← Chapters

လူသားလောကဓား

Vol. 101 Ch. 1547

လူသားလောကဓား

Vol. 101 Ch. 1547

ကောင်းကင်အလွန်မှ အဖိုးအိုသည် ရှေးခေတ်နွေဦးအင်မော်တယ်ဖြစ်သည်။

သူက ရွှမ်ကမ္ဘာမြေ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး သူ့ကိုယ်ပိုင်တာအိုကို လျှောက်လှမ်းခဲ့သည်။ ရွှမ်ကမ္ဘာမြေအတွက်တော့ သူက သူရဲကောင်းတစ်ဦး ဖြစ်သည်။ အတိတ်မှာ သူက ရွှမ်ကမ္ဘာမြေမှ ကျင့်ကြံသူများကို ဦးဆောင်၍ ဝမ်ကူးကုန်းမြေကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သူက ဝမ်ကူးကုန်းမြေ၏ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ကို ဖိနှိပ်ခဲ့ပြီး ကောင်းကင်ဘုံတာအိုများကို ပျိုးထောင်ခဲ့သည်။ သူက ရွှမ်ကမ္ဘာမြေမှ မရေမတွက်နိုင်သော ကျင့်ကြံသူများကို အထွတ်အထိပ်သို့ တတ်လှမ်းနိုင်စေရန် လမ်းညွှန်ပေးခဲ့သည်။

ရွှမ်ကမ္ဘာမြေကို ကာကွယ်ရန်၊ အင်မော်တယ်လမ်းစဉ်ကို ပိုပြီးတွင်ကျယ်စေရန်နှင့် ကျင့်ကြံခြင်းလမ်းစဉ်၏ ပိုပြီးမြင့်သော အဆင့်ကို ရှာဖွေရန်အတွက် သူနှင့် ရဲဘော်ရဲဘက်များသည် မရင်းနှီးသော ဤကြယ်တာရာစက်ဝန်းထဲမှာ စွန့်စားခရီးထွက်ခဲ့ကြသည်။

သူတို့က ဤကြယ်တာရာစက်ဝန်းအကြောင်းကို နားလည်ချင်ပြီး အခွင့်အလမ်းများကို ရှာဖွေချင်ကြသည်။

ဤခရီးက နှစ်ပေါင်းထောင်သောင်းချီ ကြာမြင့်ခဲ့သည်။

ယခု သူတို့ထဲမှ တစ်ယောက်က ပြန်ရောက်လာသည်။

ကောင်းကင်အောက်တွင်တော့ မကြာသေးမီကမှ အဆင့်တတ်သွားခဲ့သော နွေဦးအင်မော်တယ်အသစ်တစ်ပါး ဖြစ်သည်။

သူက ရှေးခေတ်နွေဦးအင်မော်တယ်ကဲ့သို့ မသန်မာသော်လည်း သူ့ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့သူ ဖြစ်သည်။ လူသားမျိုးနွယ်အတွက်တော့ သူက သူရဲကောင်းတစ်ဦး ဖြစ်သည်။

ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက် သူက နတ်ဘုရားများကို သတ်ဖြတ်ခဲ့ပြီး မျိုးနွယ်ခြားများကို ဖိနှိပ်ခဲ့သည်။ သူက လူသားမျိုးနွယ်၏ ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့သည်။

သူက သူ့တစ်ဘဝလုံးကို လူသားမျိုးနွယ်အတွက် မြှုပ်နှံထားခဲ့သည်။

သူ၏ နှလုံးသားထဲမှာ ရွှမ်ကမ္ဘာမြေက အရေးမကြီးသလို အသင်္ချေမျိုးနွယ်စုများကလည်း အရေးမပါပေ။ လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်မှုကသာ သူ့အတွက် အဓိကဖြစ်သည်။

ဤအခိုက်အတန့်မှာ ရှေးခေတ်နွေဦးအင်မော်တယ်နှင့် နွေဦးအင်မော်တယ်အသစ်တစ်ပါးက ကောင်းကင်ကို ဖြတ်သန်း၍ အကြည့်ချင်းဆုံသွားကြသည်။

ကောင်းကင်က ပြိုကွဲသွားတော့မည့်ဟန် ရ၏။

ကောင်းကင်က ဝုန်းခနဲ မြည်သွားပြီး လှိုင်းဂယက်များက ငါးအကြေးခွံများသဖွယ် ပျံ့နှံ့သွားကြသည်။ ထိုလှိုင်းဂယက်များက မရေမတွက်နိုင်သော စက်ဝိုင်းများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် ကျယ်လောင်သော မြည်သံနှင့်အတူ ထိုစက်ဝိုင်းများက ပြိုကွဲသွားကြသည်။

ယင်းက ကောင်းကင်တစ်ခုလုံးကို သက်ရောက်သွားသည်။

ဤသည်မှာ မရေမတွက်နိုင်သော ပန်းပွင့်များက ကောင်းကင်ပေါ်မှာ ပွင့်လန်းသွားသည့်အလားပင်။

ကျယ်လောင်သော မြည်သံ၏ အနောက်တွင် ရှေးကျပြီး အေးစက်သော အသံက ကောင်းကင်အလွန်မှ ထွက်ပေါ်လာပြီး ဝမ်ကူးကုန်းမြေထဲမှာ ပဲ့တင်ထပ်သွားသည်။

ဝမ်ကူးကုန်းမြေ၏ ပင်လယ်က ပရမ်းပတာ လှိုင်းထသွားသည်။ ဝမ်ကူးကုန်းမြေ၏ အသင်္ချေမျိုးနွယ်စုများသည်လည်း နှလုံးတုန်သွားကြသည်။

အစစ်အမှန်နတ်ဘုရားအောက်မှ နတ်ဘုရားအားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။

မြင်တွေ့ရခဲသော အစစ်အမှန်နတ်ဘုရားများသည်ပင် ဤအခိုက်အတန့်မှာ ၎င်းတို့၏ နတ်ဘုရားစိတ်အာရုံက တုန်ယင်သွားသည်။

အဘယ့်ကြောင့်ဆိုသော် ထိုအသံထဲမှာ ကိန်းအောင်းနေသော ဖိအားက နွေဦးအင်မော်တယ်၏ အထွတ်အထိပ်ထက် သာလွန်နေသောကြောင့် ဖြစ်သည်။ သူက နွေဦးအင်မော်တယ်၏ အထက်အဆင့်ဖြစ်သော အင်မော်တယ်အရှင်သခင်ဆီသို့ တတ်လှမ်းနိုင်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။ အင်မော်တယ်အရှင်သခင်သည် နတ်ဘုရားအရှင်သခင်နှင့် အဆင့်တူညီသည်။

“ မင်းအသက်ပြန်ရှင်ဖို့က မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး ”

ထိုစကားကို ကြားလိုက်သည်နှင့်ချက်ချင်း ရွှီချင်းက အသက်ရှူမြန်လာသည်။ ဧကရီသည်လည်း ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကောင်းကင်ဆီသို့ ကြည့်လိုက်သည်။ အစောနက ပြိုကွဲသွားခဲ့သော သူ့နှလုံးက ဤအခိုက်အတန့်မှာ ပြန်လှုပ်ရှားလာသည်။

“ ငါ့ကို အညံ့ခံပါ… ဝမ်ကူးကုန်းမြေဆီကနေ ငါလိုချင်တဲ့အရာကို ရရှိပြီးတဲ့အခါကျရင် ငါ့အရှေ့က မြူခိုးကို ဖယ်ရှားပြီး အင်မော်တယ်အရှင်သခင်ရာထူးကို အပြည့်အဝ ငါဖမ်းဆုပ်နိုင်လိမ့်မယ်… အဲ့ဒီနောက် မင်း အမှန်တကယ် အသက်ပြန်ရှင်နိုင်အောင် ငါကူညီပေးမယ် ”

အသံက ကောင်းကင်အလွန်မှ ထပ်မံ ထွက်ပေါ်လာသည်။

သက်ရှိအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဓားကိုင်ဧကရာဇ်က နူးညံ့စွာ ပြောသည်။

“ မင်းတို့စီနီယာကိုးယောက်ရဲ့ ပုံပြင်တွေကို နားထောင်ပြီး ငါကြီးပြင်းလာခဲ့ပါတယ်… မင်းတို့ရဲ့ နာမည်ပေါ်မှာ လေးနက်တဲ့အမြင် ငါ့မှာ ရှိတယ်… မင်းတို့ရဲ့ ဒဏ္ဍာရီတွေက ငါ့နှလုံးသားထဲက အလင်းရောင်ရဲ့ ဇစ်မြစ်ပါ ”

“ မင်းတို့ကို ငါလေးစားပါတယ်… အခုချိန်မှာတောင် မင်းကို ငါလေးစားနေတုန်းပါပဲ… ”

“ အရှင်ကျိဇွမ် ”

ဓားကိုင်ဧကရာဇ်က စကားပြောပြီးနောက် အရိုအသေပေးလိုက်သည်။ သူက ခါးပြန်မတ်လိုက်သည့်အခါ သူ၏ မျက်လုံးက စူးရှတောက်ပလာသည်။ ထက်ရှသော စိတ်ဆန္ဒကို သယ်ဆောင်ထားသော သူ၏ အသံက ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။

“ ဒါပေမဲ့… မင်းက တကယ်ပဲ အရှင်ကျိဇွမ်ရဲ့ မူလခန္ဓာကိုယ် ဟုတ်ရဲ့လား ”

“ ရွှမ်ကမ္ဘာမြေကနေ ထွက်ပေါ်လာခဲ့တဲ့ ဂုဏ်သိက္ခာကြီးမြတ်တဲ့ ရှေးခေတ်ကျင့်ကြံသူကိုးပါးဟာ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ကို ဖိနှိပ်ပြီး ဝမ်ကူးကုန်းမြေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်… သူတို့ထဲက တစ်ယောက်က ဒီလိုအခြေအနေထိ ကျရောက်သွားလိမ့်မယ်လို့ ငါလုံးဝမယုံဘူး… သူတို့က ကိုယ့်ကျိုးအတွက်နဲ့ သူတို့ရဲ့ နောင်သားမျိုးဆက်တွေကို ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ဘူး ”

“ မင်းကို ငါမယုံဘူး ”

ဓားကိုင်ဧကရာဇ်၏ အသံက ပြတ်သားသည်။

ကောင်းကင်ဘုံအဆင့် သူတော်စင်ကုန်းမြေထဲ၌ မျှော်စင်ရှည်ပေါ်မှာ မတ်တတ်ရပ်နေသော ဝတ်စုံနက်အဖိုးအိုက ဝမ်ကူးကုန်းမြေဆီသို့ အမူအရာကင်းမဲ့စွာ ငုံ့ကြည့်လိုက်သည်။ သူ၏ အကြည့်က ဓားကိုင်ဧကရာဇ်ပေါ်သို့ ကျရောက်သွားပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။

“ ဒီအဆင့်ထိ ရောက်လာဖို့က မင်းအတွက် မလွယ်ကူဘူး… ဒါကြောင့် ဒီအဖိုးကြီးက မင်းအတွက် စကားနည်းနည်း ပြောချင်တယ်… ”

“ ဝမ်ကူးကုန်းမြေနဲ့ ရွှမ်ကမ္ဘာမြေအတွက်တော့ အင်မော်တယ်အရှင်သခင်ရာထူးကို ငါရရှိတာက ကျင့်ကြံခြင်းလမ်းစဉ်အတွက် အဆင့်ချိုးဖြတ်မှုတစ်ခုပဲ ”

“ ဒီကိစ္စမှာ အရမ်းလေးနက်တဲ့ အဓိပ္ပာယ်ရှိတယ်… အဲ့ဒီအတွက် စတေးမှုအားလုံးက လှပတဲ့ အနာဂတ်အတွက်ပဲ ”

“ ဒီတော့ ကောင်လေး… မင်းနဲ့ နှလုံးသား၊ အတွေးတွေနဲ့ မျှော်လင့်ချက်တွေကို အမြင်ကျဉ်းမြောင်းစေဖို့ ခွင့်မပြုပါနဲ့ ”

“ မဟာတာအိုက အကြင်နာမဲ့တယ်… တကယ်လို့ မင်းမှာ အရှေ့ဆက်လျှောက်ဖို့ ဆန္ဒရှိတယ်ဆိုရင် လမ်းကြောင်းအရှေ့ကိုပဲ ကြည့်ပါ ”

သူ၏ အသံက မိုးခြိမ်းသံသဖွယ် ဝမ်ကူးကုန်းမြေထဲမှာ ပဲ့တင်ထပ်သွားသည်။

ယင်းကို သက်ရှိအားလုံးပ ကြားသွားကြသည်။

လူတချို့က ထိုသဘောတရားကို သဘောတူကြပြီး လူတချို့က သဘောမတူကြပေ။ သို့သော်လည်း ဤစကားမှတဆင့် အသင်္ချေမျိုးနွယ်စုများသည် သူတော်စင်ကုန်းမြေများ၏ ရုတ်တရက် ရောက်ရှိလာမှုနှင့်ပတ်သက်ပြီး နောက်ဆုံးမှာတော့ အကြမ်းဖျဉ်း ခန့်မှန်းနိုင်သွားကြသည်။

တစ်ဖက်လူ လိုချင်နေသောအရာကို ဖိနှိပ်ခြင်းနှင့် စစ်ပွဲဖြင့်သာ ရယူနိုင်သည်။ ယင်းကို အခြေခံပြီး ခန့်မှန်းကြည့်မည်ဆိုလျှင် သူလိုချင်သောပစ္စည်းက ရုပ်ဝတ္ထုပစ္စည်း မဟုတ်နိုင်ပေ။

ယင်းက ဘဝ၊ သွေးယဇ်ပူဇော်မှု၊ သေဆုံးမှု…

မည်သည့်အရာမဆို ဖြစ်နိုင်သည်။

သို့သော်လည်း သူတို့သေချာသည့် တစ်ခုတည်းသောအရာက ထိုကိစ္စသည် နတ်ဘုရားများနှင့် ဘာမှမသက်ဆိုင်ပေ။

ထို့ပြင် တစ်ဖက်လူက ဝမ်ကူးကုန်းမြေထဲမှာ အချိန်အကြာကြီး မနေနိုင်ပေ။

နတ်ဘုရားမျက်နှာပျက်ကြီး၏ တည်ရှိမှုက သူဆန့်ကျင်နိုင်သောအရာ မဟုတ်ပေ။

သို့ဖြစ်၍ ဤတစ်ကြိမ် သူတော်စင်ကုန်းမြေများ၏ ဆင်းသက်လာမှုကို အဝါရောင်အဆင့်နှင့် အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေများ၏ လုပ်ဆောင်မှုများနှင့် ယှဉ်တွဲသုံးသပ်ကြည့်သည့်အခါ ထိုခန့်မှန်းမှုက ပိုပြီးသေချာသွားသည်။

ဓားကိုင်ဧကရာဇ်က ခေါင်းခါလိုက်သည်။ သူက ကောင်းကင်ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး လူသားမျိုးနွယ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ သူက နူးညံ့စွာ ပြောသည်။

“ ငါ့နှလုံးသားက အမြင်ကျဉ်းမြောင်းတာ မဟုတ်ဘူး… အဲ့ဒါကို လူသားမျိုးနွယ်တစ်ခုတည်းမှာပဲ ချုံ့ထားတာ ”

သူက လက်မြှောက်လိုက်ပြီး ဧကရာဇ်ဓားကို ကောင်းကင်ပေါ်သို့ ညွှန်လိုက်သည်။ ထိုအခါ ကောင်းကင်က တုန်ယင်သွားသည်။

“ ငါ့အတွေးတွေက ရိုးရှင်းတာ မဟုတ်ဘူး… ငါက လူသားမျိုးနွယ်ရဲ့ အကျိုးတစ်ခုတည်းကိုပဲ ရှေးရှုတာ ”

လေကြမ်းများ တိုက်ခတ်လာပြီး တိမ်တိုက်များက ပရမ်းပတာ ရွေ့လျားသွားကြသည်။ ထို့နောက် မုန်တိုင်းတစ်ခုက အစပျိုးလာသည်။ မကြာမီ ယင်းက ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဓားကိုင်ဧကရာဇ်ကို ဗဟိုထား၍ ဘေးပတ်ဝန်းကျင်ဆီသို့ ပျံ့ပွားသွားသည်။

ကျယ်လောင်သော မြည်သံက ဟိန်းထွက်လာသည်။

“ ငါ့ရဲ့ မျှော်လင့်ချက်တွေက သေးငယ်တာ မဟုတ်ဘူး… ငါက လူသားမျိုးနွယ်အတွက်ပဲ မျှော်လင့်ချက်ထားတာ ”

ဓားကိုင်ဧကရာဇ်၏ မျက်လုံးထဲမှာ နက်ရှိုင်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ စိတ်ဓာတ်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ပြည့်နှက်သွားသည်။ သူက လက်ထဲမှ ဧကရာဇ်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ပေါက်ကွဲထွက်လာသည်။

ရာသီဥတုက ဆိုးဝါးလာပြီး မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော မြည်သံက ဝမ်ကူးကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

“ မဟာတာအိုက အကြင်နာမဲ့တယ်… ဒါပေမဲ့ ဒီလောကမှာ စိတ်ခံစားချက်တွေ ရှိတယ် ”

“ တစ်စုံတစ်ယောက်က ဆက်တိုက် တိုးတတ်ချင်တယ်ဆိုရင် လမ်းကြောင်းအရှေ့ကိုပဲ ကြည့်နေရုံနဲ့ မရဘူး… ဘေးပတ်ဝန်းကျင်က ရှုခင်းတွေကိုလည်း ကြည့်ရမယ်… ပြီးတော့ ကိုယ့်ဘေးက အပေါင်းအဖော်တွေကိုလည်း အားပေးချီးမြှောက်ရမယ် ”

“ တကယ်လို့ အရှေ့ဆက်ဖို့အတွက် ကိုယ့်အမျိုးအနွယ်ရဲ့ အလောင်းတွေကို ချနင်းပြီး ကိုယ့်လူတွေရဲ့ သွေးကို သောက်ရမယ်ဆိုရင်… အရှေ့ဆက်ဖို့ ငါငြင်းဆန်လိုက်မယ် ”

ဓားကိုင်ဧကရာဇ်က ထိုသို့ပြောလိုက်သည်နှင့်ချက်ချင်း သူ၏ မျက်လုံးထဲမှ အလင်းက ပိုပြီးထွန်းလင်းတောက်ပလာသည်။ သူက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်သို့ စိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဝါက ဤအခိုက်အတန့်မှာ တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

အစောနက အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေများထံမှ သူစုပ်ယူထားခဲ့သော အသက်ဓာတ်အားလုံးက ဆက်လက် လောင်ကျွမ်းသွားပြီး သူ၏ တိုက်ပွဲစွမ်းအားကို တိုးမြှင့်ပေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သေခြင်းအရှိန်အဝါသည်လည်း ဤအခိုက်အတန့်မှာ အကန့်အသတ်ကို ရောက်ရှိသွားသည်။

ချက်ချင်းဆိုသလို ဓားကိုင်ဧကရာဇ်၏ ဘေးပတ်ဝန်းကျင်မှ ဝဲကတော့က ဆက်တိုက် ကျယ်ပြောသွားပြီး ဒေသကြီးအများအပြားကို ဖုံးလွှမ်းသွားသည်။ ဤအခိုက်အတန့်မှာ သူ၏ ပုံရိပ်သည်လည်း ဘီလူးတစ်ကောင်ကဲ့သို့ ကြီးမားလာသည်။

သူ၏ လက်ထဲမှ ဧကရာဇ်ဓားသည်လည်း အရွယ်အစား ကြီးမားလာသည်။

ထို့နောက် ကြီးကျယ်မြင့်မြတ်သော အသံက ပဲ့တင်ထပ်သွားသည်။

“ ငါ့ဘဝတစ်လျှောက်မှာ မတူညီတဲ့ ခေတ်ကာလတွေပေါ်မူတည်ပြီး ဓားကွက်ငါးကွက်ကို ဖန်တီးခဲ့တယ် ”

“ မြေပြင်သိုလှောင်ခြင်း၊ လေဟာနယ်အက်ကွဲခြင်း၊ ကောင်းကင်ဘုံနန်းတော်၊ ကြယ်အလင်းရောင်… ”

“ နောက်ဆုံးဓားကွက်ကိုတော့ ရှင်းအာကို ကာကွယ်ပေးခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ငါဆင်ခြင်နားလည်ခဲ့တယ်… အဲ့ဒီဓားကွက်ကို ထုတ်ဖော်ဖို့ အခွင့်အရေးမရှိတော့ဘူးလို့ ငါထင်ထားခဲ့တာ ”

“ ဒီနေ့ အဲ့ဒီဓားက ဝမ်ကူးကုန်းမြေမှာ ပထမဆုံးအကြိမ် ထွက်ပေါ်လာလိမ့်မယ် ”

“ အဲ့ဒီဓားကို… လူသားလောကလို့ ခေါ်တယ် ”

ဓားကိုင်ဧကရာဇ်က တီးတိုးရေရွတ်လိုက်သည်။ မှတ်ဉာဏ်ဟောင်းများက သူ၏ စိတ်ထဲမှာ ပုံရိပ်ပြန်ပေါ်လာသည်။

ထိုမှတ်ဉာဏ်များထဲတွင် ခမ်းနားထည်ဝါသော လောကတစ်ခုကို သူမြင်တွေ့သွားသည်။

ထိုလောကတွင် နတ်ဘုရားများမရှိသလို စစ်ပွဲများလည်း မရှိပေ။ ရှေးဘုရင်၏ ဦးဆောင်မှုအောက်မှာ အသင်္ချေမျိုးနွယ်စုများက အထွတ်အထိပ်သို့ လျှောက်လှမ်းနိုင်ကြသည်။

ယင်းက နတ်ဘုရားမျက်နှာပျက်ကြီး မရောက်လာခင် ဝမ်ကူးကုန်းမြေပေါ်မှာ ကြီးကျယ်ခမ်းနားခဲ့သော လူသားလောက ဖြစ်သည်။

ဓားကိုင်ဧကရာဇ်က နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ထံသို့ လွှဲယမ်းလိုက်သည်။

လူသားလောကဓားသည် သေမျိုးဘဝ၏ အနှစ်သာရများနှင့် ကြမ်းတမ်းသော မီးတောက်များကို ဆောင်ကြဉ်းလျက် ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။

ထို့နောက် နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာပြီး ရှေးဘုရင်ရွှမ်ယုံထွက်သွားခဲ့သည့်အချိန် လူသားလောက၏ အမှောင်မိုက်ဆုံး မြင်ကွင်းများက ဓားကိုင်ဧကရာဇ်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာကြသည်။

အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေကြပြီး အော်ဟစ်ညည်းညူသံများကို နေရာအနှံ့မှာ ကြားနိုင်သည်။

ကောင်းကင်က မည်းမှောင်နေပြီး လူသားမျိုးနွယ်က စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေသည်။

ယင်းက စိတ်ပျက်အားငယ်နေသော လူသားလောကဖြစ်သည်။

ဓားကိုင်ဧကရာဇ်က သူ၏ ဧကရာဇ်ဓားကို ခါးသီးသော အမူအရာဖြင့် လွှဲယမ်းလိုက်သည်။ သက်ရှိအားလုံး၏ စိတ်ပျက်အားငယ်မှု ကိန်းဝပ်နေသော လူသားလောကဓားသည် ကောင်းကင်ပေါ်သို့ တန်းမတ်စွာ ပျံသန်းသွားသည်။

နောက်တစ်ခုက လူသားဧကရာဇ်ဒုန်းရှန့် ကျဆုံးသွားပြီးနောက် လူသားမျိုးနွယ် တွေ့ကြုံခဲ့ရသော အခက်အခဲများ ဖြစ်သည်။

လူသားမျိုးနွယ်က ရှန့်ထျန်းခေတ်မှာ အသက်ရှင်ရပ်တည်နိုင်ရန် ရုန်းကန်ခဲ့ရသည်။

ကျင့်ယွင်၏ အုပ်ချုပ်မှုအောက်မှာ လူသားမျိုးနွယ်က ပြန်နာလန်ထူလာနိုင်သည်။

တာအိုရှီကျဲက သန်မာနေသည့်အချိန် လူသားမျိုးနွယ်က အလျော့မပေးခဲ့ပေ။

ရွှမ်ကျန်းက နှစ်ပေါင်းတစ်သောင်းကြာအောင် အုပ်ချုပ်ခဲ့သည့်အချိန် လူသားမျိုးနွယ်က ဖရိုဖရဲဖြစ်ခဲ့သည်။

ဓားကိုင်ဧကရာဇ်၏ မှတ်ဉာဏ်များထဲမှ လူသားလောက၏ အနိမ့်အမြင့်အတတ်အကျများက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်မှာ ထွန်းလင်းတောက်ပသွားသည်။

နောက်ဆုံးမှာတော့ ဓားကိုင်ဧကရာဇ်၏ မျက်လုံးထဲ၌ ထွက်ပေါ်လာသည်မှာ နွေဦးထွက်ခွာဧကရီ၏ ပုံရိပ်ဖြစ်သည်။

နွေဦးထွက်ခွာဧကရီ နန်းတတ်ပြီးနောက် လူသားမျိုးနွယ်က စတင်မြင့်တတ်လာသည်။

“ အဲ့ဒါက ငါကာကွယ်ပေးချင်တဲ့ လူသားလောကပဲ ”

သူ၏ ခန္ဓာကိုယ်က စတင်ဝေဝါးသွားပြီး သေခြင်းအရှိန်အဝါက အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ယင်းက သူ့ကို အပြည့်အဝ ဝါးမျိုသွားသည့်အခါ လူသားလောကမှ ဖွဲ့စည်းသွားသော ဓားက ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့်အတူ ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

ကောင်းကင်ပေါ်တွင် လူသားမျိုးနွယ်၏ သမိုင်းမှတ်တမ်းများမှ ဖွဲ့စည်းသွားသော ဓားအားလုံးက အချင်းချင်း ထပ်ဆင့်လွှမ်းခြုံသွားကြပြီး စစ်မှန်သော လူသားလောကဓားကို ဖွဲ့စည်းသွားသည်။

နောက်ဆုံးကျန်ရှိသော ခွန်အားနှင့်အတူ ဓားကိုင်ဧကရာဇ်က လူသားလောကဓားဖြင့် ကောင်းကင်အလွန်ထံသို့ ပိုင်းဖြတ်လိုက်လေသည်။

ထိုဓားက ကောင်းကင်ကို ဆုတ်ဖြဲလိုက်ပြီး အရာအားလုံးကို ဖျက်ဆီးလိုက်သည်။ ထိုဓား၏ အရှိန်အဝါအောက်မှာ လောကတစ်ခုလုံး တုန်လှုပ်သွားသည်။

တုနှိုင်းမဲ့သော အလင်းရောင်က ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာပြီး ပစ္စုပ္ပန်လောကကို လွှမ်းခြုံသွားသည်။

အကယ်၍ ရှေးခေတ်အင်မော်တယ်များက ကောင်းကင်ဘုံ၏ စိတ်ဆန္ဒဆိုလျှင် ထိုဓားချက်က ကောင်းကင်ဘုံကို ဆန့်ကျင်သော လူသားလောက၏ စိတ်ဆန္ဒ ဖြစ်လိမ့်မည်။

ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော လူသားလောကဓားက ဝမ်ကူးကုန်းမြေမှ ထွက်ပေါ်လာပြီး မြေကြီးအဆင့် သူတော်စင်ကုန်းမြေလေးခု၏ လမ်းကြောင်းကို တားဆီးပိတ်ဆို့လိုက်သည်။

ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်မှ အသံများသည် ဗလာနတ္ထိ၏ ဝါးမျိုခံလိုက်ရသည်။ သို့သော်လည်း သက်ရှိအားလုံး၏ မျက်လုံးထဲတွင် ပုံရိပ်ပြန်လာသည်မှာ သူတို့၏ တစ်ဘဝလုံးစာ မှတ်ဉာဏ်များကို လှုပ်ခါပစ်မည့် အကြွင်းမဲ့ဓားတစ်လက် ဖြစ်သည်။

မြေကြီးအဆင့် သူတော်စင်ကုန်းမြေလေးခုက အပြင်းအထန် တုန်ယင်သွားကြသည်။ ၎င်းတို့၏ ဆင်းသက်လာမှုက အတင်းအကျပ် နှောင့်ယှက်ခံလိုက်ရပြီး ၎င်းတို့က အနောက်သို့ လွင့်စင်သွားကြသည်။ ထိုဓား၏ တိုက်ခိုက်မှုတစ်ခုကိုပင် ၎င်းတို့က မခုခံနိုင်ကြပေ။

နောင်တရသော အရိပ်အယောင်က ရှေးခေတ်နွေဦးအင်မော်တယ်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒီဓားက တကယ် အံ့ဩစရာပဲ… တကယ်လို့ မင်းက အခုလိုအခြေအနေမဟုတ်ဘဲ စစ်မှန်တဲ့ နွေဦးအင်မော်တယ်တစ်ပါးသာဆိုရင် ဒီဓားချက်က ငါ့ကို ခြိမ်းခြောက်နိုင်လိမ့်မယ် ”

“ ဒါပေမဲ့ အခုတော့… ”

ရှေးခေတ်နွေဦးအင်မော်တယ်က ခေါင်းယမ်းလိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်သည်။ သူက လက်ကို ဓားပေါ်သို့ ညင်သာစွာ ဖိချလိုက်သည်။

သူက ထိုဓားကို ဖျက်ဆီးပစ်တော့မည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ သူက တကယ်ကြီး လွဲချော်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော်…

ထိုဓား၏ ဦးတည်ရာက သူ့ကို မဟုတ်ပေ။ ယင်းအစား ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှ အကာအကွယ်ချိပ်တံဆိပ်ကို ဖြစ်သည်။ ယင်းက သက်ရှိအားလုံး၏ ဝင်ခွင့်ထွက်ခွင့်ကို ကန့်သတ်ချုပ်နှောင်ထားသော ချိပ်တံဆိပ် ဖြစ်သည်။

ဓားအလင်းရောင်က မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး အကာအကွယ်ချိပ်တံဆိပ်ပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် လူသားလောကနှင့် ဓားကိုင်ဧကရာဇ်၏ စိတ်ဆန္ဒများက ချိပ်တံဆိပ်ထဲသို့ ပေါင်းစပ်သွားကြပြီး နတ်ဘုရားမျက်နှာပျက်ကြီးထံသို့ ပစ်မှတ်ထားလိုက်ကြသည်။

အကယ်၍ ဓားအလင်းသာ ပေါက်ကွဲသွားမည်ဆိုလျှင် ယင်းကို ပထမဆုံး ခံစားရမည့်လူက နတ်ဘုရားမျက်နှာပျက်ကြီး ဖြစ်သည်။ ထိုအချိန်ကျလျှင် ၎င်းက သေချာပေါက် မျက်လုံးဖွင့်လှစ်လိမ့်မည်။

နတ်ဘုရာမျက်နှာပျက်ကြီး မျက်လုံးဖွင့်လှစ်သည့်အခါ မည်သို့ဖြစ်ပျက်မည်ကိုတော့ မည်သူမှ မသိနိုင်ပေ။

သို့သော်လည်း မသိခြင်းက အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို ထွက်ပေါ်လာစေသည်။

ရှေးခေတ်နွေဦးအင်မော်တယ်၏ အမူအရာက ချက်ချင်း မည်းမှောင်သွားသည်။

ထိုလူသားလောကဓားက သူ့ကို အဓိကပစ်မှတ်ထားနေကြောင်း သူပြောနိုင်သည်။ အကယ်၍ တခြားလူများက ဝမ်ကူးကုန်းမြေထဲသို့ ဝင်ရောက်မည်ဆိုလျှင် ထိုဓားက ပေါက်ကွဲသွားလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း အကယ်၍ သူသာ ဝင်ရောက်မည်ဆိုလျှင် ထိုဓားက ပေါက်ကွဲသွားလိမ့်မည်။

ထို့ကြောင့် သူ၏ လေးနက်သော အကြည့်က အကာအကွယ်ချိပ်တံဆိပ်ကို ဖြတ်သန်းသွားပြီး ဓားကိုင်ဧကရာဇ်ပေါ်သို့ ကျရောက်သွားသည်။

“ ဘယ်လောက်တော်တဲ့ ဂျူနီယာလဲ… အစက မင်းမှာ တကယ်အသက်ပြန်ရှင်နိုင်ဖို့ အခွင့်အရေးတစ်ခုရှိတယ်… ဒါပေမဲ့ မင်းက အဲ့ဒီအခွင့်အရေးကို လက်လွှတ်ပြီး ငါ့ရဲ့ ဆင်းသက်လာမှုကို နှောင့်နှေးစေခဲ့တယ်… ထားလိုက်ပါတော့… မင်းရဲ့ ဓားစိတ်ဆန္ဒက အနှစ်သုံးဆယ်ပဲ တောင့်ခံနိုင်လိမ့်မယ်… ကောင်းပြီ… ငါမင်းကို အချိန်ပေးလိုက်မယ်… မင်းရဲ့ ဓားစိတ်ဆန္ဒ ပျောက်ကွယ်သွားတဲ့အထိ ငါစောင့်နေမယ် ”

ရှေးခေတ်နွေဦးအင်မော်တယ်က ဖြည်းညင်းစွာ ပြောသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ဝေဝါးသွားသည်။ သူက ကောင်းကင်ဘုံအဆင့် သူတော်စင်ကုန်းမြေနှင့် ဟန်ချက်ပြန်ထိန်းနိုင်သွားကြသော မြေကြီးအဆင့် သူတော်စင်ကုန်းမြေများနှင့်အတူ ပြန်ထွက်ခွာသွားသည်။

All Chapters