စိတ်ဆိုးသည့်စစ်သည်
Vol. 16 Ch. 238
ထိုလက်သီးသိုင်းသည် သာမန်လက်သီးသိုင်းများထက် အဆင့်နည်းနည်းမြင့်သည်။ ယခု သူ့လက်ရှိသိုင်းအဆင့်ဖြင့် ကိုယ်ပိုင်နားလည်တီထွင်သည့် တိုက်ကွက်များကို ဖန်တီးနိုင်သည်။
သံချပ်ကာက သူ့လှုပ်ရှားမှုအားလုံးကို အသံတိတ် အကဲခတ်နေသည်။ ပြောသည့်စကားတိုင်း နားစိုက်ထောင်သည်။ တိုက်ခိုက်နေရင်း အားလုံးကိုမှတ်သားသည်။ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲသည်။
“ဖုန်သခင်လေးရဲ့ သိုင်းပညာနားလည်နိုင်စွမ်းမျိုး ကျုပ်တစ်သက် တစ်ခါမှမမြင်ဖူးသေးဘူး”
နဂါးသံချပ်ကာ၏ လေ့သာသင်ယူနိုင်စွမ်း ချက်ချင်းအသွင်ပြောင်းလဲနိုင်စွမ်းကို ကျန်းပိုင် အံ့ဩမိသည်။ ချီးမွှမ်းမိသည်။ သုံးလေးချီ တိုက်ခိုက်ပြီးနောက် မကျေမနပ်ပြောသည်။
“သခင်လေးကို သိုင်းပညာသင်ပေးတာ ဘယ်သူလဲ။ အဆင့်နိမ့်အရှုံးသမားမျိုးပဲဖြစ်မယ်။ ကျုပ်သာ သင်ပေးရရင် သခင်လေးဟာ ဒီပါရမီမျိုးနဲ့ဆို အနည်းဆုံးဓာတ်နှောအဆင့်လောက်တော့ ရောက်မှာပဲ
နဂါးသံချပ်ကာက ပြန်မဖြေ။ လက်သီးနှစ်ဘက်ကို အဆက်မပြတ်လှုပ်ရှားရင်း အသိသစ်များ ပုံစံအပြောင်းအလဲများကို လေ့လာနိုင်သည်။ အချိန်ကြာလာသည်နှင့် ကျန်းပိုင်စကားသံ တဖြေးဖြေးရပ်သွားသည်။ ဆက်ပြောစရာ ဘာမှမကျန်တော့။
ထို့နောက်တွင် ကျန်းပိုင် ပိုအံ့ဩလာရသည်။ ထိုသခင်လေး၏ တိုက်ခိုက်မှုပုံစံသည် တောင့်တင်းတင်း အတွေ့အကြုံနည်းသကဲ့သို့ ရှိနေခဲ့ရာမှ ပေါ့ပါးသွက်လက်၍ ကျွမ်းကျင်သည့်ပုံစံသို့ ပြောင်းလဲသွားသည်။
ဆရာထက် တပည့်လက်စောင်းပိုထက်သည်ဟူသည့် စကားရှိသည်။
တပည့်များ ကိုယ့်ထက်သာသည်ကိုမြင်လျှင် ဆရာများကြည်နူးကြသည်သာဖြစ်သည်။ သို့သော် နာရီဝက်အတွင်း ကိုယ့်ထက်သာသွားလျှင်မှု စိတ်တည်ငြိမ်သူများပင် သံသယဝင်လာပေလိမ့်မည်။
“ဖုန်သခင်လေးက ကျုပ်ကိုလှောင်နေတာလား”
အကြိမ်အနယ်ရင်ဆိုင်တိုက်ခိုက်ရင်း ကျန်းပိုင် မျက်နှာတင်းလာသည်။ ပျက်ရယ်ပြုခံရသည်ဟု ယူဆသဖြင့် ဒေါသထွက်လာသည်။ စိတ်ပျက်သွားသည်။
လက်သီးသိုင်းချင်းအတူတူပင် မယှဉ်နိုင်ဖြစ်လာသည်။ ထို့အပြင့် ဖုန်သခင်လေးက သူသင်ပေးထားသည့် နည်းလမ်းများကို အခြေခံ၍ လက်သီးကွက်အပြောင်းအလဲများ ထုတ်သုံးလာသည်။ သူ့ကိုအနိုင်ယူလာသည်။
သို့သော် သူ့သံသယသက်သက်ဖြစ်မှန်း သူနားလည်သည်။ ပြိုင်ဘက်၏လက်သီးချက်တွင် သူပြောပြခဲ့သည့် သိုင်းပညာသန္ဓေမျိုးပါဝင်သည်။ လက်သီးပြောင်းလဲပုံကလည်း သူ့အမြင်အပေါ် အခြေခံထားခြင်းဖြစ်သည်။
သို့သော် ထိုအချက်ကြောင့်ပင် မယုံနိုင်အောင် ဖြစ်ရပြန်သည်။ ယုံလည်းမယုံချင်ပေ။ သူနှစ်ချီသင်ယူခဲ့ရသည့် အသိအမြင်များကို တိုက်ပွဲတစ်ပွဲတိုက်ရုံဖြင့် လေ့လာနိုင်သည့် ပါရမီရှင်မျိုး ဤလောကတွင် မရှိနိုင်။
“ဖုန်သခင်လေးက ကျုပ်ကို အရေးမစိုက်တဲ့သဘောပေါ့။ ဒါဆိုင်ရင်တော့ ကျုပ်ရိုင်းမိတာကို အပြစ်မတင်ပါနဲ့။ ကျုပ်စွမ်းအားက လက်သီးသိုင်းမဟုတ်ဘူး။ ဓားပညာပါ။ သခင်လေးရဲ့ပုဆိန်ကိုယူလိုက်ပါ”
နောက်ဆုံးကျန်နေသည့်သိက္ခာကို ထိန်းနိုင်ရန်အတွက် နောက်သို့ခြေဆယ်လှမ်းခန့်ဆုတ်သွားပြီးနောက် ကျန်းပိုင် ခါးမှဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ သူနာမည်ကျော်သည်မှာ လက်သီးသိုင်းမဟုတ်။ ခန္ဓာကိုယ်မာကျောအောင် လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။
နဂါးသံချပ်ကာ မြေတွင်စိုက်ထားသည့်ပုဆိန်ကို တစ်ချက်ကြည့်သည်။ ထို့နောက် ခေါင်းကို ဖြေးညှင်းစွာခါယမ်းသည်။ လူသားမျိုးနွယ် လေ့ကျင့်ဖော်တစ်ယောက် ရှားရှားပါးပါး ရှာတွေ့ထားခြင်းဖြစ်သည်။ အသေခုတ်သတ်လိုက်လျှင် ရက်စက်လွန်းရာကျသည်။
တစ်ဘက်က ဓားသုံးလျှင် သူလည်းဓားသုံးရုံသာရှိသည်။ ထိုလူသားက ဓားပညာကို အကျွမ်းကျင်ဆုံးဟု ပြောသည်။ လက်သီးသိုင်းသုံးစဉ်ကလို အလွန်အကျိုးရှိသည့် လမ်ညွှန်မှုများ သူရနိုင်သည်။
သို့သော်၊ ခြံဝင်းက ပြဿနာဖြစ်နေသည်။
တိုက်ခိုက်သည့်နေရာကို တစ်ချက်ဝေ့ကြည့်သည်။ ဤနေရာကို သိုင်းလေ့ကျင့်ဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပုဆိန်ကို တစ်ယောက်တည်းဝှေ့ယမ်းနေလျှင် အကြောင်းမဟုတ်။ သူထိန်းချုပ်နိုင်သည်။ တစ်ခြားလူနှင့်တိုက်ခိုက်လျှင် ထိန်းချုပ်သည်ဆိုသည့်တိုင် ရိုက်ခတ်လာသည့် စွမ်းအင်လှိုင်းများကြောင့် အုတ်ခဲများ၊ သစ်ပင်များ၊ လေသာဆောင်များ၊ ဝါးတောများ ပေတစ်ရာပတ်လည်အတွင်း အကုန်ပျက်စီးသွားမည်။ ခြံဝင်းတစ်ခုလုံး ပျက်စီးလိမ့်မည်။
သို့သော် စိတ်ပူစရာတော့မရှိပါ။ သူ့သခင်တွင် ငွေအများကြီးရှိသည်။ ရတောင့်ရခဲအခြေအနေဖြစ်၍ သူရှေ့ဆက်တိုးဖို့ ဆုံးဖြတ်လိုက်သည်။
“ဖုန်သခင်လေး ဘယ်လိုသဘောရလဲ”
ကျန်းပိုင်၏မျက်လုံးများ နီရဲနေသည်။ မီးခိုးရောင် ချီစွမ်းအင်များ သူ့တစ်ကိုယ်လုံး လွှမ်းခြုံနေသည်။ မြေအောက်မှထွက်လာသည့် နတ်ဆိုးတစ်ကောင်လိုဖြစ်နေသည်။
နဂါးသံချပ်ကာက လှုပ်ရှားမှုဖြင့် တုံ့ပြန်သည်။ လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်သည်။ လက်ထဲတွင် အေးစိမ့်သည့်အလင်းမျိုးပါသည့် ဓားတစ်လက်ပေါ်လာသည်။ ကျန်းပိုင်၏ ငန်းရိုင်းဓားမျိုးပင်ဖြစ်သည်။
ထိုဓားကို ရေနဂါးနန်းတော်ရတနာတိုက်ထဲမှ ရထားခြင်းဖြစ်သည်။ လက်နက်ဆယ့်ရှစ်မျိုးထဲမှ တစ်ခုဖြစ်သည်။ လေ့ကျင့်ရန်အတွက် အထူးသင့်တော်သည်။ တစ်နည်းဆိုရလျှင် လေ့ကျင့်ရေးဓားမျိုးဖြစ်သည်။
“ဖုန်သခင်လေးက ကျုပ်နဲ့ဓားရေးယှဉ်ချင်တယ်ပေါ့။ ကောင်းပြီလေ၊ သခင်လေးရဲ့ဓားစွမ်းရည်ကို ကြည့်ရအောင်”
ကျန်းပိုင်ပျော်သွားသည်။ လက်သီးသိုင်းတွင် ဤန္ဒြေပျက်ခဲ့သော်လည်း ယခုယုံကြည်ချက်များ ပြန်ရလာသည်။ ခါးမှဓားကို ဆွဲထုတ်သည်။ မမြင်နိုင်သည့် ထူးခြားသည့်အားလှိုင်းတစ်ခု သူ့ကိုယ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့လာသည်။ သူ့ခြေထောက်အောက်မှအုတ်ခဲကျိုးများ တဖြေးဖြေးအမှုန့်ဖြစ်သွားသည်။ လေတိုက်လာချိန်တွင် ထိုအမှုန့်များ လေထဲသို့ဝေ့ဝဲလွင့်ပျံလာသည်။
“ဒါဟာ မြစ်ဘေးမှာ ဆယ်နှစ်ကြာအောင် လှိုင်းတွေကိုခုတ်ပိုင်းပြီးမှ ရလာတဲ့ဓားစွမ်းအားဖြစ်တဲ့ လှိုင်းဖြတ်ဓားပဲ”
ကျန်းပိုင်၏ ဟန်ပန်သွင်ပြင် လုံးဝပြောင်းလဲသွားသည်။
“ကျုပ်ကို အလင်းပြပါဦး သခင်လေး”
ကျန်းပိုင်နှင်သံချပ်ကာသဏ္ဌာန်ကြားမှ မြေပြင်တွင် တစ်မီတာခန့်နက်သည့် အက်ကြောင်းတစ်ခု ချက်ချင်းပေါ်လာသည်။ မီးပွားများလွင့်ပျံလာသည်။ထွက်နေသည်။ နဂါးသံချပ်ကာ ဓားတစ်ချက်သာ ဝှေ့ယမ်းလိုက်နိုင်သည်။ မီးခိုးရောင်ဓားစွမ်းအင်ကြောင့် တောအုပ်ငယ်နှင့်ခြံဝင်းကိုဖြတ်၍ အခန်းတစ်ခုထဲ လွင့်ထွက်သွားသည်။ အခန်းနံရံကို ဖောက်ထွက်သွားချိန်တွင် အဖြူရောင်နံရံတစ်ခု ရုတ်တရက် ပေါ်လာသည် ခြံဝင်းအပြင်ဘက်သို့ မရောက်မီ အချိန်မီတားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အပျက်အစီးများကို ဖယ်ရှား၍ ဖြေးညှင်းစွာထရပ်လာပြီး သူ့ရင်ဘတ်ကို ငုံ့ကြည့်သည်။ ဓားရာတော့မရှိ။ သို့သော် သူသာလူသားဖြစ်ခဲ့လျှင် ထိုဓားချက်ဖြင့် သေနေပြီးဖြစ်မည်။
“မင်းဘာတွေတွေးနေတာလဲကွ”
ဖုန်ချင်အန်းက ဝံပုလွေနှစ်ကောင်နှင့်အတူ အမှောင်ထဲမှထွက်လာသည်။ အပျက်အစီးများကြားရောက်နေသည့် သံချပ်ကာကိုစိုက်ကြည့်သည်။
‘ရှုံးပြီ’
အသံတော့မထွက်။ ဖုန်ချင်အန်း၏ သိစိတ်အာရုံမှ ဆက်သွယ်ခြင်းဖြစ်သည်။
နဂါးသံချပ်ကာ မော့ကြည့်လာသည်။ ပယင်းရောင်မျက်လုံးများဖြင့် ဖုန်ချင်အန်းကို ကြည့်နေသည်။ ရှုံးနိမ့်သည့်ခံစားချက်အရိပ် ပေါ်လာသည်။
“အဲဒီတော့ ဘာဆက်လုပ်မှာလဲ”
ဖုန်ချင်အန်း သံချပ်ကာကိုစိုက်ကြည့်သည်။ ထိုသံချပ်ကာ ဘာလုပ်လုပ် ဖုန်ချင်အန်း ထောက်ပံ့ခဲ့သည်။ လုံးဝမတားခဲ့။
“မင်းက သူခုတ်လို့သေသွားပြီလား။ ထမရပ်နိုင်တော့လို့လား။ ဒါမှမဟုတ် မင်းသူ့နဲ့ထပ်ပြီး တိုက်ခိုက်ချင်တဲ့စိတ် ပျောက်သွားတာလား”
မေးခွန်းသုံးခု ဆက်တိုက်မေးပြီးနောက် သံချပ်ကာ အသံတိပ်ထရပ်လာသည်။ ဓားကိုတင်းတင်းဆုပ်ကိုင်သည်။ လွင့်ထွက်လာခဲ့သည့်လမ်းကြောင်းအတိုင်း တိုက်ပွဲကွင်းရှိရာဆီ ဦးတည်လျှောက်သွားသည်။
“ငါမင်းဆီက တစ်ခုပဲတောင်းဆိုမယ်”
ဖုန်ချင်အန်းစကားသံ ပေါ်လာသည်။ သံချပ်ကာ ခြေလှမ်းရပ်သွားသည်။
“မင်းသင်ထားသမျှအသုံးချပြီး အဲဒီကောင်ကို ခုတ်ပါ။ အပျက်အစီးအတွက် မင်းစိတ်ပူစရာမလိုဘူး။ သူမသေမချင်း ဆက်ခုတ်နေဖို့ပဲလိုတယ်။ ဒီခြံဝင်းဟာ မင်းရဲတိုက်ပွဲကွင်းပဲ။ ဘာမှထိန်းချုပ်နေစရာမလိုဘူး”
‘သခင့်ကိုကျုပ် စိတ်မပျက်စေရပါဘူး’
နဂါသံချပ်ကာ ရှေ့ဆက်လျှောက်သွားသည်။ ခြေလှမ်းများက ပိုခိုင်မာလာသည်။ ကျန်းပိုင်ကဲ့သို့ ထူးဆန်းသည့်စွမ်းအင်ရောင်တစ်ချို့ ထွက်လာသည်။
“စန်းမြောင်၊ မင်းထိန်းထားနိုင်တယ်မဟုတ်လား”
သံချပ်ကာထွက်သွားသည်နှင့် ဖုန်ချင်အန်း နောက်လှည့်၍ မေးလိုက်သည်။
“တိုက်ပွဲရိုက်ခတ်မှုကို အပြင်မထွက်အောင်ပဲ ထိန်းထားရုံပဲမဟုတ်လား”
“အင်း”
ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ ကျန်းပိုင်ဝင်လာစဉ်က သူရိပ်မိပါသည်။ သူ့အာရုံခံနိုင်စွမ်း ထိုမျှလောက်မညံ့။ အစက နဂါးသံချပ်ကာဖြင့် ကျန်းပိုင်ကို မောင်းထုတ်ရန် စဉ်းစားခဲ့သည်။ သို့သော် ထိုကျန်းပိုင်သည် နည်းပြလုပ်လိုသည့်စရိုက်ကို ခုံမင်ကြောင်း သိလာရသည်။
အားနှင့်ခွန်နှင့် တိုက်ခိုက်ရသည်ကို သူသဘောကျသလို တိုက်ခိုက်ရင်း နည်းပေးလမ်းပြလုပ်ရသည်ကိုလည်း သဘောကျသည်။ ထို့ကြောင့် ဖုန်ချင်အန်း စိတ်ပြောင်းသွားသည်။ ထိုမျှစိတ်ဓာတ်ပွင့်လင်းသူမျိုး တွေ့ရခဲသည်။
နဂါးသံချပ်ကာက လေ့လာနေခြင်းဖြစ်သော်လည်း “နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ဖြင့် ထိုသံချပ်ကာထဲသို့ ဖုန်ချင်အန်း အချိန်မရွေးဝင်နိုင်သည်။ သိုင်းပညာကိုလည်း ခြောက်ဆယ်ရာနှုန်းလောက် လေ့လာနိုင်သည်။ ချီစွမ်းအင်လည်ပတ်ပုံကိုလည်း အကဲခတ်နိုင်သည်။
“ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး”
စန်းမြောင် ယုံကြည်ချက်အပြည့်ဖြင့် ဖြေသည်။
ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ မြို့တော်နတ်ဘုရားကို ပြဿနာမဖြစ်စေရဟု ယနေ့သူကတိပေးခဲ့သည်။ ယနေ့ညမှာပင် သူ့ခြံဝင်း အပျက်အစီးပုံဘဝ ရောက်တော့မည်။ နည်းနည်း မလေးမစားလုပ်ရာရသွားသည်။ သို့သော် သူ့အမှားမဟုတ်။ တန်ပြန်ခုခံခြင်းသာဖြစ်သည်။