← Chapters

အရူးတစ်ပိုင်း (၂)

Vol. 16 Ch. 240

အရူးတစ်ပိုင်း (၂)

Vol. 16 Ch. 240

“ဒါဆို သူက မရူးဘူးပေါ့”

ကွန်မန်ဒါချန် သက်ပြင်းချလိုက်သည်။ စိတ်လည်းဝင်စားလာသည်။ လူတစ်ယောက်ကို ထိုမျှဦးနှောက်ပျက်သလို ဖြစ်သွားရလောက်အောင် ဘာကိုကြုံခဲ့ရသည်မသိ။ ဓာတ်နှောအဆင့် သိုင်းသမားတစ်ယောက်ကို တွေ့လျှင်ပင် ထိုမျှအလွန်အကျူးဖြစ်မလာနိုင်။

“ဟုတ်ပါတယ်”

သမားတော်လေသံက ယုံကြည်ချက်အပြည့်ပါသည်။ အရူးများစွာ သူကုသဖူးသည်။ ရုပ်ခန္ဓာအပြောင်းအလဲကြုံ၍ သိုင်းပညာရှင်အဆင့်ရောက်သွားသူများသည် သာမန်တော့မဟုတ်။ သို့သော် သဘောတရားချင်း အတူတူသာဖြစ်သည်။ ကွဲပြားမှုမရှိ

“အဲလိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ကျေးဇူးတင်ပါတယ်။ သမားတော်ကျန်း”

တရားသူကြီးက နာမည်ကျော်သမားတော်ကို ကျေးဇူးစကားဆိုသည်။

“ဒါက ကျုပ်တာဝန်ပါ”

တုံ့ပြန်သံကလည်း တည်ငြိမ်သည်။ သက်တမ်းလည်း ရင့်နေသည်။ ရုံးတော်ကိစ္စများစွာ သူဖြေရှင်းပေးခဲ့ဖူးသည်။ အတိတ်ကအလုပ်များနှင့်စာလျှင် ယခုကိစ္စက အတော်သက်သာသည်။ နတ်ဆိုးများဝင်ပူးထားသည့် သိုင်းသမားများကိုပင် သူမြင်ဖူးသည်။ ယခုကိစ္စထက် များစွာအခြေအနေဆိုးသည်။

“ပြီးတော့ ကျုပ်ကိုဒီမှာ မလိုအပ်တော့ဘူးလို့ ကျုပ်ယုံကြည်ပါတယ်။ ပြန်ပါတော့မယ်”

“ဂရုစိုက်ပါ သမားတော်ကြီး။ နောက်မှ ဉာဏ်ပူဇော်ခကို ပို့ခိုင်းလိုက်ပါမယ်”

“အဲလိုလုပ်ဖို့ မလိုပါဘူး။ ဒီလူက ရောဂါဖြစ်ခဲ့တာမှမဟုတ်တာ။ ကျုပ်အတွက် ဉာဏ်ပူဇော်က မလိုပါဘူး”

သမားတော်က ငွေကိုအရေးမစိုက်။ လက်တစ်ဘက်ဝှေ့ယမ်း၍ ခပ်အေးအေးထွက်သွားသည်။ စိုးရိမ်ပူပန်နေဟန်ရှိသည့် ပညာသင်သမားတော်တစ်ချို့လည်း သူ့နောက်မှပါသွားသည်။

သူတို့ထွက်သွားပြီးနောက် အားလုံး၏အကြည့်က အရူးလိုဖြစ်နေသည့် ကျန်းပိုင်ဆီ ရောက်လာပြန်သည်။ သမားတော်စစ်ဆေးပြီးဖြစ်၍ အစောပိုင်းကလောက် မစိုးရိမ်ကြတော့။

“ကျန်းပိုင်၊ မနေ့ညက မင်းဘယ်ကိုသွားခဲ့တာလဲ”

ကွန်မန်ဒါချန်က စကားသံတွင် ချီစွမ်းအင်ထည့်သုံး၍ မေးလိုက်သည်။ ကျန်းပိုင်ကိုသာ ရည်ရွယ်ခြင်းဖြစ်၍ သူ့စကားသံက ကျန်းပိုင်နားထဲတွင် မိုးကြိုးသံလိုဟိန်းထွက်လာသည်။

“ငါ...”

ရုတ်တရက်ကြားရသည့် အသံလှုံ့ဆော်မှုကြောင့် စိတ်ပျက်ခြင်း၊ နာကျင်ခြင်း၊ နားမလည်ခြင်းများ ရှုပ်ထွေးသည့် စိတ်အာရုံမှ သူ့လန့်နိုးလာည်။ သံချပ်ကာဝတ်ထားသည့် သူ့ရှေ့မှ သန်မာထွားကျိုင်းသည့်လူကို တည်ငြိမ်စွာကြည့်နေသည်။

စိတ်အခြေအနေ ပုံမှန်ဖြစ်သွားပြီဟု ထင်နေစဉ်မှာပင် ကျန်းပိုင် ရယ်မောရင်း မျက်ရည်များစီးကျလာပြန်သည်။

“ငါရှုံးသွားတယ်ကွ၊ ဟားဟားဟား.....သံချပ်ကာတစ်ခုကို ငါရှုံးသွားတယ်။ ငါက အသုံးမကျဘူး။ ဘာမှမသုံးမကျဘူး။...အီးဟီးဟီး...။ ငါက ဘာမှအသုံးမကျတဲ့ အရှုံးသမားပဲ”

တရားသူကြီး မျက်မှောင်ကျုံ့သွားသည်။ တစ်ခြားအရာရှိများလည်း တွေးရခက်ဟန်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေသည်။ နောက်ဆုံးတွင် အကြည့်အားလုံး ကွန်မန်ဒါချန်ဆီ စုပြုံကျလာသည်။

“ခင်ဗျားတို့က ဘာလို့ကျုပ်ကိုကြည့်နေတာလဲ။ ကျုပ်သူ့ကို မနေ့ကမှ တွေ့ဖူးတာပါ”

လက်သည်တရားခံလို ဝိုင်းကြည့်နေကြသဖြင့် ကွန်မန်ဒါချန်လည်း ဦးနှောက်ချောက်သွားသည်။

“အရာရှိကျန်းမဟုတ်ဘူး။ ဒါပေမယ့် အရာရှိကျန်းလို သံချပ်ကာဝတ်ထားတဲ့ တစ်ခြားအဆင့်မြင့်သိုင်းပညာရှင်ဖြစ်မယ်”

အရာရှိတစ်ယောက်က တွေးတွေးဆဆပြောသည်။ ကျန်းပိုင်၏စကားများက ရှုပ်ထွေးသော်လည်း သံချပ်ကာဟူသည့်စကားလုံးနှင့် ဆက်စပ်နေသည်မှာ သေချာသည်။

“သံချပ်ကာ၊ ဒီမြို့ထဲမှ ဝှက်ထားတဲ့သံချပ်ကာတစ်ခု ရှိနေတာလား”

ထိုစကားကြောင့် ရုံးတော်ထဲမှလေထု တင်းကြပ်လာသည်။ ထို့နောက် သူတို့မျက်လုံးများ ဆုံကြသည်။ စိတ်လှုပ်ရှားနေသည့်အရိပ်မျိုး ပေါ်လွင်နေကြသည်။

သံချပ်ကာကို ကိုယ်ပိုင်အဖြစ်ဝှက်ထားခြင်းသည် ကြီးလေးသည့်ပြစ်မှုဖြစ်သည်။ များများစားစားမလို။ သုံးစုံထက် ပို၍ဝှက်ထားလျှင် နိုင်ငံတော်ပုန်ကန်မှုမြောက်သည်။ ပုန်ကန်မှုကို ဖော်ထုတ်နိုင်လျှင် ကြီးမားသည့်အကျိုးခံစားရသည်။ ရာထူးတိုးနိုင်ခြေလည်း ရှိလာသည်။

“ဆရာ”

ထိုစဉ် တရားသူကြီးလွှတ်ထားသည့် တတိယအဖွဲ့ ရေကြီးသုတ်ပြာဝင်လာသည်။ မနေ့ညက ကျန်းပိုင်သွားခဲ့သည့်နေရာများ၊ တွေ့ခဲ့သည့်လူများအကြောင်း စုံစမ်းခိုင်းထားခြင်းဖြစ်သည်။

ထိုအဖွဲ့အပေါ် တရားသူကြီး သိပ်မျှော်လင့်မထား။ အသုံးဝင်သည့်သတင်းတစ်ချို့ရလျှင်ပင် ကျေနပ်သည်။ မည်သို့ဆိုစေ ကန်းရှအဆင့်သိုင်းပညာရှင်ပင် စိတ်လွတ်သွားသည့်ကိစ္စဖြစ်သည်။

သို့သော် မထင်မှတ်ဘဲ သူတို့သယ်လာသည့်သတင်းက အံ့ဩစရာကောင်းနေသည်။

“ဘာရယ်၊ သခင်ချန်ဝမ်(ဖုန်ချင်ပင်း)ရဲ့ ညီငယ်တဲ့လား”

ကျန်းပေ့တွေ့ဆုံခဲ့သည့်လူအကြောင်း ကြားသည်နှင့် ပြည်နယ်တရားသူကြီး တအံ့တဩထရပ်လာသည်။ ပြန်မထိုင်နိုင်တော့။

“သခင်ချန်ဝမ်ဆိုတာ ဘယ်သူလဲ”

ကွန်မန်ဒါချန် မျက်မှောင်ကျုံ့၍မေးသည်။ တစ်နေရာရာတွင် ထိုနာမည်ကိုကြားဖူးသည်။ သို့သော် စဉ်းစားမရ။

“ပြီးခဲ့တဲ့ နန်းတွင်းစာမေးပွဲမှာ နံပတ်တစ်လေ။ ခြောက်ထပ်ကွမ်းပထမရခဲ့တဲ့လူပေါ့”

စစ်ရေးမှလွဲ၍ တစ်ခြားအကြောင်းများကို အရေးမစိုက်သည့် ကွန်မန်ဒါကို တရားသူကြီး စိတ်ပျက်လက်ပျက်ဟန်ဖြင့် ကြည့်နေသည်။ သိုင်းသမားတို့သည် ပညာရှင်တို့ကိစ္စများကို စိတ်မဝင်စား။ သို့သော် ထိုနာမည်ကျော်ပညာရှင်ကို မသိသည်ကတော့ နည်းနည်းလျစ်လျူရှုလွန်းရာကျသည်။

“ထိပ်တန်းစာပေပညာရှင်၊ ဒါက သိပ်...”

ကွန်မန်ဒါချန် သိပ်အရေးမစိုက်သေး။နန်းတွင်းစာမေးပွဲများ သုံးနှစ်တစ်ကြိမ်ဖြေကြသည်။ ပထမရသူတစ်ယောက်တော့ ရှိသည်သာဖြစ်သည်။ သို့သော် ထူးခြားချက်ကို သူသတိပြုမိသွားသည်။

“ခြောက်ထပ်ကွမ်းပညာရှင်...ဟုတ်လား။ အဲဒါ ဘယ်တစ်ယောက်လဲ”

“ငါတို့အင်ပါယာထဲမှ ခြောက်ထပ်ကွမ်းပညာရှင်ဆိုတာ နှစ်ယောက်ရှိလို့လား”

တရားသူကြီးက ခံစားချက်ကင်းသည့်မျက်နှာဖြင့် ပြန်မေးခွန်းထုတ်သည်။ စိတ်လှုပ်ရှားနေသည့် အရာရှိများ အသံတိတ်သွားသည်။ နိုင်ငံတော်ပုန်ကန်မှုကို ‌ဖော်ထုတ်မည်ဟု ကြံထားသည့်အတွေးများ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။

လက်ရှိရထားသည့် ရာထူးအရှိန်ကြောင့် သာမန်လူများမသိသည့် လျှို့ဝှက်သတင်းတစ်ချို့ သိထားကြသည်။ သိရုံသာ သိခြင်းဖြစ်သည်။

“သူ့ညီက ကျုပ်တို့အန့်ချင်းမှာလား။ ဘယ်တုန်းက ရောက်လာတာလဲ”

ကွန်မန်ဒါချန် တွေးရခက်နေသည်။ ထိုကဲ့သို့လူမျိုး မြို့တော်ထဲဝင်လာသည်ကိုပင် သူဘာသတင်းမှမကြားခဲ့။

“မနေ့ကနေ့လည် မြို့ထဲကိုဝင်တာပါ။ မြို့တော်အစောင့်တစ်ယောက်က ဖုန်သခင်လေးရဲ့ ခရီးသွားလက်မှတ်ကို စစ်ဆေးခဲ့တယ်။ အဲဒီတုန်းက အရာရှိကျန်းက တစ်ခြားလူတွေကို စိတ်အနှောက်ယှက်ပေးနေတာပါ။ ဖုန်သခင်လေးနဲ့ သိုင်းပြိုင်ချင်တယ်လို့ ပြောနေခဲ့တာတဲ့”

သွားစုံစမ်းသည့် အထောက်တော်စစ်သည်က ဂရုတစ်စိုက် အစီရင်ခံသည်။

“ဘယ်ကအစောင့်လဲကွ။ ဒီလောက်အရေးကြီးတဲ့လူမျိုး မြို့ထဲဝင်လာတာကို ငါ့ဆီသတင်းမပို့ဘူးပေါ့”

ကွန်မန်ဒါချန် ဒေါသထွက်သွားသည်။ သူ့လက်အောက်တွင် ထိုမျှတုံးအသည့်လူမျိုး ရှိမည်ထင်မထား။ ထိုအစောင့်က အသိမပေးလျှင် ဘယ်သူသိနိုင်တော့မည်နည်း။

“ကဲ...အခု ဒီလိုအသေးအဖွဲကိစ္စတွေ စိုးရိမ်ရမယ့်အချိန် မဟုတ်ဘူး။ ဆက်ပြောပါဦး”

တရာားသူကြီးက အထောက်တော်ကို ဆက်ပြောခိုင်းသည်။

“အရာရှိကျန်းက ဖုန်သခင်လေးကို အနှောက်အယှက်ပေးနေခဲ့တာပါ။ ဒါပေမယ့် ဂိတ်တံခါးအဝင်မှာ လူချင်းကွဲသွားတယ်။ နောက်တော့ အရာရှိရုံးတော်ကိုလာတယ်။ သူ့ရာထူးကို အသုံးချပြီး ဖုန်သခင်လေးနေတဲ့နေရာကို ရှာပါတယ်။ အဲဒီ့ညက သူသွားပြီး သိုင်းပြိုင်ခဲ့တယ်။ ဒီနေ့ အရူးလိုဖြစ်ပြီး ပြန်ပေါ်လာတာပါ”

မဆန်းတော့ပါ။

“တရားသူကြီး၊ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ”

ကွန်မန်ဒါချန်ကမေးသည်။ ကိစ္စကို အကြမ်းဖျင်းသဘောပေါက်သွားပြီဖြစ်သည်။ စိတ်လွတ်နေသည့် ကျန်းပိုင်ကိုကြြည့်၍ နည်းနည်းစိတ်မကောင်းဖြစ်မိသည်။ အဘယ်ကြောင့် လူတစ်ယောက်၏နောက်ခံကို စစ်ဆေးမကြည့်ဘဲ သွားစိန်ခေါ်တိုက်ခိုက်ခဲ့သည်မသိ။

“ဘာကိုဖြေရှင်းရမှာလဲ”

တရားသူကြီးက ခံစားချက်မရှိသည့်လေသံဖြင့် ပြန်မေးသည်။

“ဒီဖုန်သခင်လေးက...”

“သူဘာပြစ်မှုကျူးလွန်ခဲ့လို့လဲ”

တရားသူကြီး စကားဖြတ်ပြောသည်။

“အင်း...မကျူးလွန်ပါဘူး။ ဒါပေမယ့်....”

အရာရှိချင်း ကာကွယ်လိုသ်ောလည်း ဖုန်သခင်လေးကို သူပြဿနာမရှာရဲ။

အဓိပ္ပါယ်လည်း လုံးဝမရှိ။ သခင်လေးက ညဘက်တွင် မဖိတ်ခေါ်ပဲလာသည်ကို အနိုင်ယူခဲ့ခြင်းသာဖြစ်သည်။ အားအသုံးများသွား၍ ကျန်းပိုင် အရူးလိုဖြစ်သွားခြင်းဖြစ်မည်။ ထိုအဖြစ်ကို ဖုန်သခင်လေးအမှားဟု သတ်မှတ်၍မရ။

“ပြစ်မှုမဟုတ်ရင် ငါ့ရုံးတော်နဲ့ရော အန့်ချင်းမြို့နဲ့ရော ဘာမှမဆိုင်ဘူး။ ကွန်မန်ဒါချန် စိတ်ဝင်စားတယ်ဆိုရင် သူ့ဆီ ကိုယ်တိုင်သွားလည်လို့ရပါတယ်”

တရားသူကြီးမျက်နှာက အပြုံးအရယ်မရှိ။ ကွန်မန်ဒါချန် ဘာတွေးနေသည်ကို သူရိပ်မိသည်။ သို့သော် ဘယ်သူ့ကိုမှ စော်ကားရာမရောက်စေလိုလျှင် အရာရှိအသိုင်းအဝိုင်းလောကကို ဘေးချိတ်ထားရမည်။

ဖုန်သခင်လေးနှင့် မိတ်ဆွေဖွဲ့ဖို့လည်း သူစိတ်မဝင်စား။ အဆင့်တူချင်းသာ ပေါင်းသင်းလိုသည်။ သခင်ချန်ဝမ်သည် သာမန်လူနှင့်မတူ။ အဆင့်အတန်းကွာခြားချက်က ကြီးမားလွန်းသည်။ ပေါင်းသင်းဆင်းဆံလျှင်လည်း အကျိုးမရှိနိုင်။

“အလည်သွားဖို့ဆိုရင် အကြောင်းပြချက်တော့လိုတာပေါ့”

ကွန်မန်ဒါချန် မလုံမလဲဟန်ဖြင့် ကလေးတစ်ယောက်လို လက်နှစ်ဘက်ကို ပွတ်လိုက်သည်။

“တရားသူကြီး၊ ဒီအရာရှိကျန်းကို ကျုပ်စခန်းထဲ ခေါ်သွားလို့ရမလား။ အဲဒီမှာဆို သူမြန်မြန် ပြန်ကောင်းလာနိုင်တယ်။ တကယ်လို့ သူရုတ်တရက် စိတ်ဖောက်ပြီး တိုက်ခိုက်လာရင်လည်း ကျုပ်သူ့ကို ထိန်းချုပ်နိုင်ပါတယ်”

“ကောင်းပြီလေ... ခေါ်သွားပါ”

တရားသူကြီးက ကွန်မန်ဒါချန်ကို ခဏစိုက်ကြည့်နေပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

********************************************

All Chapters