

ဖုန်ချင်အန်း ထပ်မေးသည်။

နွီလော် ခဏငြိမ်သွားသည်။ ပြန်စဉ်းစားနေဟန်ရှိသည်။

“သူ့အမေက သစ်ပင်တွေနဲ့ ဆက်သွယ်နိုင်တယ်။ မြက်ပင်သစ်ပင်တွေရဲ့ သခင်လိုမျိုးပဲ။ အဲဒါရော သက်ဆိုင်လား”

“မင်းဘယ်လိုထင်လဲ”

မြင်းရိုင်းတစ်ကောင် အပင်များနှင့် ဆက်သွယ်နိုင်သည်ကပင် ထူးဆန်းနေပြီဖြစ်သည်။ အဖေဖြစ်သူက ရေကိုထိန်းချုပ်နိုင်သည့် မြစ်ဝိညာဉ်။

“နည်းနည်းတော့ ထူးဆန်းသလိုပဲ။ မြင်းမျိုးနွယ်တွေထဲမှာ သူအမေတစ်ယောက်ပဲ အဲလိုစွမ်းအားမျိုး ရှိခဲ့တာ”

နွီလောက် ပြန်ဖြေသည်။ ပုံမှန်ဟုသာ သူမြင်သည်။ ဤလောကတွင် ဓာတ်ငါးမျိုးနှင့်သက်ဆိုင်သည့် နတ်စွမ်းအားများ ပိုင်ဆိုင်ကြသည်မှာ မထူးဆန်းပါ။ ရေထဲမှသတ္တဝါများ မီးကိုမှုတ်ထုတ်နိုင်သည့်အဖြစ်ပင် ရှိသေးသည်။

“ဒါဆို သူ့အမေဘက်မှာ ထူးခြားတဲ့သွေးဆက်တစ်ချို့ရှိလိမ့်မယ်။ ဒါကြောင့်လည်း သူ့အဖေက မျက်စိကျခဲ့တာပေါ့”

စန်းမြောင်၏မိခင်သည် သာမန်မြင်းမျိုးမဟုတ်နိုင်ဟု ဖုန်ချင်အန်း ကောက်ချက်ချသည်။ သူ့ဖခင်သည် မြင်းနဂါးမျိုးဖြစ်သည်။ မြင်းခန္ဓာကိုယ် ပိုင်ဆိုင်ထားသော်လည်း လှပသည့်မြင်းမကိုမြင်တိုင်း မိတ်လိုက်မည်မဟုတ်။ ပိုနက်ရှိုင်းသည့် အကြောင်းရင်းရှိရမည်။

“ငါမသိတော့ဘူး”

ထိုအကြောင်းကို နွီလော် ဆက်မပြောချင်တော့။

“အီး....ဟီဟီဟီ”

ရုတ်တရက် မြင်းနဂါးက ထူးဆန်းသည့်အော်သံတစ်ခု ပြုလိုက်သည်။ ခေါင်းလောင်းမြည်သံနှင့်တူသည်။ နားပသာဒရှိသည်။ ခန္ဓာကိုယ်ထဲတွင် အပြောင်းအလဲတစ်ခု ပေါ်လာဟန်ရှိသည်။ အပြင်ပန်းပုံစံလည်း ပြောင်းလဲသွားသည်။

ကိုယ်တွင်းထဲမှ သစ်စိမ်းဝိညာဉ်ချီများ ပေါက်ကွဲထွက်လာသည်။ ဦးခေါင်းခွံပိုကြီးလာသည်။ နဖူးထိပ်နှစ်ဘက်တွင် အသားဘုကြီးနှစ်လုံး ထိုးထွက်လာသည်။လာသည်။ လုံးနေသည့်ဝမ်းဗိုက် ပြားချပ်သွားသည်။

ထူးဆန်းသည့်အပြောင်းအလဲများကြောင့် ဖုန်ချင်အန်းနှင့်နွီလော်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ မျက်နှာအမူအရာ ထူးခြားလေးနက်လာသည်။

“သူက ဟုန်ရှီရဲ့အသားကို စားခဲ့လို့ နဂါးမျိုးနွယ်သွေးဆက်အမွေ ရလာတာများလား”

“ဒီလိုအဆင့်ထိ ရောက်နေပြီလေ။ နဂါးသွေးဆက် လွှမ်းမိုးမှုကို သူဒီလောက်အလွယ်တကူ ဘယ်လိုလက်ခံမှာလဲ။ ပြီးနောက် နဂါးသွေးဆက်အမွေကို ဒီလိုလွယ်လွယ်ရမယ် ထင်နေလား”

နွီလော် မျက်စောင်းထိုးသည်။

“နဂါးမျိုးဆက်တွေ နေရာတိုင်းရှိနေတာပဲလေ။ နဂါးစစ်တစ်ကောင် ရေကန်တစ်ခုမှာ သေးပေါက်လိုက်ရုံနဲ့ နဂါးမျိုးဆက်တွေ ရာထောင်ချီပြီး ပေါ်လာတယ်တဲ့”

“နဂါးစစ်သာ ရေကန်မှာ အဲလိုတကယ်လုပ်ရင် အဆင့်နိမ့်နဂါးတွေ အများကြီးဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ့နဂါးတွေက ဘာမှအသုံးကျမှာမဟုတ်ဘူး”

ကျင့်ကြံသူလောကတွင် နားလည်မှုလွဲနေသည်မှာ ထိုအချက်ဖြစ်သည်။ နဂါးမျိုးဆက်များကို နေရာတိုင်းတွေ့ရသဖြင့် နဂါးသွေးဆက်အမွေကို အလွယ်တကူရနိုင်သည်ဟု အထင်မှားကြသည်။

“အသားစားရုံနဲ့ နဂါးသွေးဆက်ကိုရမယ်ဆိုရင် မြစ်ထဲမှာနေတဲ့ နဂါးမျိုးဆက်တွေ အချင်းချင်းသတ်နေကြမှာပေါ့။ နဂါးစစ်ဖြစ်လာတဲ့အထိ တစ်ယောက်ကို တစ်ယောက်သတ်စားနေမယ်ဆို ပျော်စရာသိပ်ကောင်းမှာပေါ့”

“ဒါဆို နဂါးစစ်တွေဖန်တီးတဲ့ နဂါးမျိုးဆက်တွေ ဘယ်လိုလုပ်ကြလဲ”

“ဒါကလည်း နဂါးမျိုးနွယ်တွေ အရမ်းပေါများနေလို့ပေါ့။ နဂါးစစ်တစ်ကောင်ရဲ့စွမ်းအားဟာ ရေမျိုးနွယ်ထဲက အားနည်းတဲ့နဂါးသွေးဆက်ကို နိုးထအောင် လှုံ့ဆော်ပေးနိုင်တယ်။ ငါအမှန်အတိုင်း ပြောပြမယ်။ နဂါးစစ်ဆိုရင်တောင် နဂါးမျိုးနွယ်နဲ့ လုံးဝမသက်ဆိုင်တဲ့ ဝိညာဉ်တစ်ခုကို နဂါးသွေးဆက်အမွေလွှဲပေးလို့မရဘူး”

“ဒါဆို နဂါးသွေးဆက်အမွေက ရှိရင်ရှိတယ်။ မရှိရင်မရှိဘူးပေါ့။ ရုတ်တရက် ရလာတယ်ဆိုတာက အမှန်တော့ နိုးထလာတာပဲပေါ့”

ဖုန်ချင်အန်း နားလည်သွားသည်။

“ဒါက နဂါးမျိုးနွယ်မှ မဟုတ်ဘူး။ တစ်ခြားမျိုးနွယ်တွေလည်း အဲလိုပဲ။ မွေးကတည်းက ရှိသင့်တဲ့စွမ်းရည် ရှိကြတယ်။ မရှိရင်လည်း အတင်းလုပ်ယူလို့မရဘူး။ အတော်လေးကံထူးလွန်းလို့ နဂါးဘိုးဘေးတွေ ကမ္ဘာဦးဖီးနစ်တွေနဲ့တွေးပြီး သူတို့က သွေးဆက်အမွေလွှဲပေးတာမျိုးဆိုရင်တော့ တစ်မျိုးပေါ့”

“သဘောပေါက်ပါပြီ”

ဖုန်ချင်အန်း စန်းမြောင်ကို စိုက်ကြည့်နေသည်။ ဝေခွဲ့မရသည့်အရိပ်များ သူ့မျက်နှာတွင် ပေါ်လွင်နေသည်။

“ဒါဆို ဒီအရာကို ငါလှုံ့ဆော်ပေးလိုက်လို့ ထူးခြားတဲ့သွေးဆက်အမွေတစ်ခု နိုးထလာတာပေါ့”

“ဖြစ်နိုင်ပါတယ်”

နွီလော်လည်း သေချာမပြောတတတ်။ သို့သော် မြင်းနဂါးခန္ဓာကိုယ်ထဲမှ နတ်စွမ်းအင်ရောင်ကို သူလည်းအာရုံခံမိသည်။

“အီး...ဟီဟီဟီ”

နောက်ထပ် သာယာသည့်မြင်းဟီသံ ပေါ်လာသည်။ မြင်းနဂါးခန္ဓာကိုယ်ကို အစိမ်းရောင်အလင်းတစ်ခု လွှမ်းခြုံထားသည်။ မြွေစိမ်းတောင်တန်းနတ်ဘုရား၏ စွမ်းအင်ရောင်နှင့် ဆင်တူသည်။ သို့သော် နည်းနည်းကွဲပြားသည်။

"ဖျောင်း”

ရေနဂါးနန်းတော်အတွင်း အစိမ်းရောင်မိုးကြိုးတစ်ခု ပေါက်ကွဲထွက်လာသယောင်ထင်ရသည်။ မြင်းနဂါးနဖူးတွင်ဦးချိုနှစ်ချောင်းထွက်လာသည်။

သိပ်သည်းသည့် သစ်သားစိမ်းဝိညာဉ်ချီများ ထွက်ပေါ်လာသည်။ ထို့နောက် မြင်းနဂါး၏ နောက်ဘက်တွင် ပုံရိပ်တစ်ခုအသွင်ပြောင်းသွားသည်။

ထိုပုံရိပ်ကိုကြည့်၍ ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ အရာအားလုံးကို ဘာမှမထူးဆန်းသလို သဘောထားခဲ့သည့် နွီလော်လည်း တအံ့တဩထရပ်လာသည်။ မျက်လုံးပြူး၍ ပါးစပ်အဟောင်းသားဖြစ်နေသည်။

နဂါးဦးခေါင်း၊ သမင်ဦးချို၊ ခြင်္သေ့မျက်လုံး၊ ကျားကျောကုန်း၊ ဝက်ဝံ၏ခါး၊ မြွေအကြေးခွံ၊ မြင်းခွာ။

ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သော်လည်း ထင်ရှားသည့် ထိုပုံရိပ်ကို ဖုန်ချင်အန်းနှင့်နွီလော်တို့ ချက်ချင်းနားလည်သွားသည်။

“ချီလင်...”

နွီလော်တအံ့တဩ ရေရွတ်လိုက်သည်။

(**ချီလင်သတ္တဝါကို တိုးနယားဟု မြန်မာအခေါ်ရှိသည်ထင်ပါသည်။ မသေချာ၍ “ချီလင်” ဟုသာသုံးပါသည်)

All Chapters