မုန်တိုင်းထဲမှ ကတိ(က)
Vol. 101 Ch. 1548
ဤအခိုက်အတန့်မှစ၍ ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ကို မီးခိုးအလွှာတစ်ခုက ဖုံးလွှမ်းသွားသည်။
ယင်းက လူသားလောကဓား၏ မီးခိုးအလွှာဖြစ်သည်။
ယင်းက ဓားကိုင်ဧကရာဇ်၏ ဓားစိတ်ဆန္ဒဖြင့် ရေးဆွဲခဲ့သော ပန်းချီကားတစ်ချပ် ဖြစ်သည်။
သူက ဝမ်ကူးကုန်းမြေထဲမှ သက်ရှိအားလုံးအတွက် အနှစ်သုံးဆယ်အချိန်ရအောင် တိုက်ခိုက်ပေးခဲ့သည်။
မှန်ပေသည်။ ယင်းကို သေမျိုးများသာ ခံစားမိကြလိမ့်မည်။
နတ်ဘုရားများအတွက်တော့ ယင်းက ကျင့်ကြံသူအချင်းချင်းကြားမှ တိုက်ပွဲဖြစ်သည်။ ယင်းက ၎င်းတို့နှင့် ဘာမှမသက်ဆိုင်ပေ။
၎င်းတို့ထဲမှ တချို့က ၎င်းတို့၏ အမွှေးတိုင်ပူဇော်မှုများကို မဆုံးရှုံးချင်သောကြောင့် ဤတိုက်ပွဲမှာ ဝင်ပါရန် ရွေးချယ်ခဲ့ကြသည်။
ဥပမာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နတ်ဘုရားသုံးပါးဖြစ်သည်။
ဧကရီကဲ့သို့ နတ်ဘုရားသည်တော့ နောက်ထပ် မရှိပေ။
ထို့ပြင် ဝမ်ကူးကုန်းမြေ၏ မျိုးနွယ်စုများထံမှ အမွှေးတိုင်ပူဇော်မှုများကို စုပ်ယူကြသော နတ်ဘုရားများက အနည်းငယ်သာ ရှိကြသည်။
နတ်ဘုရားအများစုက ၎င်းတို့၏ ကိုယ်ပိုင်နေရာများမှာ အိပ်စက်နေကြသည်။
၎င်းတို့က မလှုပ်ရှားကြချေ။
မည်သို့ဖြစ်ပါစေ ဤစစ်ပွဲက ကျင့်ကြံသူများကြားမှ ကစားပွဲတစ်ခုဖြစ်သည်။
ဤကစားပွဲ၏ ရလဒ်ကို နတ်ဘုရားများက စိတ်မဝင်စားကြချေ။
ဓားကိုင်ဧကရာဇ်သည်တော့ အမှန်မှာ သူက နတ်ဘုရားများ၏ အမြင်ကို လုံးဝဂရုမစိုက်ပေ။ သူ၏ အတွေးများနှင့် ရည်ရွယ်ချက်များက ထိုဓားထဲမှာ ပါဝင်နေပြီးသား ဖြစ်သည်။
ဤအခိုက်အတန့်မှာ သွေးမိုးက ကောင်းကင်ပေါ်မှ ရွာသွန်းလာပြီး လောကပေါ်သို့ ကျဆင်းသွားသည်။
ယင်းက နွေဦးအင်မော်တယ်တစ်ပါး၏ သေဆုံးမှုအတွက် ဖြစ်ပေါ်လာသော သွေးမိုးဖြစ်သည်။ မိုးရေထဲတွင် ဓားကိုင်ဧကရာဇ်က ကောင်းကင်နှင့် မြေပြင်ကြားမှာ ထီးထီးမားမား ရပ်နေသည်။ သူက ခေါင်းလှည့်လိုက်ပြီး လူသားလောကကို နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးလိုက်သည်။
“ ဘဝမှာ စွဲလန်းတပ်မက်မှုတွေကို လက်လွှတ်ဖို့က အရမ်းခက်ခဲတယ်… ဒါပေမဲ့ လက်လွှတ်လိုက်တာက ပြန်လည်မွေးဖွားခြင်းပဲ ”
သူ၏ အပြုံးက ထာဝရအတွက် ဖြစ်သည်။
သေခြင်းအရှိန်အဝါက သူ၏ တစ်ကိုယ်လုံးကို ဝါးမျိုသွားသည့်အခါ သူ၏ အသွေးအသားခန္ဓာကိုယ်က မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။ ထို့နောက် သူက ရုပ်တုအဖြစ် ပြန်ပြောင်းလဲသွားသည်။
သူ၏ ဝိညာဉ်သုံးခုဖြစ်သော ကောင်းကင်၊ မြေကြီးနှင့် လူသားက သူ၏ ခန္ဓာကိုယ်ထဲမှ ပြန်ထွက်ခွာသွားကြသည်။
လူသားဝိညာဉ်က လူသားမျိုးနွယ်၏ မှတ်ဉာဏ်များအဖြစ် ပြန်ပြောင်းလဲသွားပြီး မြေကြီးဝိညာဉ်က လူသားမျိုးနွယ်၏ ပိုင်နက်များဆီသို့ ပြန်သွားသည်။ ကောင်းကင်ဝိညာဉ်သည်လည်း လူသားမျိုးနွယ်၏ ကမ္မအဖြစ် ပြန်ပြောင်းလဲသွားသည်။
စိတ်ဝိညာဉ်ခုနစ်ခုသည်လည်း ထို့အတူပင်။
လူသားဧကရာဇ်ငါးပါးမှ ဖွဲ့စည်းသွားသော စိတ်ဝိညာဉ်များက ပြန်ရောက်လာကြပြီး ၎င်းတို့က ပြန်နိုးလာကြသည်။
ဧကရီ၏ အတိတ်နှင့် အနာဂတ်မှ ဖွဲ့စည်းသွားသော စိတ်ဝိညာဉ်နှစ်ခုသည်လည်း သူ့ဆီသို့ ပြန်ရောက်လာကြသည်။
ဧကရာဇ်ဓားသည်လည်း ထို့အတူပင်။
ဧကရာဇ်ဓားက ပျံသန်းထွက်လာပြီး ရွှီချင်း၏ အရှေ့မှာ ရပ်တန့်သွားသည်။
မိုးက ပိုပြီးသည်းထန်လာသည်။
ရွှီချင်းနှင့် ဧကရီသည် မိုးရေထဲမှာ မတ်တတ်ရပ်နေလျက် ထိုမြင်ကွင်းကို ကြည့်နေကြသည်။ ဝမ်းနည်းပူဆွေးမှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာပြီး အချိန်အတော်ကြာအောင် မပျောက်ကွယ်သွားခဲ့ပေ။
ယင်းက အဝေးမှ လေမတိုက်လာခင်အထိ ကြာမြင့်ခဲ့သည်။ လေက တောင်တန်းများနှင့် မြစ်ချောင်းများကို ဖြတ်သန်းသွားပြီး သွေးမိုးရေစက်နှင့် ထိတွေ့သွားသည်။ ထို့နောက် ဘယ်သောအခါမှ သူတို့မေ့သွားမှာမဟုတ်သည့် သက်ပြင်းချသံက လေထဲမှာ နူးညံ့စွာ ပဲ့တင်ထပ်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ရွှီချင်းက ခေါင်းငုံ့လိုက်ပြီး မဟာဧကရာဇ်၏ ရုပ်တုကို လေးနက်စွာ အရိုအသေပေးလိုက်သည်။
ဧကရီသည်လည်း တိတ်ဆိတ်စွာ အရိုအသေပေးလိုက်သည်။
ထိုမြင်ကွင်းက ဤနေရာကို အာရုံစိုက်နေကြသော ကျင့်ကြံသူအားလုံး၏ စိတ်ထဲမှာ ပန်းချီကားတစ်ချပ်နှယ် တံဆိပ်ရိုက်ခတ်သွားသည်။
တစ်လကြာပြီးနောက်…
အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေများက ဖျက်ဆီးခံလိုက်ရသည့်အခါ ဝမ်ကူးကုန်းမြေထဲမှ စစ်ပွဲများက အဆုံးသတ်သွားသည်။ ရှေးခေတ်နွေဦးအင်မော်တယ်က ဝမ်ကူးကုန်းမြေဆီသို့ မဆင်းသက်လာနိုင်ပေ။ သူက မြေကြီးအဆင့် သူတော်စင်ကုန်းမြေလေးခုကိုလည်း ဝမ်ကူးကုန်းမြေဆီသို့ မစေလွှတ်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ယင်းက အဓိပ္ပာယ်မရှိသောအရာ ဖြစ်သည်။
သို့ဖြစ်၍ ဝမ်ကူးကုန်းမြေထဲမှ အဝါရောင်အဆင့် သူတော်စင်ကုန်းမြေများသည် စွန့်ပစ်ခံအမှိုက်များ ဖြစ်လာကြသည်။ ယင်းက အတိတ်မှာ သူတို့၏ ဘိုးဘေးများက သူတို့ကို ဝမ်ကူးကုန်းမြေမှာ စွန့်ပစ်ခဲ့သည့်အတိုင်းပင်။
အသင်္ချေမျိုးနွယ်စုများ၏ တိုက်ခိုက်မှုအောက်မှာ ထိုအဝါရောင်အဆင့် သူတော်စင်ကုန်းမြေများသည် အညံ့ခံရန်ပင် အခွင့်အရေးမရကြပေ။
၎င်းတို့ကို စောင့်ဆိုင်းနေသည်မှာ သေခြင်းတရားသာ ဖြစ်၏။
မသေဆုံးခင် ရုန်းကန်မှုသည်တော့ အချိန်ကြန့်ကြာစေခြင်းမျှသာ ဖြစ်၏။ သို့သော်လည်း သူတို့က မည်မျှအချိန်ကြန့်ကြာအောင် ပြုလုပ်နိုင်ပါစေ အနှစ်သုံးဆယ်အထိ မတောင့်ခံနိုင်ကြပေ။
လူသားမျိုးနွယ်သည်တော့ တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
လက်ရှိလူသားဧကရီဖြစ်စေ သို့မဟုတ် ဓားကိုင်ဧကရာဇ်၏ ခမ်းနားထည်ဝါမှုဖြစ်စေ ယင်းတို့က လူသားမျိုးနွယ်၏ ဂုဏ်ကျက်သရေကို အသင်္ချေမျိုးနွယ်စုကြားထဲမှာ တစ်ဟုန်ထိုး မြင့်တတ်သွားစေသည်။ ယခု လူသားမျိုးနွယ်သည် အမှောင်ထုထဲမှ အလင်းရောင်ဖြစ်လာသည်။
တစ်လပြည့်ပြီး နောက်တစ်ရက်တွင် လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီးထဲ၌ မိုးက အဆုံးမဲ့စွာ ရွာသွန်းနေစဉ် ရှေးဟောင်းဘုရားကျောင်းတစ်ခု၏ ဂိတ်တံခါးက ပွင့်သွားသည်။
ပုံရိပ်နှစ်ခုက အပြင်သို့ ထွက်လျှောက်လာကြသည်။
သူတို့နှစ်ယောက်က ရွှီချင်းနှင့် အားညိုဖြစ်သည်။
စိတ်ရှုပ်ထွေးမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။
အခြားတစ်ဖက်တွင် အားညို၏ မျက်နှာက ညှိုးမှိုင်နေသည်။ သူ၏ မျက်လုံးအနက်ပိုင်းထဲတွင် စိုးရိမ်သော အရိပ်အယောင်တစ်စွန်းတစ်စ ရှိသည်။
သူတို့၏ အနောက်တွင် သက်ပြင်းချသံက ဘုရားကျောင်းထဲမှ ပျံ့လွင့်လာသည်။
“ နင်တို့ကို အားလုံး ငါပြောပြပြီးပြီ… ဝမ်ကူးကုန်းမြေရဲ့ နွေဦးအင်မော်တယ်နန်းတော်အားလုံးက မကြာခင် ပိတ်တော့မယ် ”
“ ဝမ်ကူးကုန်းမြေက ကပ်ဘေးနဲ့ တွေ့ကြုံတော့မယ့်အခါတိုင်း နွေဦးအင်မော်တယ်နန်းတော်က ပြင်ဆင်မှုတွေကို ပြုလုပ်လိမ့်မယ်… အစွမ်းထက် ပုဂ္ဂိုလ်တွေနဲ့ ကောင်းကင်အရွေးချယ်ခံတွေက အင်မော်တယ်အရင်းအမြစ်ထဲမှာ ငါတို့နဲ့အတူ အိပ်စက်ဖို့ ဖိတ်ခေါ်ခံရလိမ့်မယ် ”
“ အဲ့ဒီအစွမ်းထက် ပုဂ္ဂိုလ်တွေနဲ့ ကောင်းကင်အရွေးချယ်ခံတွေက မျိုးနွယ်စုအသီးသီးရဲ့ အနာဂတ်မျိုးစေ့တွေပဲ ”
“ ကပ်ဘေးပြီးဆုံးသွားတဲ့နောက် ငါတို့က ပြန်နိုးလာကြလိမ့်မယ်… တကယ်လို့ အဲ့ဒီအချိန်မှာ လောကက ပြောင်းလဲသွားမယ်ဆိုရင် ငါတို့ရဲ့ တာဝန်က ကျင့်ကြံသူတွေရဲ့ ခေတ်တစ်ခေတ်ကို ပြန်လည်တည်ဆောက်ဖို့ပဲ… အရင်ကပ်ဘေးတွေတုန်းကလည်း အဲ့ဒီအတိုင်းပဲ လုပ်ဆောင်ခဲ့တယ် ”
“ တခြားလူတွေကို အင်မော်တယ်အရင်းအမြစ်ဆီ စေလွှတ်ပြီးပြီ… ရွှီချင်းနဲ့ အားညို… နင်တို့ ဘာကိုရွေးချယ်မလဲ နင်တို့ဘာသာ ဆုံးဖြတ်ကြပါ… ဒါပေမဲ့ နင်တို့ရဲ့ အဖြေကို အမြန်ဆုံး ငါသိချင်တယ် ”
ယင်းက နွေဦးအင်မော်တယ်နန်းတော်သခင်၏ အသံဖြစ်သည်။
ထိုအသံက ပဲ့တင်ထပ်သွားသည့်အခါ ဘုရားကျောင်း၏ ဂိတ်တံခါးက ဖြည်းညင်းစွာ ပိတ်သွားသည်။ ဘုရားကျောင်းသည်လည်း မိုးရေထဲမှာ ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်။ ဘုရားကျောင်းက လုံးဝပျောက်ကွယ်သွားသည့်အခိုက် ယင်းက သူတို့အိပ်စက်ရမည့်အချိန် ဖြစ်သည်။
သူတို့မှာ အချိန်အများကြီး မကျန်ရှိတော့ပေ။
ရွှီချင်းနှင့် အားညိုသည် မိုးရေထဲမှာ နှုတ်ဆိတ်သွားကြသည်။
လွန်ခဲ့သော လဝက်ခန့်က စစ်ပွဲပြီးဆုံးပြီးနောက် သူတို့သည် နွေဦးအင်မော်တယ်နန်းတော်သခင်ထံမှ ဖိတ်ကြားမှုကို ရရှိခဲ့ကြသည်။
ဤလဝက်အတွင်းမှာ နွေဦးအင်မော်တယ်နန်းတော်သခင်က သူတို့ကို အခွင့်အလမ်းအများကြီး ပေးခဲ့သည်။
ရွှီချင်း၏ အင်မော်တယ်ခန္ဓာကိုယ်က ပိုပြီးတည်ငြိမ်လာသည်။ နွေဦးအင်မော်တယ်နန်းတော်သခင်၏ ကူညီပေးမှုကြောင့် သူ၏ နတ်ဘုရားခန္ဓာကိုယ်ကလည်း သူ၏ အသိစိတ်ဖြင့် ပြန်ပေါင်းစည်းသွားပြီး ပြီးပြည့်စုံသွားသည်။
အားညိုသည်တော့ သူ၏ ကံကြမ္မာကောင်းများက သူ၏ တတိယမြောက်ဘဝ၏ ဦးခေါင်းခွံနှင့် မှတ်ဉာဏ်များနှင့် ဆက်စပ်နေသည်။
နွေဦးအင်မော်တယ်နန်းတော်သခင်၏ အမည်မသိအတတ်ပညာအောက်မှာ အားညိုက ပိုမိုများပြားသော မှတ်ဉာဏ်များကို ရရှိသွားသည်။
သို့သော်လည်း ယင်းက သူတို့ကို စိတ်ရှုပ်ထွေးစေပြီး ညှိုးမှိုင်စေသည့် အဓိကအကြောင်းအရာ မဟုတ်ပေ။
သူတို့ကို ထိုသို့အမူအရာဖြစ်စေသည်မှာ အစောနက နွေဦးအင်မော်တယ်နန်းတော်သခင် ပြောသွားခဲ့သော ကိစ္စဖြစ်သည်။
“ ရွှီချင်း… ပြိုင်ဘက်ကင်း အင်မော်တယ်လမ်းစဉ်ကို နင်လျှောက်လှမ်းခဲ့ပြီး အင်မော်တယ်ခန္ဓာကိုယ်ကို ဖွဲ့စည်းခဲ့တဲ့အချိန် နင့်ကို ငါကူညီပေးခဲ့တာက အကြောင်းမဲ့သက်သက် မဟုတ်ဘူး… နင့်ရဲ့ ဆရာက ငါ့ဆီကို ရောက်လာခဲ့တယ်… ”