← Chapters

သေခြင်းတရားမှအပြန်

Vol. 16 Ch. 231

သေခြင်းတရားမှအပြန်

Vol. 16 Ch. 231

အချိန်တိုအတွင်း မဟာနတ်ဆိုးဖြစ်လာဖို့လိုသည်။ မဟုတ်လျှင် သူ့အဆင့်အတန်းလျှောကျသွားတော့မည်။ နဂါးသံချပ်ကာက ကိစ္စမရှိ။ ဝိညာဉ်အစစ်ပင်မဟုတ်။ စားဖို့ အိပ်ဖို့လည်းမလို။ အမြဲကျင့်ကြံလေ့လာနေသည်။ ထိုနဂါးကို သူမယှဉ်နိုင်။ သို့သော် နောက်ထပ် အဆင့်ကျသွား၍မဖြစ်။

ရုတ်တရက် စိတ်အားထက်သန်လာသည့် တောင်နက်ကို ပိုင်ယော်ကြည့်သည်။ ရှေ့မှ ရေဝိညာဉ်နန်းတော် အစားအသောက်များကို သူစိတ်မဝင်စားတော့။ စတင်ကျင့်ကြံသည်။ ဝံပုလွေနှစ်ကောင်၏အပြုအမူကို တောင်တန်းနတ်ဘုရားမ အံ့ဩနေသည်။

နတ်ဆိုးသားရဲ ဝိညာဉ်သားရဲတို့ စားဖို့သောက်ဖို့ထက် ကျင့်ကြံဖို့ ပိုအားစိုက်နေကြသည်။ ထိုနှစ်ကောင် အရင်ကနှင့်မတူတော့။

“မဆိုးဘူး”

ဖုန်ချင်အန်း ပြုံးနေသည်။ ခါးပတ်ထဲသို့ သိစိတ်ဝိညာဉ်တစ်ခု ပို့လိုက်သည်။ မိုင်အတော်များများကျယ်ပြန့်သည့် လေဟာနယ် သူ့စိတ်အာရုံတွင် ပေါ်လာသည်။ ယင်ချီတစ်ချို့ လွင့်မျောနေသည်။ ကြယ်မရှိ၊ လမရှိ။ အလင်းကင်းမဲ့သည်လည်းမဟုတ်။

ထိုနေရာအလယ်မှ တောင်တန်းတစ်ခုပေါ်တွင် အရိုးစုကြီး ငြိမ်သက်စွာ ထိုင်နေသည်။ ခန္ဓာကိုယ်မှ ရွှေရောင်အလင်း ခပ်မှိန်မှိန်ထွက်ပေါ်နေသည်။ လေဟာနယ်ကို မှောင်အတိမကျအောင် အလင်းပေးနေသည်။

အရိုးစုတစ်ဘက်တွင် အနက်ရောင်တောင်ကုန်းလေးတစ်ခုရှိသည်။ တောင်ထိပ်တွင် ပန်းဖူးသုံးခုပါသည့် အပင်ငယ်လေးရှိသည်။ အလင်းတစ်ချို့ထွက်နေသည်။ ထိုအလင်းက အေးခဲမှုကို ကာကွယ်ဖို့ဖြစ်သည်။ အလင်းထိသည်နှင့် ပူနွေးလာသည်။

အပင်ငယ်အကိုင်းအခက်များကြားတွင် မီးငှက်နျှစ်ကောင် ပျံသန်းမြူးထူးနေကြသည်။ တစ်ခါတစ်ရံ တတိယသစ်ကိုင်းတွင်နား၍ ကြီးထွားလာသည့် ပန်းဖူးကိုကြည့်သည်။ မကြာခဏဆိုသလို အနီးအနားတွင် ပုဆိန်တစ်လက်ကိုင်ထားသည့် နဂါးသံချပ်ကာသဏ္ဍာန်တစ်ခုကိုလည်း သူတို့မြင်ရသည်။

အလင်းနဂါးသံချပ်ကာဖြစ်သည်။ ဖုန်ချင်အန်းအတွက် နေရာအတည်တကျမရှိသဖြင့် နဂါးသံချပ်ကာ သိုင်းလေ့ကျင့်နိုင်ရန် ခါးပတ်ထဲသို့ ထည့်ထားရသည်။ တောင်နက်နှင့် ပိုင်ယော်တို့ မမြင်နိုင်သည့်နေရာတွင် တစ်ကိုယ်တည်းကျင့်ကြံနေသည်။

“ကျုပ်ဆက်စားလို့ရမလား”

အသွင်ပြောင်းစ စန်းမြောင်က ကျန်နေသည့် ငါးနဂါးအသားကိုကြည့်၍ ပြောသည်။

“စားနိုင်သေးလို့လား”

ဖုန်ချင်အန်း ပြန်မေးသည်။

“စားနိုင်ပါတယ်”

အစောပိုင်းကစားခဲ့သည့် သွေးနှင့်အသားအားလုံး အသွင်ပြောင်းချိန်တွင် လောင်စာအဖြစ်သုံးခဲ့ရသည်။ ချီလင်သွေးဆက်အမွေနိုးထခြင်းသာဖြစ်သည်။ သစ်သားချီလင်အစစ်ဖြစ်မလာသေး။ သို့သော် ငါးနဂါးအသားကို ဆက်စားနိုင်ပါသည်။

“မင်းစားချင်သလောက်သာစားပါ”

ဖုန်ချင်အန်း စိတ်မရှိပါ။ နဂါးမျိုးနွယ်၏ တန်ဖိုးအစစ်သည် အသွေးအသားတွင်မရှိ။ နဂါးပုလဲထဲတွင်သာ ရှိသည်။ ထို့နောက် နဂါးကြေးခွံ၊ နဂါးဦးချို၊ နဂါးမျက်လုံး၊ နဂါးအရေပြားတို့အားလုံး သန့်စင်နိုင်သည့် ပစ္စည်းကောင်းများသည်။ ထိုအရာများကိုသာ သူလိုအပ်သည်။

စန်းမြောင် ရှေ့တိုးသွားသည်။ အသစ်ရလာသည့် သစ်သားဝိညာဉ်ချီကို ငါးနဂါးခန္ဓာကိုယ်ထဲသို့ သွင်းလိုက်သည်။

ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ငါးနဂါးဝိညာဉ်ဓာတ်ကို ချက်ချင်းပြန်ဆွဲယူလိုက်သည်။ မှုန်မှိုင်းနေသည့်မျက်လုံးများ ပြန်ကြည်လင်လာသည်။ သို့သော် အပျော်ရိပ်မရှိ။ အတိုင်းဆမဲ့ အကြောက်တရားနှင့် နာကျင်မှုတို့သာရှိသည်။

စန်းမြောင် ရေဝိညာဉ်ချီကို ဓားအဖြစ်အသွင်ပြောင်း၍ ငါးနဂါးခန္ဓာကိုယ်ကို စိတ်အေးလက်အေး လှီးဖြတ်စားသောက်နေသည်။

ငါးနဂါးအသေကို အသက်ပြန်သွင်းသည့် ထိုမြင်ကွင်းကိုကြည့်၍ ဖုန်ချင်အန်း ကျောရိုးထဲစိမ့်သွားသည်။ သစ်သားချီလင်သွေးဆက်သည် အတော်ရက်စက်သည်။

“မအံ့ဩပါနဲ့။ မြောင်မြောင်က သူ့အဖေကို မမြင်ခဲ့ရပေမယ့် သူ့အမေက သူ့မျက်စိရှေ့မှာ သေသွားတာပါ”

ဖုန်ချင်အန်း နားထဲသို့ ကြည်လင်သည့် နွီလော်၏စကားသံ ဝင်လာသည်။

နွီလော်လည်း နည်းနည်းတွေးမရဖြစ်နေသည်။ သူ့မျက်စိရှေ့တွင် ကြီးပြင်းလာသူက သွေးဆက်အမွေစွမ်းအင်ကို ထိုမျှရက်စက်သည့်နည်းလမ်းဖြင့် အသုံးပြုနေသည်။

“သူ့အမေက သေပြီလား။ ဟုန်ရှီကြောင့်လား”

ထိုအဖြစ်မျိုးရှိခဲ့လျှင် စန်းမြောင်ပြုမူပုံက အံ့ဩစရာမရှိပါ။။ လက်စားချေရန် နှစ်ပေါင်းရာချီစောင့်ခဲ့သည်မှာလည်း သိပ်မဆန်းတော့။

“မဟုတ်ပါဘူး။ ငါ့ကို အဲလောက်အသုံးမကျတဲ့လူလို့ ထင်နေလား။ ငါ့တောင်တန်းထဲမှာ ရေနဂါးက သူ့ကို အနိုင်ကျင့်နိုင်မှာတဲ့လား”

နွီလော် ဖုန်ချင်အန်းကို လှည့်ကြည့်သည်။ တောင်တန်းပေါ်မှ သက်ရှိများကိုပင် ကာကွယ်မပေးနိုင်လျှင် တောင်တန်းနတ်ဘုရားဟူသည် အလကားဖြစ်သွားမည်။

“ဒါဆိုဘာလို့လဲ”

“အချစ်အတွက်သေသွားတာ”

“စန်းမြောင် ကိုယ့်ဘာသာရှင်သန်နိုင်အောင် ပြုစုပျိုးထောင်ပြီးတော့ သူ့အဖေနောက်ကို လိုက်သွားဖို့ ရွေးချယ်ခဲ့တာ”

ဖုန်ချင်အန်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဟုန်ရှီက ရန်မူတိုက်ခိုက်လာခြင်းမဟုတ်သော်လည်း စန်းမြောင်အတွက် ဘာမှမထူး။

မိဘနှစ်ပါးလုံး ဆုံးရှုံးပြီးမှ သွေးဆက်အမွေကို ရခဲ့သည်။ သူ့ကို ပြက်ရယ်ပြုနေသလိုပင်ဖြစ်သည်။ ထို့ကြောင့် ငါးနဂါးအသားကို ရက်စက်စွာလှီးဖြတ်စားနေသည်မှာ မဆန်းတော့။ ဒေါသဖြေနည်းတစ်မျိုးသာ ဖြစ်သည်။

“သူ့ဘာသာစားပါစေ၊ ဒါပြီးရင် သူအဆင်ပြေသွားမှာပါ”

“အင်း...”

ဖုန်ချင်အန်း ဟုန်ရှီကို လှမ်းကြည့်သည်။ နောက်ဆုံးငြိမ်းချမ်းမှုကို တောင်းဆိုနေသယောင်ရှိသည်။ သို့သော် သူလျစ်လျူရှုထားလိုက်သည်။ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်သည်။ အားလုံးက အတုံ့အလှည့်သဘောဖြစ်သည်။ တစ်ခြားဘယ်သူ့ကိုမှ အပြစ်တင်၍မရ။

All Chapters