Chapters

ကျားထက်ကြမ်းတမ်းသည့် နိယာမ (၃)

Vol. 17 Ch. 255

ကျားထက်ကြမ်းတမ်းသည့် နိယာမ (၃)

Vol. 17 Ch. 255

“မိုးက ဘယ်လောက်သည်းသလဲ”

လယ်သမားမဟုတ်သူအတွက် ထိုမေးခွန်းကိုဖြေရန် နည်းနည်းခက်ခဲကြောင်း ဖုန်ချင်အန်း နားလည်သည်။ ထို့ကြောင့် မေးခွန်းပြောင်းမေးသည်။ မိုးသည်းမသည်းတော့ မှတ်မိဖို့လွယ်သည်။

“မိုးဖွဲတွေ မိုးပြေးတွေတော့ အတော်ရွာပါတယ်။ ဒါပေမယ့် သေးပေါက်သလောက်တောင် မြေပြင်မှာ မစိုပါဘူး”

“အင်း...”

ဖုန်ချင်အန်း နားလည်လိုက်သည်။ အပင်ပေါက်များ မသန်စွမ်းသည်မှာ မဆန်းတော့။

“ကျုပ်ကို ခင်ဗျားအိမ် ခေါ်သွားပေးပါ”

“ဟုတ်ကဲ့”

ကျိုးယိယန် ချက်ချင်းပျော်သွားသည်။ အထူးဧည့်သည်ကို သူ့အိမ်သို့ခေါ်သွားပြီးလျှင် လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးဖို့ သူဆုံးဖြတ်ထားသည်။ ထိုသခင်လေး မိန်းမလှများကို သဘောကျသလား သူမသိ။ သဘောကျလျှင် သူ့အဖေလက်ထပ်ထားသည့် ကိုယ်လုပ်တော်အားလုံး ပြုစုရန်ခေါ်ပေးနိုင်သည်။

နယ်ခံလူပါသဖြင့် သူတို့ခရီးစဉ် ချောမွေ့သည်။ သို့သော် လမ်းတစ်ဝက်အရောက်တွင် ပြဿနာတစ်ခု ပေါ်လာသည်။ ကျိုးသခင်လေးသည် သူ့နယ်တွင် အတော်လူသိများဟန်ရှိသည်။ လူတစ်ယောက်က သူ့ကိုချက်ချင်းမှတ်မိသွားသည်။

အဝတ်အစားစုတ်ပြတ်နေသည့် လယ်သမားများ၊ မိန်းမများ၊ ဆံဖြူသက်ကြီးပိုင်းများ လမ်းတွင်ဝိုင်းတားကြသည်။ သူတို့ဘက်တွင် အရွယ်စုံ ကောင်လေးကောင်မလေးများပါလာသည်။

“ကျိုးသခင်လေး”

အိုမင်းချိနည့်နေသည့် အဘိုးအိုတစ်ယောက် ကျိုးယိယန်၏လက်ကိုဆွဲသည်။ မျက်လုံးတွင် အသနားခံသည့်အရိပ်မျိုး ပေါ်နေသည်။

“ခင်ဗျားတို့ဘာလုပ်နေတာလဲ။ ဒီနေ့ အထူးဧည့်သည်တစ်ယောက် ကျုပ်နဲ့အတူ ပါလာတယ်”

ကျိုးယိယန် ဖုန်ချင်အန်းမျက်နှာကဲကို တစ်ချက်လှမ်းကြည့်သည်။ ဖုန်ချင်အန်းမျက်နှာ အရယ်အပြုံးမရှိသဖြင့် သူစိတ်ဂဏာမငြိမ်ဖြစ်နေသည်။

“ကျိုးသခင်လေးရဲ့ဧည့်သည်ဆိုရင် ကျုပ်တောင်းပန်ပါတယ်။ ဒါပေမယ့်ကျုပ်တို့မှာ တစ်ခြားရွေးချယ်စရာ မရှိတော့လို့ပါ။ ကလေးတွေ ဆက်ပြီးအသက်ရှင်ဖို့အတွက် ကျုပ်တို့နည်းလမ်းရှာနေတာပါ”

မြင်းစီးလာသည့် ဖုန်ချင်အန်းကိုမြင်ပြီးနောက် အဘိုးအိုမျက်လုံးတွင် မျှော်လင့်ချက်အရောင်သန်းလာသည်။ ဦးညွှတ်ရုံမဟုတ်။ ဒူးထောက်အရိုအသေပြုရန် ပြင်သည်။

“ခင်ဗျားအသက်အရွယ်နဲ့ ဒူးမထောက်ပါနဲ့။ ရပ်ပြီးပြောပါ။ ဘာတွေဖြစ်နေတာလဲ”

ဖုန်ချင်အန်း မြင်းပေါ်မှ အမြန်ဆင်းပြီး အဘိုးအိုကိုဆွဲထူလိုက်သည်။ အဘိုးအိုနောက်မှ လူအုပ်ကို တစ်ချက်ကြည့်သည်။ မသိနားမလည်သည့်မျက်နှာပိုင်ရှင် ကလေးများကိုကြည့်၍ အခြေအနေကို ရှင်းလင်းစွာနားလည်လိုက်သည်။

“ဆရာမှာ နောက်လိုက်အမျိုးသား နည်းနည်းပဲပါလာတယ်။ မိန်းကလေးအစေခံတော့ လိုအပ်လောက်ပါတယ်။ သူဆိုရင် ဘယ်လိုနေလဲ”

အဘိုးအို နောက်လှည့်၍ ဖုန်ချင်အန်းရင်ဘတ်လောက်သာ အရပ်မြင့်သည့် ကောင်မလေးတစ်ယောက်ကို ဆွဲခေါ်ပြီး ဖုန်ချင်အန်းရှေ့သို့ တွန်းပို့လိုက်သည်။ တစ်စုံတစ်ခုပြောရန်ပြင်သည်။ ထိုစဉ် ကျိုးယိယန်က မျက်မှောင်ကျုံ့၍ စကားဖြတ်ပြောသည်။

“ဟိုတစ်လောကပဲ ခင်ဗျားတို့တွေ ကျုပ်တို့အိမ်ကို ကလေးတစ်ဒါဇင်လောက် ပို့ပြီးပြီမဟုတ်လား။ ဒီလောက်အချိန်တိုလေးအတွင်း ကျုပ်အဖေပေးလိုက်တဲ့ငွေတွေကို အကုန်သုံးလိုက်တာလား”

“ကျုပ်တို့မသုံးရဲပါဘူး။ ကလေးတွေအတွက်ရတဲ့ငွေထဲက တစ်ဝက်ကို အဲဒီ့နေ့ကပဲ ကုန်သွယ်ခွန်ဆိုပြီး အရာရှိတွေ လာကောက်သွားပါတယ်။ ကျန်တဲ့ငွေလေးနဲ့ ကျုပ်တို့ အသက်ဆက်ဖို့တောင် အနိုင်နိုင်ပါ။ ဒါပေမယ့် ကောင်တီတရားသူကြီးက အခုရက်ပိုင်းအတွင်း အခွန်တွေတိုးကောက်လာတယ်။ အရင်ကလေးတွေရောင်းထားတဲ့ငွေက မလုံလောက်တော့လို့ပါ”

အဘိုးအိုမျက်နှာတွင် ဝမ်းနည်းရိပ်သန်းနေသည်။ ကျိုးမိသားစုသည် ကောင်တီတရားသူကြီး မစော်ကားရဲသည့် သိုင်းပညာမိသားစုဖြစ်သည်။ ထိုမိသားစု နှစ်စဉ်ဆောင်ရသည့် အခွန်များကလည်း ပုံမှန်သာဖြစ်သည်။ ကြုံရာကျဘမ်းအခွန်များ သူတို့ဆီမှ လာမကောက်ရဲ။

ကျိုးမိသားစုတွင် အစေခံများ၊ အလုပ်သမားများ ဖြစ်လာလျှင်ပင် စားစရာနေစရာရှိသဖြင့် မိဘများနှင့်အတူ ဆာလောင်ငတ်မွတ်နေရသည့်ဘဝထက် ပိုကောင်းသေးသည်။

“အဘိုးကြီး၊ အခု စိတ်မပူပါနဲ့တော့။ ကောင်တီတရားသူကြီး ခင်ဗျားတို့ဆီကကောက်တဲ့ အခွန်တွေအကြောင်း ကျုပ်ကိုအရင်ပြောပြပါ။ အဲဒီအခွန်တွေ မဆောင်ရအောင် ကျုပ်ကူညီပေးနိုင်မှာပါ”

ဖုန်ချင်အန်း အပြုံးဖြင့်နှစ်သိမ့်သည်။

************************************************