← Chapters

အရူးတစ်ပိုင်း

Vol. 16 Ch. 239

အရူးတစ်ပိုင်း

Vol. 16 Ch. 239

“မဖြစ်နိုင်ဘူး၊ ဒါလုံးဝမဖြစ်နိုင်ဘူး။ လောကမှာ ဒီလိုမကောင်းဆိုးဝါး(ပါရမီရှင်)မျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ”

အန့်ချင်းမြို့တော်ကောင်းကင်က အမှောင်ကွဲစပြုလာသည်။ လမ်းပေါ်တွင် ဈေးသည်များ စောစောထ၍ တစ်နေ့တာလုပ်ငန်းအတွက် ပြင်ဆင်နေကြသည်။ လမ်းပေါ်တွင် အဝတ်အစားများစုတ်ပြတ်လျက် နွမ်းနယ်ဟန်ရှိနေသည့်လူတစ်ယောက်ကို အားလုံးက စူးစမ်းသည့်အကြည့်ဖြင့် ကြည့်နေကြသည်။

သူ့အသွင်က လူဆယ်ယောက်ကျော်လောက်နှင့် တစ်ညလုံး တိုက်ခိုက်ခဲ့ရသည့်ပုံမျိုးဖြစ်သည်။ တန်းဖိုးကြီးအဝတ်အစားက စုတ်ပြဲနေသည်။ သို့သော် ထူးဆန်းနေသည်။ မြင်နေရာသည့် သူ့အရေပြားများပေါ်တွင် ခြစ်ရာတစ်ခုပင်မရှိ။

“စိတ်ဓာတ်ကျလို့ ပြည့်တန်ဆာရုံမှာ တစ်ညလုံးအချိန်ဖြုန်းနေခဲ့တဲ့လူ ဖြစ်မှာပါ”

ပါးစပ်မှအရူးလို တတွတ်တွတ်ရေရွတ်နေသည်ကို ထူးဆန်းသလို ကြည့်နေကြသည်။ ထို့နောက် စိတ်ဝင်စားမှုလျော့သွားကြသည်။ ဆိုင်အတွက်သာ ပြန်ပြင်ဆင်ကြသည်။ မိသားစုစားဝတ်နေရေးအတွက် ဈေးရောင်းရမည်။ တစ်ခြားလူများကို အာရုံစိုက်၍မဖြစ်။

“သူက အတော်သနားစရာကောင်းတာပဲ။ အရူးလိုဖြစ်နေပြီ”

“ဝမ်းနည်းစရာတစ်ခုခု ကြုံခဲ့လို့ဖြစ်မှာပေါ့”

“တိုးတိုးပြောပါ။ သူကြားသွားလိမ့်မယ်”

ထိုအရူးပုံစံက သိသာထင်ရှားလွန်းနေသည်။ ရောက်သည့်နေရာတွင် လူတိုင်းလှမ်းကြည့်ကြသည်။ တီးတိုးပြောကြသည်။ ထိုအရူး ဒေါသဖြစ်အောင် မလုပ်လိုကြ။

မကြာမီ ရုံးတော်မှစစ်သည်များ သတင်းရ၍ ထိုနေရာသို့ အပြေးရောက်လာသည်။ တစ်ယောက်က ထိုအရူးကို အနီးကပ်ကြည့်သည်။ ထို့နောက် တအံ့တဩ အော်ဟစ်လိုက်သည်။

“အရာရှိကျန်းပါလား”

တစ်ယောက်မှတ်မိသည်နှင့် ရောက်လာသူအားလုံး သူတို့လုပ်ဖော်ကိုင်ဖက်ကို ကြည့်ကြသည်။

“မင်းသူ့ကိုသိတယ်မဟုတ်လား”

မနေ့က ကျန်းပိုင်ကိုလိုက်ပို့ခဲ့သည့် အထောက်တော် ချွေးပျံနေသည်။ ဒူးတုန်နေသည်။ ထိုအရာရှိ ပြဿနာတက်မည်စိုး၍ ရုံးတော်တွင် သူတစ်ညလုံး စောင့်နေခဲ့သည်။ မနက်စောစော အဖော်များနှင့် လမ်းများပေါ် ကင်းလှည့်သည်။ ယခု အရာရှိကျန်း၏ပုံစံကိုကြည့်၍ ထိတ်လန့်ခြောက်ခြားမိသည်။

“ဒါမနေ့က အသစ်ခန့်လိုက်တဲ့ အရာရှိကျန်းပါ”

အထောက်တော်၏စကားသံ တုန်ရင်နေသည်။

တစ်ခြားစစ်သားများလည်း တုန်လှုပ်သွားသည်။ အန့်ချင်းရုံးတော်တပ်ဖွဲ့သို့ စွမ်းအားမြင့်သိုင်းစစ်သည်တစ်ယောက် ပူးပေါင်းလာသည်ဟု သူတို့ကြားခဲ့သည်။ သိုင်းစွမ်းရည် ထိပ်တန်းလွန်အဆင့်ဖြစ်သည်။ သို့သော် ထိုစစ်သည်က ယနေ့ အရူးလိုဖြစ်သွားသည်။ ထိုသတင်းကြောင်း အားလုံးကြက်သီးထမိကြသည်။

“ဆရာ”

မနေ့ကလိုက်ပို့သည့် အထောက်တော်က သူ့နားသို့ သတိထား၍ ချဉ်းကပ်လာသည်။

“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး....ဒါလုံးဝမဖြစ်နိုင်ဘူး။ ဒါ အာရုံမှားတာပဲ ဟားဟား၊ ဒါတွေအားလုံး အတုတွေ....အလိမ်အညာတွေ။ အားလုံး လှည့်ကွက်တွေပဲ”

အရာရှိကျန်း အရူးလိုအော်နေသဖြင့် အားလုံးထိတ်လန့်သွားသည်။ သို့သော် လျစ်လျူရှုထား၍လည်း မဖြစ်။ သူသည် အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သည်။

သို့သော် ဘယ်သူ့ကိုမှ တိုက်ခိုက်ခြင်းမရှိ။ ပေါက်တတ်ကရစကားများသာ ပြောနေခြင်းဖြစ်သည်။ ထို့ကြောင့် ရုံးတော်မှစစ်သည်များ ဦးနှောက်ပျက်နေသည့်အရာရှိကို ချော့ချော့မော့မော့ဖြင့် ရုံးတော်သို့ အတူဆွဲခေါ်သွားကြသည်။

မနေ့က အရာရှိဖြစ်၍ ယနေ့ရူးသွားသည့်အဖြစ်ကို ဘယ်သူမှမယုံနိုင်ကြ။ မြို့တော်မှ အဆင့်မြင့်ဆုံးအရာရှိဖြစ်သည်။ ပြည်နယ်တရားသူကြီးပင် စိုးရိမ်ထိတ်လန့်လာသည်။

“မနေ့က အရာရှိကျန်း ဘယ်ကိုသွားသေးလဲ”

ပြည်နယ်တရားသူကြီးက အပြုံးအရယ်မရှိသည့်မျက်နှာဖြင့် မေးသည်။ ရုံးတော်တစ်ခုလုံး တိတ်ဆိတ်နေသည်။ အသံမထွက်ရဲကြ။ ကျန်းပိုင်ကို လိုက်ပို့ခဲ့သည့်အထောက်တော်စစ်သား ရှေ့ထွက်လာသည်။

“ဆရာ၊ မနေ့ညက အရာရှိကျန်း ချင်ယန်မျှော်စင်က သခင်လေးတစ်ယောက်ကို သွားရှာပါတယ်။.....”

ဘာမှ ကွယ်ဝှက်မထားရဲ။ အားလုံးပြောပြလိုက်သည်။ စုံစမ်းကြည့်မှ အဖြေသိရမည့်ကိစ္စဖြစ်သည်။ မနေ့ညက သူ့လှုပ်ရှားမှုသည် လျှို့ဝှက်ချက်မဟုတ်။ အမှန်အတိုင်း ကြိုတင်ဝန်ခံခြင်းက ပိုကောင်းသည်။

“မြို့တော်ကာကွယ်ရေးစခန်းက ကွန်မန်ဒါချန်ကို ဆင့်ခေါ်ပါ။ သက်ရှည်အိမ်တော်က သခင်ကြီးကျန်းကို အကြောင်းကြားလိုက်ပါ...”

ပြည်နယ်တရားသူကြီးက တည်ငြိမ့်သည့်လေသံဖြင့် စီစဉ်ညွှန်ကြာားသည်။

တည်ငြိမ်သည့်သူ့အမူအရာကြောင့် စိတ်ပူပန်နေသည့် ရုံးတော်လေထု နည်းနည်းစိတ်သက်သာရာရသွားကြသည်။

ထိုအရာရှိသည် စွမ်းအားအကြီးဆုံးစစ်သည်မဟုတ်။ အန့်ချန်းတွင် တစ်ခြားအဆင့်တူစစ်သည်များရှိသည်။ လိုအပ်လျှင် ထိုထက်စွမ်းအားမြင့်သည့် စစ်သည်ကိုပင် ထောက်ပံ့ပေးရန် အထက်ကို တောင်းဆိုနိုင်သည်။ ထိုကိစ္စက စိုးရိမ်စရာမဟုတ်။

ပြည်နယ်တရားသူကြီးအမိန့်ဖြင့် မြို့တော်မှ နာမည်ကျော်သမားတော်ကြီးကို ဖိတ်ခေါ်ထားသည်။ အရာရှိကျန်း ဒဏ်ရာရမရနှင့် ဘာဖြစ်ခဲ့သည်ကို စစ်ဆေးခိုင်းရန်ဖြစ်သည်။ ရူးနေသည့်စိတ်ကို ကုနိုင်မကုနိုင်လည်း သိလိုကြသည်။ ရုံးတော်သို့ ဝင်ဝင်ချင်းရူးသွားသည်မှာ တွေးရခက်သည်။

အသေးစိတ်စစ်ဆေးကြည့်ပြီးနောက် ဝါရင့်သမားတော်က ကောက်ချက်တစ်ခုအမြန်ချ၍ ပြည်နယ်တရားသူကြီးကို အစီရင်ခံသည်။

“ဒီလူ့ရဲ့ ချီနှင့်သွေးတွေဟာ ခိုင်ခံ့ပါတယ်။ သွေးကြောတွေလည်း ပိတ်ဆို့မနေပါဘူး။ အရိုးတွေကလည်း ကောင်းပကတိပါပဲ။ ဖြစ်နေတာက သူ့စိတ်ပါ။ အကြီးအကျယ် စိတ်လှုပ်ရှားစရာတစ်ခု သူကြုံခဲ့ရတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေအတိုင်းဆို မကြာခင် သူ့ဘာသာပြန်ကောင်းလာမှာပါ။ ‌ဆေးကုသဖို့ မလိုပါဘူး”

“သူ့ဘာသာပြန်ကောင်းလာမယ်...”

တရားသူကြီး နည်းနည်းအံ့အားသင့်သွားသည်။ တစ်ချိန်တည်းမျာပင် ကာကွယ်ရေးစခန်းမှ ကွန်မန်ဒါချန် တည်ကြည်လေးနက်သည့်မျက်နှာ ပြင်းထန်သည့်စွမ်းအင်ရောင်တို့ဖြင့် ရောက်လာသည်။ အသစ်ဝင်လာသည့် စစ်သည်တော် ရူးသွားသည်ဟု သတင်းကြားသောကြောင့်ဖြစ်သည်။

“ဟုတ်ပါတယ်၊ ဒီလူ့ရဲ့စိတ်က တကယ်တော့ ရှင်းရှင်းလင်းလင်းရှိနေပါတယ်။ ထိတ်လန့်ခြောက်ခြားစရာတစ်ခုခု ကြုံခဲ့ရလို စိတ်လွတ်သလိုဖြစ်နေတာလေးပါပဲ”

သမားတော်၏ဆံပင်များက ဖွေးဖွေးဖြူနေသည်။ ကိုယ်ဟန်ဖြောင့်မတ်သည်။ စကားသံက ကြည်လင်သည်။ မျက်နှာက အရေးအကြောင်းများပေါ်နေသည်။ ကြည့်ရုံဖြင့် စွမ်းရည်မြင့်သမားတော်ဖြစ်ကြောင်း သိနိုင်သည်။

All Chapters