ရွှီချင်း၏ ဦးတည်ရာ
Vol. 101 Ch. 1550
ဓားကိုင်ဧကရာဇ်၏ သေဆုံးမှု၊ သူ့ဆရာ၏ တံခါးပိတ်ကျင့်ကြံခြင်း၊ ဧကရီ၏ ကျင့်ကြံမှုနှင့် အားညို၏ ထွက်ခွာမှု အစရှိသော အရာများက ဧရာမနေနာရီပေါ်၌ ဖြည်းညင်းစွာ လှည့်ပတ်နေသော နာရီလက်တံနှင့် ဆင်တူသည်။
အနှစ်သုံးဆယ်ကြာပြီးနောက် လောကက ပြောင်းလဲသွားလိမ့်မည်။
ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်မှ ရှေးခေတ်အင်မော်တယ်သည် သက်ရှိအားလုံး၏ ဦးခေါင်းထက်မှာ ဝဲပျံနေသော ကွပ်မျက်ဓားတစ်လက် ဖြစ်သည်။ အနှစ်သုံးဆယ်ကြာပြီးနောက် လူတိုင်းက သေခြင်းရှင်ခြင်းကပ်ဘေးကို ရင်ဆိုင်ကြရလိမ့်မည်။
ထို့ပြင် အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ထိုအန္တရာယ်ခံစားမှုက ပိုပြီးပြင်းထန်လာကြောင်း မည်သူမဆို အာရုံခံနိုင်လိမ့်မည်။
မည်သို့ဖြစ်ပါစေ အနှစ်သုံးဆယ်သည် သေမျိုးများအတွက် အလွန်ကြာရှည်သော ကာလမဟုတ်ပေ။ ကျင့်ကြံသူများအတွက်တော့ ပြောနေစရာပင် မလိုပေ။
တစ်စုံတစ်ယောက်က တံခါးပိတ်ကျင့်ကြံမည်ဆိုလျှင် အနှစ်သုံးဆယ်ထက် ပိုကြာနိုင်သည်။
မဟာကပ်ဘေးက ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေပြီး လောကကို ဖိနှိပ်ထားသည်။ သို့ဖြစ်၍ မျိုးနွယ်စုတိုင်းသည် နောက်ဆုံးအခြေအနေအတွက် ပြင်ဆင်မှုများကို ပြုလုပ်နေကြသည်။
သို့သော်လည်း သူတို့အတွက် တစ်ခုတည်းသော လွတ်မြောက်လမ်းမှာ နတ်ဘုရားများ၏ ကာကွယ်ပေးမှုကို ရရှိရန် ဆုတောင်းခြင်း ဖြစ်သည်။
သို့ဖြစ်၍ တချို့နေရာများက ယခင်ထက် ပိုပြီးအေးချမ်းသွားစဉ် တချို့နေရာများက ယခင်ထက် ပိုပြီးဖရိုဖရဲဖြစ်လာကြသည်။
ဖရိုဖရဲက ဆက်လက် ဖြစ်ပွားနေသည်။
နတ်ဘုရားများသည်တော့ ၎င်းတို့က မထူးမခြားနား အမူအရာဖြင့် ကြည့်နေကြသည်။
၎င်းတို့အတွက်တော့ ယင်းက စိတ်လှုပ်ရှားဖွယ်ကောင်းသော ပြပွဲတစ်ခုထက် မပိုပေ။
သက်ရှိအားလုံး၏ ဝမ်းနည်းမှုသည်တော့…
နတ်ဘုရားမျက်နှာပျက်ကြီး၏ အောက်မှ ဝမ်ကူးကုန်းမြေထဲတွင် နေထိုင်ရခြင်းသည် အစကတည်းက ခါးသီးမှုနှင့် ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း အတိတ်မှာ ထိုခါးသီးမှုနှင့် ဝမ်းနည်းမှုက သေမျိုးအများစုအတွက်သာ ဖြစ်သည်။ သို့သော်လည်း ယခု လူတိုင်းက ယင်းကို ခံစားနေကြရသည်။
“ အဲ့ဒါကို မျှတတယ်လို့ ဆိုနိုင်တယ် ”
လပူဇော်ဒေသကြီး၏ ကန္တာရထဲမှ ရွှီချင်း၏ ဆေးဆိုင်ငယ်ထဲတွင် ဝိညာဉ်သခင်မယုံကျင်းက ရေနွေးကြိုနေသည်။
အိမ်ရှေ့စံမင်းသားက ထိုင်ခုံမှာ ထိုင်နေပြီး လက်ဖက်ရည်ခွက်ကို တစ်ငုံယူသောက်ကာ နူးညံ့စွာ ပြောသည်။
အဖွားသုံးက သူ့ဘေးမှာ ထိုင်နေပြီး ခေါင်းယမ်းလိုက်သည်။ သူ၏ အကြည့်က အိမ်ရှေ့စံမင်းသားအတွက် ရေနွေးထည့်ပေးနေသော ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။
“ ရွှီချင်း… နင်သေချာ စဉ်းစားပြီးပြီလား ”
ရွှီချင်းက ရေနွေးကရားကို အောက်ချလိုက်ပြီး သူတို့နှစ်ယောက်၏ ဆန့်ကျင်ဘက်မှာ ဝင်ထိုင်လိုက်ကာ ခေါင်းညိတ်ပြသည်။
သူက လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီးထဲမှ ထွက်သွားပြီးနောက် လပူဇော်ဒေသကြီးဆီသို့ အရင်ဆုံး ဦးတည်သွားခဲ့သည်။
သူက မထွက်သွားခင် လင်းအာကို မြင်တွေ့ချင်သလို အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကိုလည်း တွေ့ချင်သည်။
သို့သော်လည်း လင်းအာ၏ တံခါးပိတ်ကျင့်ကြံခြင်းက မပြီးဆုံးသေးပေ။ အဖိုးကိုးက လင်းအာကို ကာကွယ်စောင့်ကြပ်ပေးနေစဉ် ရွှီချင်းက သူ့ကို စစ်ဆေးကြည့်ခဲ့သည်။ သူက လင်းအာကို အနှောင့်မယှက်မပေးပေ။ ယင်းအစား သူက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ကောင်းမွန်စွာ နှုတ်ဆက်လိုက်သည်။
“ ငယ်ရွယ်တဲ့အချိန်မှာ အပြင်ထွက်ပြီး လေ့ကျင့်တာက ကောင်းတဲ့အရာပဲ ”
“ ဒါပေမဲ့ အပြင်ပိုင်းပင်လယ်က အရမ်းအန္တရာယ်များတယ်… မင်းရဲ့ လက်ရှိကျင့်ကြံခြင်းနဲ့ တိုက်ပွဲစွမ်းအားအရ မင်းသာ သေချာဂရုစိုက်မယ်ဆိုရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး… ဒါပေမဲ့ တစ်ခုတော့ မှတ်ထားပါ… အပြင်ပိုင်းပင်လယ်ရဲ့ အနက်ပိုင်းထဲကို မသွားပါနဲ့ ”
အိမ်ရှေ့စံမင်းသားက လက်ဖက်ရည်ခွက်ကို အောက်ချလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ တစ်ခဏ တွေးတောပြီးနောက် သူက ညာလက်ကို မြှောက်လိုက်သည်။ နောက်အခိုက်အတန့်မှာ တာအိုအမှတ်အသားများက လှည့်ပတ်သွားကြပြီး မှော်သင်္ကေတတစ်ခုက သူ့အရှေ့မှ လေထဲမှာ ဖွဲ့စည်းသွားသည်။
“ ဒီမှော်သင်္ကေတက ငါ့ရဲ့ အခွင့်အာဏာကနေ ဖွဲ့စည်းသွားတဲ့အရာပဲ… အဲ့ဒါရဲ့ အကျိုးသက်ရောက်မှုက အမြင်အာရုံကို လှည့်စားနိုင်တယ်… အဲ့ဒါကို စုစုပေါင်း သုံးကြိမ်အသုံးပြုနိုင်တယ်… မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ယူထားလိုက်ပါ ”
ရွှီချင်းက အိမ်ရှေ့စံမင်းသားကို သူ၏ စစ်မှန်သော ဦးတည်ရာကို မပြောပြခဲ့ပေ။ ဤအခိုက်အတန့်မှာ သူက မှော်သင်္ကေတကို ကြည့်လိုက်သည့်အခါ အိမ်ရှေ့စံမင်းသားက သူ့ကို စိုးရိမ်နေကြောင်း သူပြောနိုင်သည်။ သို့ဖြစ်၍ သူက ယင်းကို တိတ်ဆိတ်စွာ ယူလိုက်သည်။
အဖွားသုံးက ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူ၏ အကြည့်က လေးနက်သွားသည်။ တစ်ခဏကြာပြီးနောက် သူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ မြစ်ရှည်တစ်စင်းက ဒြပ်ထည်ဖွဲ့စည်းသွားပြီး ကျောက်စိမ်းပုလင်းတစ်လုံးထဲသို့ ဝင်ရောက်သွားသည်။ သူက ထိုပုလင်းကို ရွှီချင်းထံသို့ ကမ်းပေးလိုက်သည်။
“ အဲ့ဒါက ငါသန့်စင်ထားတဲ့ အချိန်မြစ်ရဲ့ အမျှင်တန်းတစ်ခုပါ ”
ရွှီချင်းက ပုလင်းကို လက်ခံယူလိုက်သည်။ ထို့နောက် သူက အိမ်ရှေ့စံမင်းသားနှင့် အဖွားသုံးကို လေးနက်စွာ အရိုအသေပေးလိုက်သည်။
“ ဂျူနီယာက အခု ထွက်ခွာပါတော့မယ်… အိမ်ရှေ့စံမင်းသားနဲ့ အဖွားသုံး… ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ ”
ရွှီချင်းက နူးညံ့စွာ ပြောသည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး အပြင်သို့ လျှောက်သွားသည်။ သူက ဆေးဆိုင်ထဲမှ ထွက်သွားပြီး ကန္တာရထဲမှာ ပျောက်ကွယ်သွားသည်။
ရွှီချင်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း အဖွားသုံးက နူးညံ့စွာ ပြောသည်။
“ ဒီကလေး သွားမယ့် နောက်ဆုံး ဦးတည်ရာက အပြင်ပိုင်းပင်လယ်မဟုတ်ဘူး ”
အိမ်ရှေ့စံမင်းသားက နှုတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်သည်။
“ အတိတ်မှာ အပြင်ပိုင်းပင်လယ်နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို ငါတို့သိထားကြတယ်… သူသွားမယ့်နေရာက အဲ့ဒီဒဏ္ဍာရီနဲ့ ဆက်စပ်နေလိမ့်မယ် ”
“ အနှစ်သုံးဆယ်ကြာပြီးတဲ့အခါ… ဘာတွေဖြစ်လာမလဲ ”
“ ခမည်းတော်က အပြန်လမ်းမှာ… သူက အချိန်မီ ပြန်ရောက်လာနိုင်တယ် ”
“ ပြန်ရောက်လာတဲ့လူက ငါတို့အဖေ ဖြစ်နေသေးဖို့ ငါမျှော်လင့်တယ်… ဒီတော့ အခု ဒီကလေးထွက်သွားတာ ကောင်းပါတယ် ”
အိမ်ရှေ့စံမင်းသားက တီးတိုးရေရွတ်လိုက်သည်။
အဖွားသုံးက ကောင်းကင်ပေါ်သို့ တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ လပူဇော်ဒေသကြီးထဲတွင် ရွှီချင်းက အရှေ့သို့ တိတ်ဆိတ်စွာ ရွေ့လျားနေသည်။
သူက ဝမ်ကူးကုန်းမြေမှ မထွက်သွားခင် နတ်မိမယ်ကျစ်ရွှမ်းကို တစ်ခေါက်ကြည့်ရန် ဖုန်းဟိုင်ဒေသငယ်ဆီသို့ ခရီးထွက်ရလိမ့်မည်။
ထို့နောက် သူက အချုပ်အနှောင်အားလုံးကို လွှတ်ချပြီး သူရွေးချယ်ထားသော လမ်းကြောင်းအတိုင်း စိတ်အေးလက်အေး ဆက်လျှောက်လိမ့်မည်။
“ အနှစ်သုံးဆယ်… ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး ကောင်းကင်ပေါ်မှာ ရွေ့လျားနေသည်။ နောက်အခိုက်အတန့်မှာ ကောင်းကင်က ရုတ်တရက် တုန်ယင်သွားပြီး ဧရာမကြေးမုံတစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။
ကြေးမုံထဲတွင် ဧရာမတောင်ကြီးတစ်တောင် ထွက်ပေါ်လာသည်။ တောင်ပေါ်တွင် မရေမတွက်နိုင်သော ဘုရားကျောင်းများဖြင့် ပြည့်နှက်နေကြသည်။
အဖွားအိုတစ်ယောက်သည် တောင်ထိပ်ပေါ်မှ ဆင်းသက်လာသည်။
အဖွားအို၏ အနောက်တွင် မုတ်ဆိတ်ဖြူနှင့် အဖိုးအိုတစ်ယောက်က လိုက်ပါလာသည်။
ထိုနှစ်ယောက်ကို မြင်သွားသောအခါ ရွှီချင်းက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး သူ့တို့ကို ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
“ အဖွားငါး… အဖိုးရှစ် ”
အဖွားငါးက ရွှီချင်းကို နွေးထွေးကြင်နာသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူက မည်သည့်စကားမှ မပြောဘဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး သူ၏ အခွင့်အာဏာဖြင့် ပွင့်ချပ်တစ်ခုကို ဖန်တီးလိုက်သည်။
ထိုပွင့်ချပ် ထွက်ပေါ်လာသည့်အခါ အဖွားငါး၏ ခန္ဓာကိုယ်က ပိုပြီးဇရာအိုသွားသည်။
“ ဒါကို ယူသွားပါ… နင်အသက်ရှူနိုင်သေးသရွေ့ ဒီပွင့်ချပ်ကို စားလိုက်မယ်ဆိုရင် နင့်ရဲ့ ဒဏ်ရာတွေက ချက်ချင်း ပြန်ကောင်းသွားလိမ့်မယ် ”
ရွှီချင်းသည် အဖွားငါး၏ ထူးခြားသော အခွင့်အာဏာကို သိထားသည်။ ယင်းကို အသုံးပြုသည့်အခါတိုင်း သူ၏ အသက်ဓာတ်က ကုန်ဆုံးသွားလိမ့်မည်။
သို့ဖြစ်၍ ရွှီချင်းက တုံ့ဆိုင်းသွားသည်။
“ ယူလိုက်ပါ ”
ဘေးမှ အဖိုးရှစ်က ရွှီချင်းကို ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ သူက ဒေါသအခွင့်အာဏာနှင့်အတူ မှော်သင်္ကေတတစ်ခုကို ဖန်တီးလိုက်သည်။ မှော်သင်္ကေတက ပွင့်ချပ်နှင့်အတူ ရွှီချင်းထံသို့ ဦးတည်သွားသည်။
“ ဒီမှော်သင်္ကေတက မင်းရဲ့ တိုက်ပွဲစွမ်းအားကို တစ်ဟုန်ထိုး မြှင့်တင်ပေးလိမ့်မယ်… တန်ကြေးအနေနဲ့ အဲ့ဒါကို မင်းအသုံးပြုပြီးတဲ့အခါ အချိန်တစ်ခဏကြာအောင် အားနည်းသွားလိမ့်မယ် ”
ယင်းတို့က စီနီယာများထံမှ လက်ဆောင်များ ဖြစ်ကြသည်။ ရွှီချင်း၏ နှလုံးသားက နွေးထွေးသွားပြီး သူက ယင်းတို့ကို တိတ်ဆိတ်စွာ လက်ခံယူလိုက်သည်။ သူက စကားပြောတော့မည့်အချိန် ဓားအလင်းတစ်ခုက မြေကြီးထဲမှ ရုတ်တရက် ပေါ်လျှိုးလာပြီး သူ့ထံသို့ ချဉ်းကပ်လာသည်။
လောက၏ အရောင်က ပြောင်းလဲသွားပြီး လေက ကြမ်းတမ်းစွာ တိုက်ခတ်သွားသည်။ အနားသို့ ရောက်ရှိလာသည့်အခါ ဓားအလင်းက မှော်သင်္ကေတတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး ရွှီချင်း၏ အရှေ့မှာ ရပ်တန့်သွားသည်။
အဖိုးကိုး၏ အသံက လောကထဲမှာ ပဲ့တင်ထပ်သွားသည်။
“ အဲ့ဒါက ငါ့ရဲ့ ဓားစိတ်ဆန္ဒပဲ… အဲ့ဒါကို အစွမ်းကုန် ထုတ်လွှတ်မယ်ဆိုရင် အုပ်ချုပ်သူတစ်ပါးကို သတ်နိုင်လိမ့်မယ် ”
ရွှီချင်း၏ အမူအရာက ပြောင်းလဲသွားသည်။ အချိန်တစ်ခဏကြာပြီးနောက် သူက မှော်သင်္ကေတကို သိမ်းဆည်းလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက အဖွားငါး၊ အဖိုးရှစ်နှင့် ဓားအလင်းထွက်ပေါ်လာခဲ့သော မြေကြီးထံသို့ အရိုအသေပေးလိုက်သည်။
နောက်ဆုံးမှာတော့ စီနီယာသုံးယောက်၏ အကြည့်အောက်မှာ သူက လပူဇော်ဒေသကြီးထဲမှ ထွက်သွားသည်။
တစ်ရက်ကြာပြီးနောက်…
ဖုန်းဟိုင်ဒေသငယ်၏ ကောင်းကင်ထက်တွင် ကြယ်အလင်းရောင်တောက်ပသော စေတီတစ်ခုက တိမ်တိုက်များကြားထဲမှာ ထွက်ပေါ်လာသည်။ ရွှီချင်းက စေတီထဲမှ ထွက်လျှောက်လာသည်။
နောက်အခိုက်အတန့်မှာ သူက ဖုန်းဟိုင်ဒေသငယ်အောက်မှ မြေအောက်လှိုဏ်ဂူထဲမှာ ပြန်ထွက်ပေါ်လာသည်။
အတိတ်မှာ ဤနေရာက ရှေးဘုရင်ရွှမ်ယုံ၏ အင်မော်တယ်နန်းတော် တည်ရှိရာနေရာ ဖြစ်ခဲ့သည်။ နတ်မိမယ်ကျစ်ရွှမ်း တံခါးပိတ်ကျင့်ကြံနေသော ဖီးနစ်နန်းဆောင်၏ အပြင်ဘက်တွင် ရွှီချင်းက မတ်တတ်ရပ်နေပြီး ခန်းမဆောင်ထဲသို့ ကြည့်နေသည်။
ဖီးနစ်နန်းဆောင်၏ ဘေးပတ်ဝန်းကျင်က ဟာလာဟင်းလင်းဖြစ်နေသည်။ ဤနေရာတွင် မည်သည့်အသံကိုမှ မကြားရနိုင်သလို မည်သည့်လူသားကိုမှလည်း မမြင်တွေ့နိုင်ပေ။
အတိတ်တွင် ရွှီချင်းက ဤနေရာကို ချိပ်ပိတ်ထားရန် အမိန့်ပေးထားခဲ့သည်။
ထို့ပြင် သူက ဤနေရာမှာ စည်းချအစီအရင်များကို ကိုယ်တိုင် ထပ်တိုးခင်းကျင်းထားပြီး နတ်မိမယ်ကျစ်ရွှမ်း၏ တံခါးပိတ်ကျင့်ကြံခြင်းမှာ မည်သည့်အနှောင့်အယှက်ကိုမှ ခွင့်မပြုပေ။
ထိုစဉ် ကျင်းကန်းဂိုဏ်းဘိုးဘေးက ရွှီချင်း၏ တည်ရှိမှုကို အာရုံခံမိပြီးနောက် နန်းဆောင်၏ အပြင်ဘက်မှာ ချက်ချင်း ထွက်ပေါ်လာသည်။ သူက စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။
“ နှုတ်ဆက်ပါတယ် သခင်… သခင့်ကို ငါအရမ်းလွမ်းနေတာ… ဒါပေမဲ့ စိတ်ချထားပါ သခင်… ဒီနေရာကို ငါကာကွယ်ပေးနေတဲ့ အတောအတွင်း တစ်ခါမှ သတိမလစ်ဟင်းခဲ့ပါဘူး… ပြီးတော့ ဘာမတော်တဆမှုမှလည်း မရှိခဲ့ပါဘူး ”
“ ဖုန်တစ်မှုန်တောင်မှ ငါ့ရဲ့ စောင့်ကြပ်မှုအောက်မှာ ဒီနေရာကို မဝင်လာနိုင်ပါဘူး ”
ကျင်းကန်းဂိုဏ်းဘိုးဘေးက ကျယ်လောင်စွာ အော်ပြောသည်။
သူက မည်မျှအသုံးဝင်ကြောင်း ဖော်ပြချင်သည်။ ထို့ပြင် သူက ဤနေရာမှာ ပျင်းရိနေသော်လည်း အလွန်စိတ်ကျေနပ်သည်။
အဘယ့်ကြောင့်ဆိုသော် အပြင်လောကက အန္တရာယ်များသည်။ ရွှီချင်းနောက်သို့ လိုက်ခြင်းက ပိုပြီးအန္တရာယ်များသေးသည်။ သူက မည်သည့်အချိန်မှာ အမြှောက်စာအဖြစ် အသုံးချခံရမည်ကို အမြဲတမ်း စိုးရိမ်နေရသည်။
အထူးသဖြင့် ရွှီချင်းက ယခင်ထက် အများကြီး ပိုသန်မာလာသည့်အခါ ဖြစ်သည်။ ထိုဆိုလိုရင်းမှာ အကယ်၍ သူသာ အပြင်ထွက်သွားမည်ဆိုလျှင် တိုက်ပွဲဆယ်ခုအနက် အနည်းဆုံး ကိုးခုမှာ သူက အမြှောက်စာအဖြစ် အသုံးချခံရလိမ့်မည်။
ကျင်းကန်းဂိုဏ်းဘိုးဘေးအတွက် ယင်းက အလွန်အန္တရာယ်များသည်။
ထို့ပြင် ယခင်က သူဖတ်ခဲ့ဖူးသော စာအုပ်များအရ ဇာတ်ဆောင်၏ အမျိုးသမီးကို ကာကွယ်ပေးခြင်းသည် ကြီးမားသော အကျိုးဆောင်မှုတစ်ခု ဖြစ်သည်။
သို့ဖြစ်၍ သူက ဤနေရာမှာ အလွန်အသုံးဝင်ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး ဖီးနစ်နန်းဆောင်ထံမှ အကြည့်ပြန်ရုပ်လိုက်သည်။
နတ်မိမယ်ကျစ်ရွှမ်း၏ တံခါးပိတ်ကျင့်ကြံသော ကြာချိန်က ရွှီချင်း၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။
တစ်ခဏကြာပြီးနောက် ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်ပြီး နန်းဆောင်၏ ဘေးဘီကို ကြည့်လိုက်သည်။ သူက တစ်ခဏကြာ တွေးတောပြီးနောက် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ စူးစမ်းလိုသော အကြည့်အောက်မှာ ရုတ်တရက် လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလို နတ်ဘုရားအရှိန်အဝါက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ထိုနတ်ဘုရားအရှိန်အဝါကို ပေတစ်ရာအကျယ်အဝန်းအတွင်းမှာ ချုံ့ထားလိုက်သည့်အခါ ထိုပေတစ်ရာဧရိယာက ဝေဝါးသွားပြီး ပုံပျက်တွန့်လိမ်သွားသည်။
ပုံရိပ်တစ်ခုက ထိုဧရိယာထဲမှာ မတ်တတ်ရပ်နေသည်။ ထို့နောက် ၎င်းက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး မြေအောက်ထဲသို့ နစ်မြုပ်သွားသည်။
ယင်းကို မြင်သောအခါ ပြင်ပလောကအကြောင်းကို ဘာမှမသိထားသော ကျင်းကန်းဂိုဏ်းဘိုးဘေးက မျက်လုံးပြူးကျယ်သွားသည်။
အစောနက သူသည် နောက်ထပ် ရွှီချင်းတစ်ယောက်ကို မြင်တွေ့လိုက်ဟန် ရ၏။
ထို့ပြင် ထိုရွှီချင်းက အလွန်အေးစက်ပြီး သူ့အား ချောက်ချားဖွယ်ကောင်းသော စိတ်ခံစားမှုကို ပေးစွမ်းသည်။
“ သခင်… အဲ့ဒါက… ”
ကျင်းကန်းဂိုဏ်းဘိုးဘေးက နှလုံးတုန်သွားသည်။
“ အဲ့ဒါက ငါ့ရဲ့ နတ်ဘုရားကိုယ်ပွားပါ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက အနားမှာ ရှိနေသောကြောင့် နောင်အနှစ်သုံးဆယ်အထိ လင်းအာ၏ ဘေးကင်းလုံခြုံမှုကို သူစိတ်ပူစရာမလိုပေ။
သို့သော်လည်း နတ်မိမယ်ကျစ်ရွှမ်းကို သူစိတ်ပူသည်။
သို့ဖြစ်၍ သူက သူ၏ နတ်ဘုရားကိုယ်ပွားကို ဤနေရာမှာ ထားရစ်ခဲ့ရန် ရွေးချယ်လိုက်သည်။ နတ်ဘုရားကိုယ်ပွားက နတ်မိမယ်ကျစ်ရွှမ်းကို ကာကွယ်ပေးနေရင်း နတ်ဘုရားအခွင့်အာဏာများကို ဆင်ခြင်နားလည်နေလိမ့်မည်။
သူက နတ်ဘုရားကိုယ်ပွားကို ဤခရီးစဉ်မှာ သူနှင့်အတူ မခေါ်ဆောင်သွားနိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် သူသွားမည့်နေရာက နတ်ဘုရားများကို မကြိုဆိုသောနေရာ ဖြစ်သည်။
သို့သော်လည်း သူ၏ နတ်ဘုရားကိုယ်ပွားက ဝမ်ကူးကုန်းမြေထဲမှာ ကျန်နေခဲ့မည်ဖြစ်သဖြင့် ရွှီချင်း၏ အင်မော်တယ်ကိုယ်ပွားက နတ်ဘုရားအခွင့်အာဏာများကို အသုံးပြုနိုင်တော့မည် မဟုတ်ချေ။
ဥပမာ အသံနတ်ဘုရားအခွင့်အာဏာ၊ ကံကြမ္မာနတ်ဘုရားအခွင့်အာဏာနှင့် တားမြစ်အဆိပ်နတ်ဘုရားအခွင့်အာဏာ အစရှိသော နတ်ဘုရားအခွင့်အာဏာများကို သူ၏ နတ်ဘုရားကိုယ်ပွားကသာ အသုံးပြုနိုင်သည်။
“ ဒါပေမဲ့ ငါ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ်က အန္တိမအင်မော်တယ်ကို ကျင့်ကြံတာကြောင့် ငါ့ရဲ့ တိုက်ပွဲစွမ်းအားက အားမနည်းသွားဘူး ”
ရွှီချင်းက တွေးတောလိုက်ပြီး သူ၏ ရင်ဘက်ကို အာရုံခံလိုက်သည်။
ခရမ်းသလင်းကျောက်က ထိုနေရာမှာ တည်ရှိသည်။ နတ်ဘုရားကိုယ်ပွားကို ပြန်ရရှိပြီးနောက် သူက ခရမ်းသလင်းကျောက်ကို အင်မော်တယ်ခန္ဓာကိုယ်ထဲသို့ ပြောင်းရွှေ့ခဲ့သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းက ဖီးနစ်နန်းဆောင်ကို နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ကျယ်လောင်သော နှုတ်ဆက်မှုအောက်မှာ မြေအောက်လှိုဏ်ဂူထဲမှ ပြန်ထွက်သွားသည်။
သူက ပြန်ပေါ်လာသည့်အခါ ကောင်းကင်ဘုံသူတော်စင်စေတီ၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်နှင့် ရွှေကြွက်လေးက အပြင်သို့ ထွက်လာကြသည်။ ရွှီချင်းက ကောင်းကင်ပေါ်မှာ ရပ်နေပြီး ဖုန်းဟိုင်ဒေသငယ်ကို ကြည့်လိုက်သည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူ၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် သူက ကောင်းကင်ဘုံသူတော်စင်စေတီထဲသို့ ဝင်ရောက်သွားသည်။
စေတီက ဝုန်းခနဲ မြည်သွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
စေတီက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို ဖြတ်သန်းသွားကာ အပြင်ပိုင်းပင်လယ်ဆီသို့ ဦးတည်သွားသည်။
“ အတိတ်တုန်းက အပြင်ပိုင်းပင်လယ်ထဲမှာ ထွက်ပေါ်လာခဲ့တဲ့ အဖိုးအိုက အပြင်ပိုင်းပင်လယ်ကို ရှေးဦးပင်လယ်လို့ ပြောခဲ့တယ် ”
“ ရှေးဦးပင်လယ်က ထူးခြားဆန်းကြယ်တယ်… ရှေးဦးပင်လယ်တည်ရှိတဲ့ နေရာတိုင်းက ဗျူဟာကျပြီး ကြီးပွားတိုးတတ်မှုကို ဖြစ်ပေါ်စေတယ်… ဘာလို့လဲဆိုတော့ ရှေးဦးပင်လယ်က စကြာဝဠာထဲက ကြယ်တာရာစက်ဝန်းအားလုံးကို ဆက်သွယ်ပေးထားလို့ပဲ ”
“ ဒါကြောင့် အပြင်ပိုင်းပင်လယ်ဆိုတာ တကယ်တော့ တခြားကြယ်တာရာစက်ဝန်းတွေဆီ သွားနိုင်တဲ့ လမ်းကြောင်းပဲ… ဝမ်ကူးကုန်းမြေရဲ့ ရှေးဦးပင်လယ်က ပိုပြီးထူးခြားဆန်းကြယ်တယ်… အခု အဲ့ဒါက ချိပ်ပိတ်ခံထားရပြီး ဝင်ထွက်ဖို့ အက်ကွဲကြောင်းတချို့ပဲ ကျန်ရှိတော့တယ် ”
“ ဒါ့အပြင် အဲ့ဒီအက်ကွဲကြောင်းတွေကနေ ဖြတ်သန်းသွားဖို့အတွက် တစ်စုံတစ်ယောက်က နွေဦးအင်မော်တယ်ရဲ့ ကျင့်ကြံခြင်းရှိရမယ်လို့ အဲ့ဒီအဖိုးအိုက ပြောသွားခဲ့တယ် ”
ရွှီချင်းက စေတီထဲမှာ တင်ပျဉ်ခွေထိုင်နေသည်။ စေတီက အပြင်ပိုင်းပင်လယ်ဆီသို့ ရွေ့လျားသွားနေစဉ် သူက လက်မြှောက်လိုက်ပြီး အဖြူရောင်အကြေးခွံတစ်ခုကို ထုတ်လိုက်သည်။
ထိုအကြေးခွံက တုံကင်တစ်ခုနှင့် ဆင်တူသည်။
ထိုတုံကင်ကို သူက နွေဦးအင်မော်တယ်နန်းတော်မှ မထွက်လာခင် သူ၏ ကိုယ်ပိုင်ကံကြမ္မာကောင်းများဖြင့် လဲလှယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းက ရှေးဦးပင်လယ်ဖြတ်ကျော်ခွင့်တုံကင် ဖြစ်သည်။
ထိုတုံကင်ဖြင့်ဆိုလျှင် သူက နွေဦးအင်မော်တယ်ကျင့်ကြံခြင်းမရှိသည့်တိုင် တခြားကြယ်တာရာစက်ဝန်းများဆီသို့ ခရီးထွက်နိုင်လိမ့်မည်။
သို့သော်လည်း အန္တရာယ်က ပိုပြီးများလိမ့်မည်။
ဤတုံကင်က အလွန်တန်ဖိုးကြီးမားပြီး နွေဦးအင်မော်တယ်နန်းတော်ထဲမှာ သုံးခုသာ ရှိသည်။
ရွှီချင်းက တုံကင်ကို စိုက်ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက ခေါင်းမော့လိုက်ပြီး အဖိုးအို နောက်ဆုံးပြောသွားခဲ့သော စကားကို ပြန်စဉ်းစားလိုက်သည်။
“ အဲ့ဒီနေရာက လူသားတွေ အုပ်ချုပ်တဲ့ လောကဖြစ်ပြီး အင်မော်တယ်တွေရဲ့ လောကဖြစ်တယ် ”
“ အဲ့ဒီနေရာက အမှတ်ငါးကြယ်တာရာစက်ဝန်းပဲ… အဲ့ဒါရဲ့ နာမည်က… အင်မော်တယ်မြို့တော် ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တုံကင်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး တရားထိုင်လိုက်သည်။
ထိုသို့ဖြင့် အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။
လေးနာရီကြာပြီးနောက် ကောင်းကင်ဘုံသူတော်စင်စေတီက တားမြစ်ပင်လယ်ပေါ်မှာ ဖြတ်သန်းသွားသည်။ ၎င်းက အပြင်ပိုင်းပင်လယ်နှင့် အတွင်းပိုင်းပင်လယ်ကို ကာဆီးထားသော နယ်နိမိတ်စည်းနှင့် တဖြည်းဖြည်း နီးကပ်လာသည်။
ထိုအခိုက်အတန့်မှာ ဆွဲဆောင်မှုရှိသော ရယ်မောသံက ကောင်းကင်ဘုံသူတော်စင်စေတီ၏ အပြင်ဘက်မှာ ရုတ်တရက် ပျံ့လွင့်သွားသည်။
“ ကောင်ဆိုးလေး… မင်းရဲ့ ယန်အဆီအနှစ်က တကယ်ကြီး ပြန်ရောက်လာပြီ… "