← Chapters

သေရာမှပြန်ရှင်သူ

Vol. 16 Ch. 230

သေရာမှပြန်ရှင်သူ

Vol. 16 Ch. 230

“မင်းတကယ်ဖုံးကွယ်ထားနိုင်တာပဲ မြောင်မြောင်”

ဖုန်ချင်အန်းလည်း အံ့အားသင့်သွားသည်။ အစက ထိုမြင်းနဂါး၏စိတ်ဓာတ်နှင့် ပုံပန်းသဏ္ဌာန်ကိုသာ သဘောကျခဲ့ခြင်းဖြစ်သည်။ ယခု ရွက်ပုန်းသီးဒဏ္ဍာရီသွေးဆက်မှန်း သိလိုက်ရသည်။

မျိုးနွယ် - ချီလင်သားရဲ

ဗီဇ - ချီလင်၊ သန္ဓေ၊ သစ်သား၊ ရေ၊ လေ

စွမ်းရည် - မိုနာ့၊ အလတ်တန်းဆင့်

တိုက်ခိုက်စွမ်းအား - သခင်၊ အခြေခံ

“အံ့ဩစရာပဲ၊ မျိုးနွယ်ဗီဇ ပြောင်းသွားပြီပေါ့”

ဖုန်ချင်အန်းမျက်လုံးများ တောက်ပလာသည်။ ဒဏ္ဍာရီသွေးဆက်ကို လှုပ်နှီုးရုံဖြင့် စွမ်းရည်အဆင့်တိုးတက်လာမည်ဟု ထင်မထား။ အဆင့်များစွာ ခုန်ကျော်တိုးတက်သွားခြင်းဖြစ်သည်။ ကနဦး နိုးထစအချိန်သာရှိသေးသည်။ သန့်စင်သည့်ချီလင်သွေးဆက်ဆိုလျှင် မည်သို့ရှိမည်မသိ။

“အင်း..”

ဖီးနစ်လေးယွီယွီအကြောင်း ဖုန်ချင်အန်း ရုတ်တရက် တွေးမိလိုက်သည်။ ထိုဖီးနစ်၏စွမ်းအားနှင့် မိုနာ့စွမ်းရည်အဆင့်ကြောင့် အတော်အထင်ကြီးခဲ့သည်။

ယခု သူ့ရှေ့မှ ချီလင်နှင့်နှိုင်းယှဉ်ကြည့်ပြီးနောက် ယွီယွီတွင် ပြဿနာတစ်ချို့ရှိနေကြောင်း နားလည်လာသည်။ မြင်းနဂါးက စတင်နိုးထသည်နှင့် မိုနာ့အလတ်တန်းဆင့်သို့ ရောက်သွားသည်။ ယွီယွီ၏အဆင့်သည် မိုနာ့အဆင့်လောက် မဖြစ်သင့်။

“ယူးးးဟူး...”

ကြည်လင်သာယာသည့် အော်သံတစ်မျိုးထွက်ပေါ်လာပြန်သည်။ မြောင်မြောင်ထံမှဖြစ်သည်။ သစ်သားချီဖြင့်ဖန်တီးထားသည့် ချီလင်သဏ္ဍာန်က သူ့အထက်တွင် ပေါ်နေသည်။ ချီလင်အော်သံ ပေါက်လာပြီးနောက် သစ်သားဝိညာဉ်ချီများ ပြန့်ကျဲသွားသည်။ မြောင်မြောင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

အသစ်ပေါက်လာသည့်ဦးချိုလည်း နူးညံ့သည့်အရောင်မှ တဖြေးဖြေးမည်းနက်လာသည်။ နဂါးသဏ္ဌာန်ဦးခေါင်းနှင့် လိုက်ဖက်ညီသွားသည်။

ဖုန်ချင်အန်း လက်ကိုပြန်ရုတ်လိုက်သည်။ သူ့ဝိညာဉ်စွမ်းအင် ကိုးဆယ်ရာနှုန်းနီးပါး စုပ်ယူခံလိုက်ရသည်။ စတင်ကျင့်ကြံကတည်းက ထိုဖြစ်စဉ်မျိုး ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် အန္တရာယ်ရှိရှိ မရှိရှိ သုံးဆယ်ရာနှုန်းတော့ အနည်းဆုံးသူချန်ထားသည်။

“ခင်ဗျားနာမည်ကို သိခွင့်ရှိမလား”

တောက်ပသည့်အနာဂတ်ကို မြင်ရပြီဖြစ်၍ စန်းမြောင် သူ့ရှေ့မှလူငယ်ကို ဦးညွှတ်လိုက်သည်။ အဖြူရောင်မျက်လုံးများက အစိမ်းရင့်ရောင်အဖြစ်ပြောင်းသွားသည်။ ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲကို သူကိုယ်တိုင်သာအသိဆုံးဖြစ်သည်။

ထိုစွမ်းအားသည် မွေးကတည်းက ရခဲ့သည့်လက်ဆောင်ဖြစ်သော်လည်း အချိန်ကြာမြင့်စွာ ပုန်းအောင်းနေခဲ့သည်။ ထိုလူငယ်မရှိလျှင် ထိုစွမ်းအားကို နှိုးဆွနိုင်မည်မဟုတ်။ ရှိနေကြောင်းကိုပင်မသိဘဲ တစ်သက်လုံးလည်း ထိုအတိုင်းနေသွားရနိုင်သည်။

“ဖုန်ချင်အန်းပါ၊ ငါက အရွယ်မရောက်သေးလို့ ဘွဲ့ထူးဘွဲ့ခံနာမည်မျိုးတော့ မရှိသေးဘူး”

ဖုန်ချင်အန်း ရယ်မောလိုက်သည်။

“ကျုပ်ရဲ့သွေးဆက်စွမ်းအားကို ဖွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ခင်ဗျားနောက်က လိုက်ခဲ့ပါ့မယ်”

စန်းမြောင် ရှေ့တစ်လှမ်းတိုး၍ ဦးညွှတ်လိုက်သည်။ ဦးခေါင်းကို ဖုန်ချင်အန်းရှေ့တွင် ထားသည်။ သူ့ဆုံးဖြတ်ချက်မှန်ကန်ကြောင်း သူယုံကြည်သည်။

“ကောင်းပြီလေ”

ဖုန်ချင်အန်း ချီလင်သားရဲ၏ နဖူးထက်သို့ လက်တင်လိုက်သည်။ နဂါးအကြေးခွံများက နူးညံ့လှသည်။ အရာအားလုံး၏ အသက်ဓာတ်ကိုထိကိုင်နေရသလိုရှိသည်။

“အခုချိန်ကစပြီး မင်းငါ့နောက်ကို လိုက်ခဲ့တော့”

အခြေအနေကိုလိုက်၍ စန်းမြောင်နှင့် ခြောက်ခုမြောက်ဝိညာဉ်စာချုပ်ကို သူဖန်တီးလိုက်ချင်သည်။ သို့သော် ဘေးတွင် ပိုင်ယော်ရှိနေသဖြင့် နောက်မှလုပ်ရန် ဆုံးဖြတ်သည်။ အလျင်လိုစရာအကြောင်းမရှိပါ။

ထို့အပြင် စန်းမြောင်ကလည်း ယခုလောလောဆယ် ဝိညာဉ်စွမ်းအင်အားလုံး မျှဝေချင်ဦးမည်မဟုတ်။ အချိန်တစ်ခုထိ အတူနေထိုင်ပြီး ရင်းနှီးလာမှသာ အပြည့်အဝယုံကြည်ပေလိမ့်မည်။

“ဟုတ်ကဲ့ပါ သခင်ဖုန်”

အပြောင်းအလဲကို ခံစားမိသဖြင့် စန်းမြောင် အညံ့ခံရန် ရွေးချယ်လိုက်သည်။ သွေးဆက်အမွေကိုရသည်နှင့် အရာအားလုံးကို သူနားလည်လာသည်။

ထိုစွမ်းအားသည် သူ့အမေထံမှ ဆင်းသက်လာချင်းဖြစ်သည်။ သူ့မိခင်သည် သစ်ပင်များကြီးထွားရှင်သန်ဖို့ လမ်းညွှန်နိုင်သည်။ ထိုစွမ်းရည်၏ ရင်းမြစ်က ဒဏ္ဍာရီလာ သစ်သားချီလင်ထံမှဖြစ်သည်။

ထိုစွမ်းရည် သူ့မိခင်ကိုယ်ထဲ မည်သို့ရောက်လာသည်မသိ။ သို့သော် နှစ်ကာလကြာမြင့်စွာ လက်ဆင့်ကမ်းသုံးစွဲခဲ့သဖြင့် ထိုချီလင်သွေးဆက်စွမ်းရည် အတော်နည်းပါးလာသည်မှာ အသေအချာဖြစ်သည်။

သူ့မိခင်ကိုယ်ထဲတွင် မဖြစ်စလောက်စွမ်းအားလေးသာ ပြခဲ့သည်။ ရုပ်အသွင်အပြင် ပြောင်းလဲမှုမရှိ။ သူ့ခန္ဓာကိုယ်ထဲရောက်လာချိန်တွင် သစ်ပင်များနှင့် ဆက်သွယ်နိုင်စွမ်းပင် မရှိတော့။

ဖုန်ချင်အန်း၏ ထူးခြားသည့်အစွမ်းကြောင့်သာမဟုတ်လျှင် သစ်သားချီလင်သွေးဆက်စွမ်းအားကို နှိုးဆွနိုင်မည်မဟုတ်။

ငုပ်လျှိုးနေရာမှ ပြန်ပေါ်လာသည့်တိုင် စွမ်းအားက နည်းပါးလွန်းသည်။ ချီလင်သည် မူလအခြေအနေမှ အဆင့်မြင့်စွမ်းအားမျိုးသို့ ရောက်နိုင်သည့်တိုင် အကန့်အသတ်ရှိနေဆဲဖြစ်သည်။

မူလရင်းမြစ် ချီလင်စွမ်းအားနီးပါး ရောက်ဖို့ရဖို့ မည်မျှခက်ခဲသည်မှာ ထင်ရှားနေသည်။

“ငါဘာဘွဲ့ထူးဂုဏ်ထူးမှ မရသေးဘူးလို့ ပြောထားတယ်လေ။ ဘာလို့ သခင်ဖုန်လို့ ခေါ်နေတာလဲ။ ငါက သက်ကြီးပိုင်းတစ်ယောက်လို ဖြစ်နေပြီ။ မင်းခေါ်ချင်ရင် သခင်လေးလို့ ခေါ်နိုင်တယ်။ ဒါပေမယ့် ငါနဲ့အတူမြို့တော်တစ်ခုခုကို ဝင်ပြီဆိုရင်တော့ မင်းစကားမပြောနဲ့ပေါ့”

“ဟုတ်ကဲ့ သခင်လေးဖုန်”

“ဟုတ်ပြီ”

ဖုန်ချင်အန်း ရယ်မောလိုက်သည်။ ချီလင်သွေးဆက် နတ်ဆိုးသားရဲတစ်ကောင်ကို ယဉ်ပါးအောင်လုပ်ရသည်မှာ ကျေနပ်စရာကောင်းလှသည်။

“အာဝူး....”

တောင်နက်လည်း အကြောတစ်ချက်ဆန့်၍ ထရပ်လာပြီး စန်းမြောင်ကို စိတ်ဝင်တစားကြည့်နေသည်။ သံချပ်ကာနဂါးနှင့်မတူ။ ထိုမြင်းနဂါးထံမှ ကြီးမားသည့်ဖိအားတစ်မျိုးကို သူခံစားနေရသည်။

ကျင့်ကြံရမည်။

သူ့စိတ်ထဲ တစ်ခြားအတွေးမရှိတော့။ ဗိုက်လည်းပြည့်နေပြီးဖြစ်သည်။ ပြင်ပအနှောက်အယှက်များအားလုံးကို အရေးမစိုက်တော့ဘဲ စားသောက်ပွဲခန်းမထဲတွင် လဲလျောင်းလိုက်သည်။ သွေးဆက်အမွေမှ ကျင့်စဉ်များကို စတင်လည်ပတ်လိုက်သည်။ စွမ်းအင်ကို စတင်သန့်စင်၍ ခြေလက်များဆီပို့လွှတ်သည်။ နတ်ဆိုးစွမ်းအားကို ပိုခိုင်ခန့်အောင်လုပ်သည်။

All Chapters