← Chapters

စိန်းခေါ်သူ

Vol. 16 Ch. 234

စိန်းခေါ်သူ

Vol. 16 Ch. 234

“ရှေ့ကသခင်‌လေး၊ ခဏနေပါဦး”

အန့်ချင်းမြို့တော်နံရံများကို ဖုန်ချင်အန်း မြင်နေရပြီဖြစ်သည်။ ထိုစဉ် နောက်ဘက်မှ အော်ဟစ်သံတစ်ခု ကြားရသည်။ တိုက်ပွဲစွမ်းအင်ရောင်တစ်ခု လွင့်ပြန်လာသည်။ တစ်ချက်လှည့်ကြည့်ပြီးနောက် မကြားချင်ယောင်ဆောင်နေလိုက်သည်။

သိုင်းပညာသည် အကြမ်းစားပညာဟုသာ သူယူဆသည်။ သူနဲ့လည်း ဘာမှမဆိုင်။

နောက်ဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ ကြမ်းတမ်းအားပြင်းသည့် တိုက်ပွဲအငွေ့အသက်ဖြစ်သည်။ မြက်ခမောက်ဆောင်းထားသည့်လူက ဖုန်ချင်အန်း၏ မြင်းရှေ့မှ ပိတ်ဆို့ထားသည်။

“ခင်ဗျားဘာလိုချင်လို့လဲ”

ဖုန်ချင်အန်း မျက်မှောင်ကျုံ့သွားသည်။ တောင်နက်ကလည်း ထိုလူကို ပျင်းရိပျင်းတွဲ တစ်ချက်ကြည့်သည်။ ပိုင်ယော်က တွေ့သမျှမြင်သမျှအားလုံးကို စူးစမ်းသည့်မျက်လုံးဖြင့် ကြည့်တတ်သူဖြစ်သည်။ စန်းမြောင်ကတော့ ထိုလူကို ကြည့်ပင်မကြည့်။ အစောပိုင်းက ဖုန်ချင်အန်း ညွှန်ကြားချက်များကြောင့်သာမဟုတ်လျှင် ထိုလူကို ခွာဖြင့်ပေါက်သတ်ပြီးဖြစ်လိမ့်မည်။

“ကျုပ်နာမည် ကျန်းပိုင်ပါ။ လှိုင်းဖြတ်ဓားလို့ သိကြပါတယ်။ သိပ်မကြာခင်က မြေဓာတ်ချီစွမ်းအင်ကို စုပ်ယူလေ့ကျင်ခဲ့တာ သန္ဓေတည်အဆင့်ကို ရောက်လာပါတယ်။ အန့်ချန်းအိမ်တော်မှာ သိုင်းပြိုင်ဖက်တစ်ယောက်ရှာဖို့ လာခဲ့တာပဲ။ ခုနက ကံကောင်းထောက်မလို့ ခင်ဗျားလှုပ်ရှားပုံကို မြင်လိုက်ရတယ်။ ကျုပ်ခင်ဗျားဆီက သင်ယူချင်ပါတယ်။ လမ်းညွှန်ပေးပါဦး”

ကျန်းပိုင် ဖုန်ချင်အန်းကို အားမာန်အပြည့်ဖြင့် စိန်ခေါ်သည်။ သူ့ကိုယ်ထဲမှ သွေးများ ဆူပွက်လာသလို ခံစားရသည်။ အကြောင်းမှာ ဖုန်ချင်အန်းရှေ့တွင် ရပ်နေရုံမျှဖြင့် သူ့တစ်ကိုယ်လုံး တုန်ရင်လာသလို ခံစားနေရသောကြောင့်ဖြစ်သည်။ သူ့တိုက်ပွဲအတွေ့အကြုံဗီဇစိတ်က သူ့ကိုလမ်းဖယ်ပေးလိုက်ဖို့ တိုက်တွန်းနေသည်။ မဟုတ်လျှင် အသက်အန္တရာယ်ရှိနိုင်သည်။

သို့သော် သန္ဓေတည်အဆင့်သို့ ရောက်ပြီးကတည်းက ပြိုင်ဘက်ကောင်းမျိုး တစ်ယောက်မှ ရှာမတွေ့ခဲ့။ သူနှင့်တိုက်ခိုက်ခဲ့သူများက သူ့လက်ဝါးတစ်ချက်ကိုပင် ခံနိုင်ရည်မရှိ။ ပြိုင်ဘက်ရှာမတွေ့သည့် ခံစားချက်က သည်းမခံနိုင်လောက်အောင် ဖြစ်ရသည်။

ယခု သူ့ရှေ့မှ လူငယ်သခင်လေး၊ စီးလာသည့်မြင်း၊ လိုက်လာသည့် ဝံပုလွေနှစ်ကောင်။ အားလုံးက သူ့အတွက် အလွန်အန္တရာယ်ကြီးသည်ဟူသည် ခံစားချက်မျိုးရနေသည်။ ထိုခံစားချက်ကို သူသဘောကျသည်။

“ခင်ဗျားက မြေဓာတ်ချီစွမ်းအင်ကို တကယ်စုပ်ယူနိုင်ခဲ့တယ်ပေါ့။ မဆိုးပါဘူး၊ လေးစားစရာပါပဲ။ ဒါပေမယ့် တိုက်ခိုက်ဖို့ လက်ယားနေတာဆိုရင်တော့ ခင်ဗျားလူမှားနေပြီ။ ကျုပ်ဘယ်သူလဲ ခင်ဗျားသိလား”

မြေဓာတ်စုပ်ယူနိုင်သည့် သန္ဓေတည်အဆင့်ရောက်အောင် သိုင်းသမားတစ်ယောက် မည်မျှကြိုးစားခဲ့ရမည်ကို ဖုန်ချင်အန်း နားလည်သည်။ သေချာသတိမထားလျှင် ပင်ပင်ပန်းပန်းလေ့ကျင့်ထားသမျှ ပျက်စီးသွားတတ်သည်။ အောင်မြင်လျှင်ပင် ပြင်းထန်သည့်ဝေဒနာမျိုး ခံစားရနိုင်သည်။

“ခင်ဗျားက ဘယ်လိုလူမျိုးလဲ သခင်လေး။ အရာရှိလား။ ဒါဆို ကျုပ်လည်း ပွင့်ပွင့်လင်းလင်းပြောပါ့မယ်။ ကျုပ်အန့်ချင်းမြို့တော်ကိုလာတာကလည်း အုပ်ချုပ်ရေးအဖွဲ့ကိုဝင်ပြီး ရုံးတော်မှာ တာဝန်ထမ်းဆောင်ဖို့ပါပဲ။ အဲလိုဆိုတော့ ခင်ဗျားနဲ့ကျုပ်ဟာ အစိုးရအရာရှိမိတ်ဆွေတွေ ဖြစ်လာမှာပါ။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ ကျုပ်ကိုလမ်းညွှန်ပေးဖို့ တုံ့ဆိုင်းမနေပါနဲ့”

ကျန်းပိုင် ရိုးရှင်းစွာ ဝန်ခံသည်။ အဆင့်ပိုမြင့်သည့် စစ်သည်များရှိလျှင် ရုံးတော်ခွန်အား မည်မျှကြောက်စရာကောင်းလာမည်ကို တွေးကြည့်ရုံဖြင့်သိနိုင်သည်။

တတိယအဆင့် သိုင်းစစ်သည်တို့၏စကားအရ သိုင်းပညာသည် အတားအဆီးကန့်သတ်ချက်မရှိ၊ ကိုယ့်ဘာသာရပ်တည်သည်။ အစိုးရအဖွဲ့က ထိန်းချုပ်မထား။ သို့သော် အလွန်ဆုံး သန္ဓေတည်အဆင့်ထိသာ ဖြစ်သည်။ သန္ဓေတည်အဆင့်ထက်မြင့်သည် အဆင့်များသို့ တက်လှမ်းနိုင်ရန် လိုအပ်သည့် မြေဓာတ်ချီ၊ ကောင်းကင်ချီများအားလုံး အစိုးရအဖွဲ့၏လက်ထဲတွင် ရှိနေသည်။

သူကံကောင်းထောက်မ၍ မြေဓာတ်ချီ(ရှားချီ)တစ်ချို့ တွေ့ခဲ့သော်လည်း ရှေ့ဆက်ရမည့် သူ့ခရီးလမ်းက မသေချာပေ။ မည်သို့ဆက်သွားရမည်မသိ။

အစိုးရက ကန့်သတ်ချုပ်ချယ်မထားသည့်အဆင့်က သန္ဓေတည်အဆင့်ထိသာဖြစ်သည်။ ကန်းရှအဆင့် သိုင်းသမားများကို လွတ်လပ်စွာ လျှောက်သွားခွင့်မပေး။ ထိုအဆင့်ရောက်သည့်စစ်သည်များ ရွေးချယ်စရာတစ်ခုသာရှိသည်။

ရုံးတော်၏နောက်လိုက်ခွေး လုပ်ကြရသည်။

ထိုအဆင့်ရောက်လျှင် ရုံးတော်တွင်တာဝန်ထမ်းဆောင်ရသည်။ စည်းမျဉ်းစည်းကမ်းနှင့် အမိန့်များကို လိုက်နာရသည်။ လွတ်လပ်ခွင့် သို့မဟုတ် ကိုယ့်စိတ်ကြိုက်လှုပ်ရှားခွင့်မပေး။

အပြင်လောကတွင် အခွင့်အလမ်းကောင်းများ ကိုယ့်ဘာသာရှာတွေ့၍ ထိုအဆင့်သို့ရောက်လာသူများအနေဖြင့် ရုံးတော်ကိုမဝင်ဘဲနေနိုင်ပါသည်။ သံမဏိဂုဏ်သိက္ခာဟု ခေါ်ကြသည့် သူတို့စကားအရ နောက်လိုက်ခွေးမလုပ်လိုလျှင် ညစာစားပွဲပေါ် ခွေးသားအဖြစ် ရောက်သွားလိမ့်မည်။ လုံးဝညှိနှိုင်းခွင့်မရ။

“ကျုပ်က ဒီနှစ်တော်ဝင်စာမေးပွဲရဲ့ ရွေးချယ်ခံပညာရှင်ပါ။ ကျုပ်အခု စာမေးပွဲဖြေဖို့ ဖုန်ထန်ကို သွားနေတာ”

ဖုန်ချင်အန်း တည်ကြည်သည့်လေသံဖြင့်ပြောသည်။

“ရွေးချယ်ခံပညာရှင်လား”

ဖုန်ချင်အန်းစကားကြောင့် ကျန်းပိုင်မျက်လုံးပြူးသွားသည်။ စကားသံလည်း မြင့်တက်သွားသည်။ ဖုန်ချင်အန်းကို တအံ့တဩကြည့်နေသည်။ ထိုလူငယ်မျိုးက သောက်ရေးမပါသည့် တော်ဝင်စာမေးပွဲကို ဝင်ဖြေနေသည်။ အတော်ရယ်စရာကောင်းသည်။

လက်ရှိသူ့အဆင့်ဖြင့် အစိုးရအဖွဲ့သို့ဝင်လျှင် အနည်းဆုံး အဆင့်ခြောက်အရာရှိဖြစ်မည်။ ထိုရာထူးသည် ထိပ်တန်းဟုမဆိုသာသော်လည်း လုံလောက်သည်။ သိုင်းပညာကျင့်ကြံမှုဆိုင်ရာ စာပေများ တစ်ခြားရင်းမြစ်များကို ထိတွေ့ခွင့်ရဖို့သာ အဓိကဖြစ်သည်။

“သိပ်ဟုတ်တာပေါ့”

ဖုန်ချင်အန်းက တည်ကြည်တင်းမာသည့် မျက်နှာဖြင့် ကျန်းပိုင်ကို ငုံ့ကြည့်နေသည်။

“ရွေးချယ်ခံပညာရှင်ကို စာဖြေဖို့သွားတဲ့လမ်းပေါ်မှာ တိုက်ခိုက်ဖို့တော့ ခင်ဗျားမစဉ်းစားဘူးမဟုတ်လား”

ကျန်းပိုင် မျက်နှာပျက်သွားသည်။ ထိုပြစ်မှုမျိုးကို သူမလုပ်ရဲ။

......................................

“ခင်ဗျားက တကယ်ရွေးချယ်ခံစာပေပညာရှင်လား”

ကျန်းပိုင် အဆက်မပြတ်ရေရွတ်ရင်း ဖုန်ချင်အန်းနောက်မှ လိုက်လာသည်။ အန့်ချင်းမြို့တော် ဂိတ်တံခါးသို့ ရောက်လာချိန်တွင် ဖုန်ချင်အန်းကို အစောင့်စစ်သည်များ ချက်ချင်းသတိထားမိသွားသည်။

“ရပ်စမ်း၊ မင်းဘာလာလုပ်တာလဲ”

ဂျူနီယာအစောင့်က ဖုန်ချင်အန်းကို တားဆီးသည်။ သူ့သံသယမျက်လုံးများက နောက်မှတတွတ်တွတ်ရေရွတ်ရင်းလိုက်လာသည့် ကျန်းပိုင်အပေါ် အကြည့်ရောက်သွားသည်။ ကိုယ်တိုင်လည်း သိုင်းသမားဖြစ်၍ ထိုလူပုံမှန်မဟုတ်မှန်း သူသိသည်။

“ကျုပ်က တော်ဝင်စာမေးပွဲဖြေဖို့ ခရီးထွက်လာတဲ့ လူငယ်စာပေပညာရှင်ပါ။ ဒါက ကျုပ်ရဲ့ခရီးသွားလက်မှတ်ပါ။ ခုနကမှတွေ့ခဲ့တဲ့ ဒီလူက ကျုပ်ကိုအဆက်မပြတ် စိတ်အနှောက်အယှက်ပေးနေတယ်။ ကြောင်တောင်တောင်နဲ့ သိုင်းပညာပြိုင်ချင်တယ်ဆိုပြီး ကျုပ်ကိုတတွတ်တွတ်ပြောနေတယ်။ စိတ်မှမှန်ရဲ့လားတောင် မသိတော့ဘူး။ ခင်ဗျားတို့ သူ့ကိုတားပြီး သေချာစစ်မေးကြည့်စေချင်တယ်”

ပြောနေရင်း အိတ်ကပ်ထဲမှ ခရီးသွားလက်မှတ်ကို ထုတ်ပြလိုက်သည်။ လူတိုင်း စိတ်ထင်သလို ခရီးသွားနိုင်သည်မဟုတ်။ တိုင်းပြည်က အစီအစဉ်တကျ တင်းကြပ်စွာထိန်းချုပ်ထားသည်။

“စိတ်မမှန်တာက မင်းပါ။ နန်းတွင်းစာမေးပွဲဝင်ဖြေဖို့ မင်းမှာပါရမီရှိတယ်လို့ ထင်နေတာလေ”

ဖုန်ချင်အန်း အဘယ်ကြောင့်‌တော်ဝင်စာမေးပွဲ ဖြေချင်နေသည်ကို ကျန်းပိုင်စဉ်းစားမရ။ သူ့ကို စိတ်မမှန်ဟု ပြောသဖြင့် ဖုန်ချင်အန်းကို ပို၍ဒေါသထွက်သွားသည်။ တကယ်ဦးနှောက်ပျက်နေသူက ဖုန်ချင်အန်းဟုသာ သူယူဆသည်။

ခုနကလို ကြောက်စရာကောင်းသည့်စွမ်းရည်မျိုး ပိုင်ဆိုင်ထားလျှင် အဘယ်ကြောင့် နန်းတွင်းစာမေးပွဲကို အရေးစိုက်နေတော့မည်နည်း။ အရာရှိအိမ်တော်တွင် အစွမ်းနည်းနည်းပြလိုက်ရုံဖြင့် အရာရှိရာထူးပါဟု တောင်းပန်ကြလိမ့်မည်။

All Chapters