သေသည်အထိ ဆက်ခုတ်ပါ
Vol. 16 Ch. 237
“ဆရာ၊ ရောက်ပါပြီ။ ဒီနေရာပါပဲ”
“သေချာရဲ့လား”
ဝတ်ရုံနက်ဝတ်၍ မုတ်ဆိတ်ရိတ်ထားပြီးသည့် ကျန်းပိုင်က သူ့ရှေ့မှအိမ်ကို တစ်ချက်ကြည့်သည်။ ထို့နောက် နောက်တွင်ရပ်နေသည့် အထောက်တော်ကို ပြန်လှည့်ကြည့်သည်။
“ကျုပ်အသက်နဲ့ရင်းပြီးအာမခံပါတယ် ဆရာ။ ဆရာရှာနေတဲ့ သခင်လေးက ဒီမှာနေတာပါ”
အထောက်တော် ခေါင်းငြိမ့်ပြ၍ ဦးညွှတ်အရိုအသေပြုသည်။ သူသည် ဤနေရာတစ်ဝိုက်တွင် လွှမ်းမိုးနိုင်သူဖြစ်သည်။ ဖုန်ချင်အန်းလို ထူးခြားသည့်လူတစ်ယောက်ကိုရှာဖို့ သိပ်အခက်အခဲမရှိ။ မှားစရာလည်းမရှိ။
“ဒီသခင်လေးက...”
အထောက်တော် ထပ်ရှင်းပြရန် ကြိုးစားသည်။ ကျန်းပိုင်လက်ထောင်ပြ၍ တားလိုက်သည်။ အထောက်တာ် အသံတိတ်သွားသည်။ အရာရှိသစ်ဖြစ်လာသည့် ကျန်းပိုင် ခဏအသံတိတ်၍ နားထောင်နေသည်။
ရေကန်လှိုင်းခတ်သံများနှင့်အတူ လက်နက်လွှဲယမ်းလှုပ်ရှားနေသံကိုလည်း သူကြားနေရသည်။
“တစ်ယောက်ယောက် လှံသိုင်းကျင့်နေတာလား”
မျက်နှာတွင် တွန့်ပြုံးရိပ်တစ်ခု ပေါ်လာသည်။ အိမ်တော်ထဲမှထွက်လာသည့် အသံကို သူသေချာခွဲခြားနိုင်သည်။ အထောက်တော် တစ်ချက်တုန်လှုပ်သွားသည်။ ကျန်းပိုင်အသွင်က တိုက်ပွဲဆာလောင်နေသည့် သားရဲတစ်ကောင်လိုဖြစ်နေသည်။ သူ့အရာရှိသစ်နှင့် ပူးပေါင်းဆောင်ရွက်ရန် သင့်မသင့် အထောက်တော် ပြန်စဉ်းစားနေသည်။
“ဒါတောင် သိုင်းပညာမလေ့ကျင့်ဘူးလို့ ပြောတယ်ပေါ့။ ငါ့ကိုဒီလို အရူးလုပ်လို့ရမယ်ထင်နေတလား”
“ဆရာ...”
“မင်းသွားလို့ရပြီ”
“ဟုတ် ဟုတ်ကဲ့။ သွားပါတော့မယ်။ ဒါပေမယ့် ဒါက ပြည်နယ်မြို့တော်ဆိုတာ ဆရာသတိရပါ။ ဘယ်သူ့ကိုမှ ဒုက္ခမပေးပါနဲ့”
တုန်တုန်ရင်ရင်ဖြင့် သတိပေးစကားပြောပြီးနောက် အထောက်တော် အမြန်ထွက်သွားသည်။ အိမ်ထဲမှဧည့်သည် သူ့ဘာသာအားကိုးရတော့မည်။
“ဟား၊ ဘာမှမသိတဲ့အရူး။ ဒုက္ခမရောက်အောင် ဆုတောင်းသင့်တာကွ ငါကွ”
ကျန်းပိုင် စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်တော့ဘဲ နံရံကို ခုန်ကျော်လိုက်သည်။ အမှောင်ထုကိုအားကိုး၍ အိမ်ထဲသို့ ခိုးဝင်သည်။ ထို့နောက် သိုင်းလေ့ကျင့်နေသည့် လေတိုးသံများ ထွက်ပေါ်လာရာဆီသို့ သူချဉ်းကပ်သွားသည်။
“တကယ်သိုင်းသမာားအစစ်ပဲ။ သိုင်းပညာကို အာရုံစိုက်လေ့ကျင့်သင့်တာ။ တော်ဝင်စာမေးပွဲကို ဝင်ဖြေလို့ ဘာအကျိုးရှိမှာလဲ။ သိုင်းစွမ်းမြင့်လာရင် အစိုးရက ငါတို့ကိုတာဝန်ထမ်းဖို့ ခေါ်မှာပဲလေ”
တစ်ရက်အတွင်း ကျန်းပိုင် ရာထူးသစ်တစ်ခုရသည်။ ပြည်နယ်အရာရှိဖြစ်လာသည်။
သူငြိမ်သက်စွာရပ်၍ ခဏနားထောင်နေသည်။ ထို့နောက် အသံလာနေသည့်နေရာဆီ လျှောက်သွားသည်။
ရေလှိုင်းသံက ဝါးရုံပင်များကိုဖြတ်၍ ထွက်ပေါ်လာသည်။ နောက်ထပ်နည်းနည်းဆက်သွားပြီးနောက် ထူးခြားသည့် မြေကွက်လပ်တစ်ခုကို ရောက်လာသည်။ ရွှေသံချပ်ကာဝတ်ထားသည့် သဏ္ဌာန်တစ်ခု သူ့မြင်ကွင်းသို့ဝင်လာသည်။ သူတွေ့လိုသည့် ဆယ်ကျော်သက်သခင်လေးတော့မဟုတ်။ လူငယ်တစ်ယောက်ခန္ဓာကိယ်မျိုးရှိသည့် သံချပ်ကာဝတ်သဏ္ဌာန်ဖြစ်သည်။ ကိုင်ထားသည့်လက်နက်က ပုဆိန်တစ်လက်ဖြစ်သည်။ ပုဆိန်လှုပ်ရှားမှုများက နဂါးတစ်ကောင်လို့ ဝေ့ဝဲပျံသန်းနေသည်။
“ချွင်”
သံချပ်ကာဝတ်သဏ္ဌာန်က ခဏရပ်၍ မြေကွက်အစပ်တွင်ပေါ်လာသည့်လူကို လှမ်းကြည့်သည်။
“ဖုန်သခင်လေး၊ ကျုပ်ကျန်းပိုင် ဒီည မဖိတ်ခေါ်ဘဲ ရောက်လာပါပြီ။ ခင်ဗျားဆီက သင်ယူချင်ပါတယ်။ ကျုပ်ကို မညှာပါနဲ့”
လက်နှစ်ဘက်ဆုပ် တစ်ချက်ဦးညွှတ်ပြီးနောက် စကားပြန်အပြောကို မစောင့်တော့ဘဲ တိုက်ကွက်တစ်ခု ထုတ်လိုက်သည်။ ချီစွမ်းအင်စစ်က လူသတ်ရိပ်အပြည့်ဖြင့် ကျားခေါင်းသဏ္ဌာန်အသွင်ပြောင်းသွားပြီး ဟိန်းဟောက်သည်။
“ဝေါင်း”
သံချပ်ကာသဏ္ဌာန်က လူတစ်ယောက်အသွင်ပြောင်းသွားသည်။ တိုက်ကွက်ကိုကြည့်၍ မျက်လုံးများ အရောင်တောက်လာသည်။ မိုးကြိုးနဂါးပုဆိန်ကို မြေပြင်ပေါ် ထိုးစိုက်ထားလိုက်သည်။ ထို့နောက် လက်သီးနှစ်ဘက်ဖြင့် မဖိတ်ခေါ်ဘဲရောက်လာသည့် စိန်ခေါ်သူကို ကြိုဆိုသည်။ တိုးဝင်လာသည့် ချီစွမ်းအင်အရိပ်ကို လက်သီးဖြင့်် ထိုးဖျက်လိုက်သည်။
"ဟားဟားဟား၊ သိပ်ကောင်းတယ် သခင်လေး”
ကျန်းပိုင် မျက်နှာပျက်မသွား။ ပို၍ပျော်ရွှင်လာသည်။
ပထမလက်သီးချက်က ထိုလူငယ်ကို သူ့ပြိုင်ဘက်ဖြစ်နိုင်မဖြစ်နိုင် အကဲစမ်းကြည့်ခြင်းဖြစ်သည်။ ယခုလိုအခြေအနေတွင် ထိုလူငယ်ကို သူဒဏ်ရာရအောင်လုပ်လိုက်လျှင် ဆင်ခြင်ဉာဏ်နည်းရာကျမည်။ သူတို့နှစ်ယောက်လုံး မြို့တော်ထဲတွင် ရောက်နေသည်။ စိတ်ထင်တိုင်းလုပ်မရသည့်နေရာဖြစ်သည်။
ယခု သူအတော်ကျေနပ်သွားသည်။ ထိုလူငယ် သူ့ပြိုင်ဘက်ဖြစ်နိုင်သည့် အရည်အချင်းရှိသည်။ ထို့အပြင် ဝတ်ထားသည့်သံချပ်ကာကလည်း ထူးခြားသည်။ ထို့ကြောင့် ပြိုင်ဘက်အနာတရဖြစ်မည်ကို စိုးရိမ်စရာမလိုဘဲ အစွမ်းကုန်တိုက်ခိုက်နိုင်သည့်သဘောဖြစ်သည်။
သံချပ်ကာလူငယ်၏တန်ပြန်တိုက်ကွက်များက တောင်ဖြိုသလို အားပါသည်။ ကျန်းပိုင် ပို၍ပင် စိတ်လှုပ်ရှားလာသည်။ သူ့မာန်သွင်းအော်ဟစ်သံများ မကြာခဏပေါ်လာသည်။ လေးငါးကြိမ် တိုက်ခိုက်ပြီးနောက် မူမမှန်သည့်အချက်ကို သတိပြုမိလာသည်။
“ဖုန်သခင်လေး၊ သခင်လေးရဲ့သိုင်းစွမ်းက ထိပ်တန်းအဆင့်ပါ။ လက်သီးသိုင်းမျိုးစုံကို ကျွမ်းကျင်နေပြီ။ ဒါပေမယ့် သခင်လေး ဘယ်သူနဲ့မှ တိုက်ခိုက်ဖူးသေးပုံမရဘူး။ အဲဒါ စစ်သည်တော်တွေအတွက် မကောင်းဘူး။ အားကောင်းတဲ့ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီးမှပဲ ကျုပ်တို့သင်ယူထားတဲ့သိုင်းပညာကို အပြည့်အဝကျွမ်းကျင်လာတာပါ”
ကျန်းပိုင် ပါရမီထူးသည့်လူငယ်စစ်သည်နှင့် တွေ့ကြုံရသဖြင့် ပို၍စိတ်လှုပ်ရှားလာသည်။ တိုက်ခိုက်နေရင်းမှ အားသာချက် အားနည်းချက်များကို ထောက်ပြသည်။ ချို့ယွင်းချက်များကို ပြောပြသည်။
“ဖုန်သခင်လေး၊ မိုးကြိုးလက်သီးသုံးတဲ့ပုံက ဒီလိုမဟုတ်ဘူး။ လက်သီးထိုးပုံတွေက တောင့်တင်းလွန်တယ်။ ကျုပ်ကိုကြည့်ပါ”
နောက်တစ်ချီ တိုက်ခိုက်ပြီးနောက် ကျန်းပိုင် ညွှန်ကြားချက်ပေးပြန်သည်။ သူငယ်စဉ်က သင်ခဲ့သည့် လက်သီးသိုင်းတစ်မျိုးကို သံချပ်ကာသဏ္ဌာန်က ထုတ်သုံးနေသောကြောင့်ဖြစ်သည်။