အဆင့်အတန်း
Vol. 16 Ch. 235
“မိုက်ရိုင်းလှချည်လားကွ။ မင်းက အရိုင်းအစိုင်းတစ်ကောင်ထက်မပိုပါဘူး။ နန်းတွင်းစာမေးပွဲကို မလေးမစားပြောရဲတယ်ပေါ့”
ဖုန်ချင်အန်း ဘာမှမပြောရသေးမီ အနီးတွင်ရှိနေသည့် ကွန်ဖြူးရှပ်ဝတ်ရုံနှင့် စာပေပညာရှင်တစ်ယောက်က အော်ငေါက်သည်။ နောက်ဘက်မှ ဓားရိုးကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ ဓားထုတ်တော့မည့်ဟန်မျိုးဖြစ်သည်။
“ပေါက်ပန်းဈေးပညာရှင်တွေပါ”
ကျန်းပိုင် သူ့ကိုတစ်ချက်သာကြည့်ပြီး မျက်နှာလွှဲလိုက်သည်။ ထိုစာပေပညာရှင်၏ ခန္ဓာကိုယ်တွင် သိုင်းလေ့ကျင့်ထားသည့် လက္ခဏာတစ်ချို့ရှိသော်လည်း ကျန်းပိုင်အတွက် စာမဖွဲ့လောက်။
“ကျန်းယန်ပြည်နယ်က ရွေးချယ်ခံစာဖြေသူက ဒီလောက်အဝေးကြီးထိ ခရီးထွက်လာတယ်ပေါ့။ ပြီးတော့ ဒီခွေးနှစ်ကောင်ကရော ခင်ဗျားခွေးတွေလား”
ဂျူနီယာအစောင့်က တောင်နက်နှင့်ပိုင်ယောက်ကို တစ်ချက်ကြည့်၍ မေးသည်။ အဆင့်အတန်းမြင့်သည့် သူဌေးသားမျိုးသာ ထိုခွေးမျိုးကို ခေါ်လာပေမည်။ နောက်ဘက်မှ ရုပ်ကြမ်းကြမ်းလူသည် ခွေးပိုင်ရှင်မဖြစ်နိုင်။
“ဟုတ်တယ်။ စာဖြေသွားတဲ့ ခရီးလမ်းမှာ ကျုပ်ကိုကာကွယ်စောင့်ရှောက်ဖို့ ခေါ်လာတာပါ”
“ကောင်းပြီ၊ ခင်ဗျား မြို့ထဲဝင်လို့ရပြီ။ မြို့ထဲလမ်းပေါ်မှာ မြင်းမစီးနဲ့။ ဆင်းပြီး ခြေကျင်သွားပါ”
ဖုန်ချင်အန်း၏ နုနယ်သည့်မျက်နှာကို အကဲခတ်ပြီးနောက် ဂျူနီယာအစောင့်က ခရီးသွားလက်မှတ်ကို ဖုန်ချင်အန်းဆီ ပြန်ပေးသည်။ ဖုန်ချင်အန်း တစ်ခုခုမူမမှန်ကြောင်း သူရိပ်စားမိသည်။ သို့သော် ခရီးသွားလက်မှတ်က အစစ်ဖြစ်သည်။ ထို့အပြင် တစ်ကိုယ်တည်း စားမေးပွဲဖြေဖို့ ခရီးထွက်လာရဲသူသည် အရည်အချင်းတစ်ချို့ရှိရမည်မှာ မဆန်းလှ။
“ကျေးဇူးတင်ပါတယ်”
ဖုန်ချင်အန်း မြင်းပေါ်မှဆင်း၍ မြို့ထဲသို့ဝင်သည်။ ထိုစဉ် အရေးမစိုက်ခံရသည့် ကျန်းပိုင်ကလည်း နောက်မှလိုက်ဝင်ရန် ကြိုးစားသည်။ သို့သော် မရ။
“ခင်ဗျားရဲ့ ခရီးသွားလက်မှတ်က ဘယ်မှာလဲ”
ဂျူနီယာအစောင့်က မျက်လုံးမှေးစင်းလျက် ကျန်းပိုင်ကို တားဆီးသည်။
“ပျောက်သွားတာကြာပြီကွ”
ကျန်းပိုင် ရှေ့သို့လှမ်းကြည့်သည်။ ဖုန်ချင်အန်းက လူအုပ်ကြားတွင် ပျောက်ကွယ်သွားပြီဖြစ်သည်။ သူစိတ်ပူသွားသည်။ လေသံလည်းမာလာသည်။
“ခရီးသွားလက်မှတ်မရှိရင် လာလမ်းအတိုင်းပြန်တော့။ မြို့ထဲကို ဝင်ခွင့်မပြုဘူး”
ပုံမှန်အတိုင်းဆိုလျှင် မြို့တော်ထဲဝင်ဖို့ ခရီးသွားလက်မှတ်မလိုပါ။ ဒေသခံရွာသားများ မကြာခဏ ဈေးရောင်းဖို့ မြို့တော်ကိုလာကြသည်။ သူတို့လာတိုင်း လက်မှတ်စစ်နေရလျှင် အစောင့်များ အားလပ်တော့မည်မဟုတ်။ ဂျူနီယာအစောင့်က ကျန်းပိုင်ကို သင်္ကာမကင်းဖြစ်နေ၍သာ တားဆီးခြင်းဖြစ်သည်။
“ငါဒီကို ဘာလို့လာလဲ မင်းသိလား”
ကျန်းပိုင် စိတ်မရှည်တော့။ သာမန်အစောင့်လေးတစ်ယောက်က သူ့ကိုတားနေသည်။ အစောင့်၏အင်္ကျီကော်လာကို လှမ်းဆွဲလိုက်သည်။
“မင်းဘာလုပ်နေတာလဲ။ ငါက စစ်တပ်က အရာရှိကွ”
ဂျူနီယာအစောင့် ကြောက်လည်းကြောက် ဒေါသလည်းထွက်သွားသည်။ ထိုလူ ထိုမျှအရိုင်းဆန်မည်ထင်မထား။ သူကိုယ်တိုင်လည်း ခုခံနိုင်စွမ်းမရှိ။
“မင်းက ဘာမဟုတ်တဲ့ အရာရှိပေါက်စလေးပါ။ နားထောင်၊ ငါဒီကိုလာတာ အရာရှိရာထူးအတွက်ပဲ။ မနက်ဖြန်ကစလို့ ငါကမင်းရဲ့ အထက်အရာရှိဖြစ်တော့မှာ။ ငါ့ကိုမြင်တိုင်း မင်းခေါင်းကိုငုံ့ပြီး “ဆရာ”လို့ခေါ်ရမှာကွ”
ကျန်းပိုင် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ တာ့ကျင်းနိုင်ငံအစိုးရနှင့် သူပြဿနာမဖြစ်ချင်။ ခုခံရင်ဆိုင်နိုင်သည့် စွမ်းအားမျိုးမရှိမှန်း သူသိသည်။ ပူးပေါင်းဖို့သာ ရွေးချယ်ရမည်။ သို့သော် သာမန်အစောင့်တစ်ယောက်က မလေးမစားလုပ်သည်ကိုတော့ သည်းခံနေမည်မဟုတ်။
“မင်းက အရာရှိကို စော်ကားရဲတယ်ပေါ့”
“လွှတ်လိုက်စမ်းဟေ့ကောင်”
မြို့တော်ဂိတ်မှ စစ်သည်များ ကျန်းပိုင်ကို လှံများဖြင့် ချိန်ရွယ်လိုက်ကြသည်။ ဂိတ်တံခါးတွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
“မင်းတို့အားလုံး ပါးစပ်ပိတ်ထားစမ်း”
အော်သံများဆူညံနေသဖြင့် ကျန်းပိုင်ဒေါသထွက်လာသည်။ မျက်လုံးများ အရောင်တစ်လက်လက်တောက်လာသည်။ ပြင်းထန်သည့်ဖိအားတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်လာသည်။ စစ်သည်များ ထိတ်လန့်တုန်လှုပ်သွားသည်။ လက်နက်များ ပြုတ်ကျသွားသည်။ ကျယ်လောင်စွာအော်ဟစ်နေသည့် ဘေးကြည့်ပရိတ်သတ်များလည်း အသံတိတ်သွားသည်။
“ခင်ဗျားက သန္ဓေတည်အဆင့်ကို ရောက်နေတဲ့လူလား”
ဂျူနီယာအစောင့် အဖြစ်အပျက်ကို နားလည်သွားသည်။ အဆင့်နိမ့်ဂိတ်စောင့်တစ်ယောက်ဖြစ်သော်လည်း ပြည်နယ်မြို့တော်ဂိတ်တံခါးကို စောင့်ကြပ်ရသူဖြစ်သည်။ ဗဟုသုတနည်းနည်းရှိသည်။
“မင်းမှာ ဦးနှောက်တော့ နည်းနည်းရှိသားပဲ။ ငါဒီနေ့လာတာ အရာရှိရာထူးလျှောက်ဖို့ပါ။ ဘာလဲ၊ လက်မှတ်မရှိရင် မြို့တော်ထဲ ဝင်လို့မရဘူးလား”
ဂျူနီယာအစောင့် အမူအရာပြောင်းသွားသဖြင့် ကျန်းပိုင် စိတ်လျှော့၍ လွှတ်ပေးလိုက်သည်။ စည်းမျဉ်းအတိုင်းမသွားလျှင် မြို့တော်ဂိတ်တံခါးကိုပင် ဖြတ်ခွင့်ရမည်မဟုတ်။ အရာရှိရာထူးရဖို့ ပို၍ပင်ဝေးသေးသည်။ ထိုသို့ဖြစ်လာလျှင် အတော်ရယ်စရာကောင်းနေပေတော့မည်။
“ဝင်လို့ရပါတယ် ဆရာ။ ကျုပ်ဆင်ခြင်ဉာဏ်နည်းခဲ့တာကို ခွင့်လွှတ်ပေးပါ”
ဂျူနီယာအစောင့်က ပါးပါးနပ်နပ်ဖြင့် “ဆရာ”ဟု ကြိုတင်သုံးနှုန်းလိုက်သည်။ ကျန်းပိုင်အဆင့်ကို သူနားလည်သွားသည်။ အရာရှိတန်းသို့ဝင်လျှင် စစ်ဦးစီးအရာရှိတော့ သေချာပေါက်ဖြစ်လာမည်။ သက်ဆိုင်ရာတပ်ဖွဲ့တစ်ခုကိုသာ ဦးစီးခွင့်ရမည်။ သို့သော် ထိုအဆင့်သည် ဂျူနီယာအစောင့်ကို ထိန်းချုပ်ဖို့တော့ လုံလောက်သည်။