ဝမ်ကူးကုန်းမြေမှ ထွက်သွားခြင်း… အင်မော်တယ်မြို့တော်သို့ ခြေချခြင်း
Vol. 101 Ch. 1552
ဝဲကတော့များထွက်ပေါ်လာသည်နှင့် အပြင်ပိုင်းပင်လယ်၏ ကောင်းကင်ပေါ်မှာ လျှပ်စီးများ တဝင်းဝင်း လင်းလက်သွားသည်။
အနီရောင်လျှပ်စီးက အနီရောင်မြွေများအလား ကောင်းကင်ပေါ်မှာ ရွေ့လျားကူးခတ်နေကြပြီး ဧရိယာအားလုံးကို ဖုံးလွှမ်းသွားသည်။
ဤသည်မှာ မရေမတွက်နိုင်သော အနီရောင်အက်ကွဲကြောင်းများက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည့်အလားပင်။
ထို့ပြင် ထိုအက်ကွဲကြောင်းများထဲမှာ ရှေးဟောင်းချိပ်တံဆိပ်များက ပုန်းအောင်းနေကြဟန် ရ၏။ သို့မဟုတ် မမြင်နိုင်သော ဧရာမတည်ရှိမှုတစ်ခုက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းနေသည့်အလားပင်။
မိုးခြိမ်းသံက အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည့်အခါ အက်ကွဲကြောင်းများက ပိုပြီးထိတ်လန့်ဖွယ်ကောင်းလာသည်။ ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။
ဗုန်း… ဗုန်း… ဗုန်း…
ကြမ်းတမ်းသော လေပြင်းက ဤအခိုက်အတန့်မှာ တိုက်ခတ်လာသည်။ ယင်းက အဆုံးမဲ့ပြီး အလွန်ကြမ်းတမ်းသည်။
ထို့ပြင် ထိတ်လန့်ဖွယ်ကောင်းသော ထိုပြောင်းလဲမှုအောက်မှာ ရှေးဦးပင်လယ်၏ ပင်လယ်ရေက ပရမ်းပတာ လှုပ်ခတ်သွားသည်။
ပင်လယ်ရေက အဆုံးမဲ့စွာ ပေါ်လျှိုးလာသည်။
အသံလှိုင်းများက ပင်လယ်ရေ၏ မျက်နှာပြင်ကို ရိုက်ခတ်သွားသည့်အခါ ကမ္ဘာတုန်ဟီးစေနိုင်သော ထိတ်လန့်ဖွယ် ပေါက်ကွဲသံများကို ဖြစ်ပေါ်လာစေသည်။ ဤသည်မှာ ပင်လယ်က ကောင်းကင်ကို မာန်ဖီဟိန်းဟောက်နေသည့်အလားပင်။
တစ်ချိန်တည်းမှာ အပြင်ပိုင်းပင်လယ်ထဲမှ နတ်ဘုရားအများအပြားသည် အိပ်စက်နေခြင်းမှ မျက်လုံးဖွင့်လိုက်ကြသည်။
၎င်းတို့အားလုံးက ထိုမြင်ကွင်းကို စိုက်ကြည့်လိုက်ကြသည်။ သို့သော်လည်း ၎င်းတို့က ယင်းကို မတားဆီးကြသလို ကိုယ့်ကိုယ်ကိုယ်လည်း မထုတ်ဖော်ကြချေ။
၎င်းတို့က ၎င်းတို့၏ နတ်ဘုရားအရှိန်အဝါကို ချုပ်ထိန်းထားကြသည်။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားများအတွက်တော့ ဤအပြင်ပိုင်းပင်လယ်၏ ကျယ်ပြောမှုက ၎င်းတို့၏ ဘဝအဆင့်အတန်းထက် သာလွန်သည်။ ထိုအဖြစ်အပျက်က ရှေးဦးပင်လယ်၏ အထွတ်အမြတ်နတ်ဘုရားအခွင့်အာဏာ ဖြစ်သည်။
ယင်းကို ဝင်ရောက်နှောင့်ယှက်သော မည်သူမဆို ကြယ်တာရာစက်ဝန်း၏ စွမ်းအားကို တွေ့ကြုံခံစားရလိမ့်မည်။
ထို့ပြင် ကြီးမားသော အပြောင်းအလဲများက အပြင်ပိုင်းပင်လယ်ထဲမှာသာ ဖြစ်ပေါ်နေခြင်း မဟုတ်ပေ။
ဤအခိုက်အတန့်မှာ အတွင်းပိုင်းပင်လယ်နှင့် ဝမ်ကူးကုန်းမြေတစ်ခုလုံးလည်း တုန်ယင်သွားသည်။ အကယ်၍ ဤအခိုက်အတန့်မှာ မျက်လုံးတစ်စုံကသာ ဝမ်ကူးကုန်းမြေတစ်ခုလုံးကို ခြုံငုံကြည့်နိုင်မည်ဆိုလျှင်…
ဒေသကြီးများက တုန်လှုပ်နေပြီး မရေမတွက်နိုင်သော တောင်တန်းများက ပြိုကျပျက်စီးသွားကာ မြစ်ချောင်းများက ပြောင်းပြန်စီးဆင်းနေကြောင်း မြင်နိုင်လိမ့်မည်။ သက်ရှိအားလုံးက တုန်လှုပ်ချောက်ချားနေကြသည်။
ရှေးဦးပင်လယ်၏ လမ်းကြောင်းကို နောက်ဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်းမြောက်များစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ ရွှီချင်းသာ ရွှံ့မြေခွေးပြောခဲ့သော နည်းလမ်းအတိုင်း လုပ်ဆောင်ခဲ့မည်ဆိုလျှင် ထိုမျှအတိုင်းအတာထိ သက်ရောက်မှုရှိလိမ့်မည် မဟုတ်ချေ။ ယင်းက သေးငယ်သော ဆူပူအုံကြွမှုကိုသာ ဖြစ်ပေါ်စေလိမ့်မည်။
ကြယ်တာရာစက်ဝန်းမြက်ကို မီးရှို့ခြင်းသည် ရှေးဦးပင်လယ်၏ နတ်ဘုရားအခွင့်အာဏာကို လှုံ့ဆော်နိုင်သော အထူးဆန်းဆုံး နည်းလမ်းဖြစ်သည်။
ထို့ကြောင့် ကြယ်တာရာစက်ဝန်းမြက်က အလွန်အမင်း ရှားပါးသည်။ သို့ဖြစ်၍ ထိုမြင်ကွင်းက ရွှံ့မြေခွေးကို မျက်လုံးပြူးကျယ်သွားစေပြီး သူ၏ စိတ်ခံစားချက်များကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။
ရွှီချင်းသည်လည်း ထိုသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သို့သော်လည်း ဤအခိုက်အတန့်မှာ သူ၏ စိတ်အာရုံက ထိုအဖြစ်အပျက်ကြောင့် မလှုပ်ခတ်သွားပေ။ ယင်းအစား သူက အပြင်ပိုင်းပင်လယ်ပေါ်မှ ဧရာမဝဲကတော့(၃၅)ခုကိုသာ အာရုံစိုက်ထားသည်။
သူ၏ အသိစိတ်က လှိုင်းထသွားသည်။
ဝဲကတော့တစ်ခုစီတိုင်းက မြို့တစ်မြို့၏ အရွယ်အစားခန့်ရှိပြီး ယင်းတို့က တစ်ပုံစံတည်း တူညီကြသည်။
ယင်းတို့၏ အကျယ်အဝန်းသော်လည်းကောင်း၊ အရှိန်အဝါသော်လည်းကောင်း သို့မဟုတ် လှည့်ပတ်သော အမြန်နှုန်းသော်လည်းကောင်း တစ်ပုံစံတည်း တူညီကြသည်။
သို့ဖြစ်၍ မည်သည့်ဝဲကတော့က မည်သည့်ကြယ်တာရာစက်ဝန်းဖြစ်ကြောင်း ပြောရန် အလွန်ခက်ခဲသည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ အသိစိတ်ကို ပိုပြီးလှိုင်းထသွားစေသည်မှာ ထိုဝဲကတော့(၃၅)ခုက အချိန်နှင့် လေဟာနယ်စွမ်းအားကို ထုတ်လွှတ်နေကြခြင်း ဖြစ်သည်။
အကယ်၍ တခြားကျင့်ကြံသူသာဆိုလျှင် သူတို့က ယင်းကို ထိုမျှအသေးစိတ် အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ရွှီချင်းက ကွဲပြားခြားနားသည်။
သူ၏ လက်ရှိအင်မော်တယ်ခန္ဓာကိုယ်က အန္တိမတာအိုဆယ်ခုကို ကျင့်ကြံသည်။
ပထမအန္တိမငါးခုက အန္တိမဒြပ်စင်ငါးမျိုးဖြစ်ပြီး ဆဌမမြောက် အန္တိမက ရေတွင်းထဲမှ လကို မျှားခြင်းမှ ဖွဲ့စည်းသွားသော လေဟာနယ်ဖြစ်သည်။
သတ္တမမြောက် အန္တိမသည်တော့ နေနာရီများမှ ဖွဲ့စည်းသွားသော အချိန်ဖြစ်သည်။
သို့ဖြစ်၍ အချိန်နှင့် လေဟာနယ်အပေါ် သူ၏ အာရုံခံနိုင်မှုက တခြားလူများထက် အများကြီး သာလွန်သည်။ ထို့ကြောင့် သူက ဝဲကတော့(၃၅)ထံမှ အစဉ်မပြတ် ထွက်ပေါ်နေသော အချိန်နှင့် လေဟာနယ်စွမ်းအားကို အာရုံခံနိုင်သည်။
ယင်းက သူ၏ ဆဌမမြောက်အန္တိမနှင့် သတ္တမမြောက်အန္တိမကို ဝေဝေဝါးဝါး တုံ့ပြန်နေသည်။
ထိုတုံ့ပြန်မှုက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ အချိန်နှင့် လေဟာနယ်ကို လွန်ဆွဲနေဟန် ရ၏။ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှာ အားလှိုင်းအတတ်အကျများကို ဖြစ်ပေါ်စေသည်။
ထိုအချက်အားလုံးက ရွှီချင်းကို အနည်းငယ် အသက်ရှူမြန်စေသည်။
ထိုဝဲကတော့(၃၅)ခုထဲမှာ အချိန်နှင့် လေဟာနယ်၏ လျှို့ဝှက်ချက်များ ကိန်းအောင်းနေသည်ဟု သူခံစားမိသည်။
သူက နက်နဲစွာ တွေးတောတော့မည့်အချိန် သူ့ဘေးမှ ရွှံ့မြေခွေးက သက်ပြင်းရှည်ကြီးချလိုက်သည်။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။
“ မဆိုးဘူးကောင်လေး… မင်းမှာ ကြယ်တာရာစက်ဝန်းမြက်ရှိတယ်… အဲ့ဒါက ငါမမျှော်လင့်ထားတဲ့အရာပဲ ”
“ ဒါပေမဲ့ ကြယ်တာရာစက်ဝန်းမြက်က လမ်းကြောင်းပဲ ဖွင့်လှစ်ပေးနိုင်တယ်… မင်းရဲ့ ဖြတ်ကျော်ခွင့်တုံကင်က အတိုင်းအတာတစ်ခုထိ မင်းကို ကာကွယ်ပေးနိုင်ပြီး အရှေ့ဆက်သွားနိုင်အောင်လို့ လမ်းညွှန်ပေးနိုင်တဲ့အပြင် အထဲမှာ လမ်းမပျောက်သွားအောင်လည်း ကာကွယ်ပေးနိုင်တယ် ”
“ ဒါပေမဲ့ လမ်းကြောင်းထဲကို ဝင်ရောက်ပြီဆိုရင် မင်းတွေ့ကြုံရမယ့် အန္တရာယ်က လမ်းပျောက်တာ တစ်ခုတည်းမဟုတ်ဘူး… အဲ့ဒီထဲမှာ လေဟာနယ်ဆုတ်ဖြဲအား ရှိတယ်… မင်းက ကြယ်တာရာစက်ဝန်းတွေကြားမှာ ခရီးသွားမယ်ဆိုရင် အဲ့ဒီလေဟာနယ်ဆုတ်ဖြဲအားကို ရင်ဆိုင်ရလိမ့်မယ် ”
“ ဒီတော့… တကယ်လို့ မင်းက လမ်းကြောင်းထဲမှာ ဘေးကင်းကင်းနဲ့ ခရီးသွားချင်တယ်ဆိုရင် စကြာဝဠာအဆင့် ရတနာတစ်ခုကို လိုအပ်လိမ့်မယ်… မင်းမှာ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ရှိတယ်ဆိုပေမဲ့ အဲ့ဒါက… ”
ရွှံ့မြေခွေး၏ စကားမဆုံးခင်မှာ ရွှီချင်းက သူ၏ ကောင်းကင်ဘုံသူတော်စင်စေတီကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။
သူက စေတီထံသို့ လက်ညှိုးညွှန်လိုက်သည်။
ထိုအခါ စေတီက တုန်ယင်သွားပြီး ကြယ်တာရာကောင်းကင်၏ အရှိန်အဝါကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ထိုမြင်ကွင်းက ရွှံ့မြေခွေး၏ မျက်လုံးကို နောက်တစ်ကြိမ် ပြူးကျယ်သွားစေသည်။
“ မင်းရဲ့ စေတီက စိတ်ဝင်စားစရာပဲ… အဲ့ဒါက ငါ့ရဲ့ စိတ်အာရုံကို တကယ်ကြီး ပိတ်ဆို့နိုင်ခဲ့တယ်… အစောနက အဲ့ဒါရဲ့ အနှစ်သာရကို ငါအာရုံမခံနိုင်ခဲ့ဘူး… အဲ့ဒါရဲ့ ဇစ်မြစ်က… အင်း… ဖြစ်သင့်ပါတယ် ”
ရွှံ့မြေခွေးက နှလုံးတုန်ယင်သွားသော်လည်း အပြင်ပန်းတွင်တော့ မျက်တောင်သာ ခတ်လိုက်သည်။ သူ၏ အကြည့်က စေတီထံမှ ရွှေ့ပြောင်းသွားပြီးနောက် သူက တည်ငြိမ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူက ဆက်လက် ပြောသည်။
“ စောစောက ငါပြောခဲ့တာတွေက အဓိကအချက်မဟုတ်ဘူး… ကောင်လေး… တခြားကြယ်တာရာစက်ဝန်းတွေဆီ သွားဖို့ ရှေးဦးပင်လယ်ကို အသုံးပြုမယ်ဆိုရင် မင်းသေချာရွေးချယ်ရမယ် ”
“ မင်းက ဒီလောက် ပြင်ဆင်ထားမှတော့ မင်းသွားချင်တဲ့ ကြယ်တာရာစက်ဝန်းတစ်ခု သေချာပေါက် ရှိရမယ် ”
“ ဒါပေမဲ့ ဒီဝဲကတော့(၃၅)ခုက ပရမ်းပတာဖြစ်နေပြီး အစီအစဉ်တကျ မရှိဘူး… ဒါကြောင့် မင်းက မှန်ကန်တဲ့ လမ်းကြောင်းကို ရှာဖွေချင်တယ်ဆိုရင် မရေမတွက်နိုင်တဲ့ သဲလွန်စတွေပေါ် အခြေခံပြီး ကောက်ချက်ချရလိမ့်မယ် ”
“ အဲ့ဒါက စိတ်စွမ်းအားကို အများကြီး ကုန်ဆုံးစေလိမ့်မယ်… အဲ့ဒီအတွက် မင်းကို ငါကူညီပေးနိုင်တယ်… ဒါပေမဲ့ တန်ကြေးကတော့… ”
ရွှံ့မြေခွေးက စကားပြောလိုက်ပြီးနောက် နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ အကြည့်က ပိုပြီးပူလောင်လာသည်။
ရွှီချင်းက ရွှံ့မြေခွေးကို ကြည့်လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ ရွှေကြွက်လေးကို တိတ်တဆိတ် ထုတ်လိုက်သည်။
“ ငါ့မှာ သန္ဓေပြောင်းသားရဲတစ်ကောင် ရှိတယ်… ဒီသားရဲက အရမ်းရှားပါးတယ်… ငါသွားမယ့်နေရာမှာ သူ့ရဲ့ အမျိုးအနွယ်ရှိတယ် ”
ရွှေကြွက်လေးသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံအောက်မှာ ၎င်းက အောက်ဘက်မှ ဝဲကတော့(၃၅)ခုကို လှမ်းကြည့်လိုက်သည်။ ၎င်းက အနံ့ခံလိုက်ပြီး ရွှေရောင်အလင်းတန်းအသွင် ပြောင်းလဲသွားကာ ဝဲကတော့(၃၅)ခု၏ အပေါ်မှာ ပျံသန်းလိုက်သည်။
သို့သော်လည်း ၎င်းက ဝဲကတော့များကို ကြည့်ရုံသာ ကြည့်လိုက်သောကြောင့် ဘာမှအာရုံမခံမိပေ။ ၎င်းက နေရာမှာ ရပ်လိုက်ပြီး ရွှီချင်းကို မျက်တောင်တဖျပ်ဖျပ်ခတ်၍ ကြည့်လိုက်သည်။
ရွှံ့မြေခွေးက ပြုံးလိုက်သည်။
“ မင်းရဲ့ အကောင်က ဘာမှမလုပ်နိုင်တဲ့ပုံပဲ ”
ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို ချက်ချင်း ပို့လွှတ်လိုက်သည်။
ရွှေကြွက်လေး၏ အမွှေးများက ထောင်မတ်သွားကြသည်။ ထို့နောက် ရွှေရောင်အလင်းက ၎င်း၏ တစ်ကိုယ်လုံးမှာ ထွန်းလင်းတောက်ပလာသည်။ ထို့အတူ ၎င်း၏ မျိုးဆက်သွေးစွမ်းအားက ပေါ်လျှိုးလာသည်။
နောက်အခိုက်အတန့်မှာ ရွှေကြွက်လေး၏ ဘေးပတ်ပတ်လည်က ပုံပျက်တွန့်လိမ်သွားပြီး စတင်ဝေဝါးသွားသည်။ ဤသည်မှာ ဝဲကတော့(၃၅)ခု၏ အချိန်နှင့် လေဟာနယ်က အဝေးသို့ ဖယ်ရှားခံလိုက်ရသည့်အလားပင်။
ထိုမြင်ကွင်းက ရွှံ့မြေခွေးကို မျက်မှောင်ကြုတ်သွားစေသည်။
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်ပြီး ရွှေကြွက်လေးကို ကူညီပေးရန် သူ၏ အန္တိမလေဟာနယ်တာအိုနှင့် အန္တိမအချိန်တာအိုကို ထုတ်လွှတ်လိုက်သည်။
နောက်အခိုက်အတန့်မှာ ရွှေကြွက်လေး၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ၎င်း၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော ရွှေရောင်အလင်း ထွက်ပေါ်လာသည်။ ၎င်းက ဝဲကတော့အားလုံးကို စိုက်ကြည့်လိုက်သည်။
မကြာမီ ၎င်းက အရှေ့သို့ ပြေးထွက်သွားသည်။
၎င်းက အမှတ်သုံးဝဲကတော့၊ အမှတ်ဆယ့်ငါးဝဲကတော့၊ အမှတ်သုံးဆယ့်တစ်ဝဲကတော့နှင့် အမှတ်သုံးဆယ့်ငါးဝဲကတော့၏ အရှေ့မှာ အစဉ်လိုက် ရပ်တန့်သွားသည်။
ထို့နောက် ရွှေကြွက်လေးက တကျွီကျွီမြည်သံကို ထုတ်ဖော်လိုက်ပြီး ရွှီချင်း၏ ချီးကျူးမှုကို တောင်းဆိုသည်။
ထို့နောက် ၎င်းက ရွှီချင်း၏ လက်မောင်းပေါ်သို့ ချက်ချင်း ပြန်ရောက်လာပြီး ပင်ပန်းနွမ်းနယ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။
ရွှီချင်းက အမြန်မေးသည်။
“ ဘယ်တစ်ခုက မင်းကို အပြင်းထန်ဆုံး ခံစားမှုပေးလဲ ”
ရွှေကြွက်လေးက တစ်ခဏ စဉ်းစားလိုက်ပြီး ဝဲကတော့(၃၅)ခုကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ထို့နောက် ၎င်းက တကျွီကျွီမြည်သံနှင့်အတူ ၎င်း၏ လက်သည်းကို မြှောက်လိုက်ပြီး အမှတ်သုံးဆယ့်သုံးဝဲကတော့ထံသို့ ညွှန်ပြလိုက်သည်။
ထိုမြင်ကွင်းက ရွှံ့မြေခွေး၏ မျက်လုံးထဲမှာ အေးစက်မှုကို ထွက်ပေါ်လာစေသည်။ သူက ရွှေကြွက်လေးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ရွှေကြွက်လေးက ခန္ဓာကိုယ်တုန်ယင်သွားပြီး သိုလှောင်အိတ်ထဲသို့ အမြန်ပြန်ဝင်သွားသည်။
ရွှီချင်းက အမှတ်သုံးဆယ့်သုံးဝဲကတော့ကို စိုက်ကြည့်လိုက်သည့်အခါ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ လိုအပ်ချက်အားလုံးက ပြည့်စုံသွားပြီ ဖြစ်သည်။ အမှတ်သုံးဆယ့်သုံးဝဲကတော့က အမှတ်ငါးကြယ်တာရာစက်ဝန်းဖြစ်ကြောင်း အပြည့်အဝ သူမသေချာသော်လည်း အနည်းဆုံးတော့ ယင်းက ဖြစ်နိုင်ခြေအများဆုံး ဖြစ်သည်။
မည်သို့ဖြစ်ပါစေ အတိတ်မှာ သူတွေ့ဆုံခဲ့သော အဖိုးအို၏ ဘေးမှ ရွှေကြွက်သည် အလွန်အမင်း သန်မာသည်။
သို့ဖြစ်၍ ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဤနေရာထိ သူနှင့်အတူ လိုက်လာခဲ့သော ရွှံ့မြေခွေးကို နှုတ်ဆက်ရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှံ့မြေခွေးက ထပ်မံ ရယ်လိုက်သည်။
“ အို… မမရဲ့ နတ်ဆိုးလေးကတော့… ကောင်းပါပြီ… ကောင်းပါပြီ… ”
သူက ရယ်မောလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က ရွှေရောင်တောက်ပလာသည်။ ထို့နောက် သူက နူးညံ့သိမ်မွေ့စွာ အသက်ရှူထုတ်လိုက်သည်။
ထိုအသက်ငွေ့က လောကကို တုန်ယင်သွားစေပြီး နောက်ဆုံးမှာတော့ လက်ဝါးအရွယ်ခန့် မြေခွေးလေးအဖြစ် အသွင်ပြောင်းလဲသွားသည်။
၎င်းက ရွှံ့မြေခွေး၏ ကိုယ်ပွားဖြစ်သည်။
ထို့ပြင် သူက ရွှီချင်းကို ငြင်းဆန်ရန် လုံးဝအခွင့်အရေးမပေးချေ။
မြေခွေးက ရွှီချင်း၏ ပုခုံးပေါ်သို့ မြန်ဆန်စွာ ခုန်တတ်သွားပြီး လျှာထုတ်လိုက်ကာ ရွှီချင်း၏ လည်ပင်းကို လျက်လိုက်သည်။ ထို့နောက် သူက ညှို့ဓာတ်ပြင်းသော အမူအရာကို ထုတ်လိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြောသည်။
“ အို… မမရဲ့ ကောင်ဆိုးလေး… မင်းဘာလို့ ရပ်နေတာလဲ… ငါတို့သွားကြမယ်လေ ”
ရွှံ့မြေခွေး၏ ရောက်ရှိလာမှုဖြစ်စေ သို့မဟုတ် သူ၏ လည်ပင်းပေါ်မှ နူးညံ့သော အထိအတွေ့ဖြစ်စေ ယင်းတို့က ရွှီချင်း၏ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေသည်။
အချိန်တစ်ခဏကြာပြီးနောက် သူက ခေါင်းလှည့်လိုက်ပြီး သူ၏ ပခုံးပေါ်မှ မြေခွေးလေးကို ကြည့်လိုက်သည်။
“ စီနီယာ… ”
“ ဘာကို စီနီယာလဲ… သူစိမ်းဆန်လိုက်တာ… ငါ့ကို မမလို့ ခေါ်ရမယ် ”
မြေခွေးလေးက သူ့ကို အမှန်ပြင်ပေးလိုက်သည်။ ထို့နောက် သူက ရွှီချင်း၏ လည်ပင်းကို ပုတ်လိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြောသည်။
“ အစကတော့ မင်းနဲ့ အတူလိုက်ဖို့ ငါ့မှာ အစီအစဉ်မရှိဘူး… ဒါပေမဲ့ မင်းက ငါ့ကို လုံးဝ အခွင့်အရေးမပေးဘူးလေ… ဒါကြောင့် ငါ့ရဲ့ မူလခန္ဓာကိုယ်ကို ဝမ်ကူးကုန်းမြေမှာ ထားရစ်ခဲ့ပြီး ကိုယ်ပွားက မင်းနဲ့အတူလိုက်သွားဖို့ ငါဆုံးဖြတ်လိုက်ပြီ ”
“ ဒီခရီးစဉ်မှာ မင်းရဲ့ ယန်အဆီအနှစ်ကို ငါ့ကို လိုလိုလားလား ပေးလာဖို့ အခွင့်အရေးတစ်ခု ငါမရှာဖွေနိုင်ဘူးဆိုတာ မယုံဘူး ”
“ မင်းဘာကို စောင့်နေသေးတာလဲ… သွားကြစို့ ”
မြေခွေးလေးက စိတ်အားထက်သန်စွာ ပြောသည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ စီနီယာ… အခု ငါသွားမယ့် နေရာက နတ်ဘုရားတွေကို မကြိုဆိုဘူး ”
ယင်းကို မြေခွေးလေးကြားသောအခါ သူက တခစ်ခစ် ရယ်လိုက်သည်။
“ ဝမ်ကူးကုန်းမြေက အသင်္ချေမျိုးနွယ်စုတွေကရော နတ်ဘုရားတွေကို ကြိုဆိုလို့လား… ငါဂရုမစိုက်ပေါင်… မင်းတစ်ယောက်က ငါ့ကို ရင်းနှီးစွာ ဆက်ဆံသရွေ့ အားလုံးအဆင်ပြေပါတယ်… ပြီးတော့ ဒီဟာက ကိုယ်ပွားတစ်ခုလေးပါ… ကိစ္စမရှိပါဘူး ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။ အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ရွှံ့မြေခွေးကို သူမငြင်းနိုင်ကြောင်း သိသည်။ သို့ဖြစ်၍ သူဂရုစိုက်ရမည်မှာ နတ်ဘုရားများအပေါ် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ သဘောထားဖြစ်သည်။
သို့သော်လည်း ယခုအချိန်က ယင်းကို စဉ်းစားရမည့်အချိန် မဟုတ်ပေ။ သို့ဖြစ်၍ သူက ယင်းကို လောလောဆယ် မေ့ထားလိုက်သည်။
ထို့ပြင် ရွှံ့မြေခွေးက သူ့နောက်ကို လိုက်မည်ဖြစ်သောကြောင့် ဤခရီးစဉ်က ယခင်ထက် အနည်းငယ် ပိုအဆင်ချောသွားလိမ့်မည်။
ထိုသို့တွေးမိသောအခါ ရွှီချင်းက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ကောင်းကင်ဘုံသူတော်စင်စေတီထဲသို့ လျှောက်သွားသည်။ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က ကြယ်အလင်းရောင် တောက်ပလာပြီး စေတီကို အားဖြည့်ပေးလိုက်သည်။
စေတီသည် တဝီဝီမြည်သံနှင့်အတူ အောက်ဘက်မှ အမှတ်သုံးဆယ့်သုံးဝဲကတော့ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
၎င်းက ဝဲကတော့နှင့် ချက်ချင်း နီးကပ်သွားပြီး အထဲသို့ ဝင်ရောက်သွားသည်။
ပြင်းထန်သော လေဟာနယ်စွမ်းအားက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ဝဲကတော့အတွင်း၌ ဆုတ်ဖြဲသော စိတ်ခံစားမှုက အလွန်အားကောင်းသည်။
ဝဲကတော့က မြန်ဆန်စွာ လှည့်ပတ်နေစဉ် အချိန်စီးဆင်းမှုက ဖရိုဖရဲဖြစ်နေသည်။
ဤသည်မှာ လေဟာနယ်က ဆွဲဆန့်ခံလိုက်ရသည့်အလားပင်။ အချိန်သည်လည်း ထို့အတူပင်။
နောက်ဆုံးမှာတော့ အသံတစ်သံက ဝဲကတော့၏ အပြင်ဘက်မှ ထွက်ပေါ်လာသည်။ ယင်းက လေဟာနယ်ထဲသို့ ဝင်ရောက်သွားပြီး အချိန်နှင့်အတူ စီးဆင်းသွားသည်။ ထိုနည်းဖြင့် အသံက ပြင်ပစိတ်အာရုံအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်း၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်။
“ မင်းငါ့ကို ဆန္ဒတစ်ခုအတွက် အကြွေးတင်နေတယ်… ”
“ အဲ့ဒီအတွက် တန်ကြေးကတော့… မင်းငါ့ကို ဘာမှလုပ်ပေးစရာမလိုဘူး… ငါ ပစ္စည်းတစ်ခုကိုပဲ လိုချင်တယ် ”
“ ကျစ်လွီဆဲ့တိုင်းပြည်ရဲ့ နန်းမြို့တော်ထဲက ရှေးဦးအပျက်အစီးရဲ့ ရုပ်တုကို ငါလိုချင်တယ်… ”
“ ငါ့ကို အဲ့ဒီရုပ်တုပေးပါ… ဒါဆိုရင် မင်းနဲ့ ငါ့ကြားက ကမ္မက ပြေပျက်သွားလိမ့်မယ်… ”