ကမ္ဘာငယ်၏ ကောင်းကင်ဘုံ(က)
Vol. 101 Ch. 1555
“ ဒီရက်တွေမှာ ငါ့ရဲ့ စစ်ဆေးလေ့လာမှုတွေကို အခြေခံပြီး ပြောရရင် ဒီလောကရဲ့ နေ့တစ်နေ့က သုံးဆယ့်လေးနာရီကြာရှည်တယ်… အဲ့ဒါက ဝမ်ကူးကုန်းမြေထက် ပိုပြီးကြာရှည်တယ် ”
ရွှီချင်းက ကောင်းကင်ပေါ်မှ သွေးမျက်လုံးရှစ်လုံးကို ကြည့်လိုက်ပြီး စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
“ နဝမမြောက်မျက်လုံး ထွက်ပေါ်လာဖို့ ရှစ်နာရီလိုသေးတယ် ”
“ ဒီတော့ ငါစောင့်ဆိုင်းနေရင်း… ”
ရွှီချင်းက မျက်လုံးမှိတ်လိုက်ပြီး သူ၏ လက်ရှိကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားကို အာရုံခံလိုက်သည်။
သူက ယခင်နတ်ဘုရားခန္ဓာကိုယ်နှင့် အလွန်ရင်းနှီးသည်။ နတ်ဘုရားအခွင့်အာဏာများသော်လည်းကောင်း သို့မဟုတ် တခြားနယ်ပယ်များတွင်လည်းကောင်း သူက နတ်ဘုရားခန္ဓာကိုယ်မှတဆင့် အစွမ်းထက် တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်သည်။
သို့သော်လည်း သူ၏ လက်ရှိအင်မော်တယ်ခန္ဓာကိုယ်က…
အမှန်မှာ ယခုအချိန်ထိ ရွှီချင်းက သူ၏ အင်မော်တယ်ခန္ဓာကိုယ်ဖြင့် တစ်ခါမှ မတိုက်ခိုက်ရသေးပေ။
အတိတ်မှာ သူက မဟာဧကရာဇ်ငရဲမီးတောက်ကို တိုက်ခိုက်ခဲ့စဉ် စီနီယာအကိုကြီးနှင့် ပူးပေါင်းပြီး တစ်ဖက်လူကို ဖိနှိပ်ခဲ့ရုံမျှသာ ဖြစ်သည်။ သူက မည်သည့်အတတ်ပညာကိုမှ သို့မဟုတ် မည်သည့်မန္တန်ကိုမှ အသုံးမပြုခဲ့ပေ။
ဤအခိုက်အတန့်မှာ သူက နဝမမြောက်မျက်လုံး ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေရင်း သူ့ခန္ဓာကိုယ်၏ အတတ်ပညာများကို အာရုံစိုက်လိုက်သည်။
“ ငါ့ရဲ့ အန္တိမအင်မော်တယ်ခန္ဓာကိုယ်က အန္တိမတာအိုဆယ်ခုကို ကျင့်ကြံတယ်… ငါ့မှာ လျှို့ဝှက်ရတနာသိုက်က ကိုးခုရှိတာကြောင့် ငါ့ရဲ့ ဗလာနတ္ထိကုန်းမြေကလည်း ကိုးခုပဲ… ဒါကြောင့် ငါ့ရဲ့ လက်ရှိအကန့်အသတ်က အန္တိမတာအိုကိုးခုပဲ… ”
“ အဲ့ဒီထဲမှာ အန္တိမတာအိုငါးခုက ဒြပ်စင်ငါးမျိုးဖြစ်ကြတယ်… သတ္ထု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးက လောကလည်ပတ်ဖို့အတွက် အခြေခံအကျဆုံး နိယာမတွေ ဖြစ်ကြတယ် ”
“ ဒါ့အပြင် အတိတ်မှာ ငါက ငါနေထိုင်တဲ့ လောကရဲ့ ဇစ်မြစ်စွမ်းအားကို အသုံးမပြုဘဲ ငါ့ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါငါးခုကိုပဲ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့တယ်… ဒါကြောင့် ငါက ဘယ်နေရာမှာပဲရှိနေပါစေ ငါ့ရဲ့ တိုက်ပွဲစွမ်းအားက ကန့်သတ်ခံရမှာမဟုတ်ဘူး ”
“ ငါက ငါ့ကိုယ်ပိုင်ဒြပ်စင်ငါးမျိုးရဲ့ စွမ်းအားကို ဘယ်နေရာ ဘယ်အချိန်မှာမဆို ထုတ်လွှတ်နိုင်တယ် ”
ရွှီချင်းက ယင်းကို စဉ်းစားပြီးနောက် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ၏ အကြည့်က လက်ဖဝါးပေါ်မှာ စုစည်းသွားသည်။
နောက်အခိုက်အတန့်မှာ အလွန်သိပ်သည်းသော သတ္ထုစွမ်းအားက သူ၏ လက်ဖဝါးထဲမှာ စုဝေးသွားသည်။ ထို့နောက် သတ္ထုက အဆုံးစွန်ထိ ရောက်ရှိသွားသည့်အခါ စူးရှသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အန္တိမသတ္ထုတာအိုက လောကထဲက သတ္ထုအားလုံးကို ထိန်းချုပ်နိုင်တယ်… အဲ့ဒီအတွက် ဘယ်လိုအတတ်ပညာကိုမှ မလိုအပ်ဘူး… ငါက အတွေးနဲ့ စိတ်ကူးလိုက်ရုံပဲ… သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးကလည်း အဲ့ဒီအတိုင်းပဲ ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ စိတ်အာရုံထဲတွင် ဒြပ်စင်ငါးမျိုးတာအိုက အုတ်ခဲများနှင့် အလားသဏ္ဍာန်တူသည်။ သူစိတ်ကူးလိုက်ရုံဖြင့် ယင်းတို့က အလိုအလျောက် ပုံဖော်သွားကြလိမ့်မည်။
“ အဲ့တော့ သီအိုရီအရဆိုရင်… ဒြပ်စင်ငါးမျိုးရဲ့ စွမ်းအင်အကန့်အသတ်က ငါ့ရဲ့ စိတ်ကူးနိုင်မှုပေါ်မှာ မူတည်တယ် ”
“ တစ်နည်းပြောရရင် ဒြပ်စင်ငါးမျိုးတာအိုရဲ့ နတ်ဘုရားစွမ်းအင်တွေကို ငါ့ဘာသာ ဆင်ခြင်နားလည်ပြီး ဖန်တီးနိုင်တယ် ”
“ အရေးကြီးဆုံးကတော့… ဒြပ်စင်တစ်မျိုးစီက နတ်ဘုရားစွမ်းအင်တစ်မျိုး ဖြစ်လာနိုင်တယ်… အဲ့ဒါတွေကို ပေါင်းစပ်လိုက်တဲ့အခါ ပိုပြီးအစွမ်းထက်တဲ့ နတ်ဘုရားစွမ်းအင်ကို ဖွဲ့စည်းနိုင်လိမ့်မယ် ”
သူက ဒြပ်စင်ငါးမျိုးတာအိုကို သူ၏ လက်ထဲမှာ တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်သည်။ သူက ယင်းတို့ကို လေ့လာနေရင်း နက်နဲစွာ တွေးတောလိုက်သည်။
“ ဒါ့အပြင် အရိပ်လေးရဲ့ စွမ်းရည်တွေက နတ်ဘုရားခန္ဓာကိုယ်မှာဖြစ်စေ ဒါမှမဟုတ် အင်မော်တယ်ခန္ဓာကိုယ်မှာဖြစ်စေ ကန့်သတ်မခံရဘူး ”
ရွှီချင်းက လက်ဝှေ့ယမ်းလိုက်သည့်အခါ သူ့အောက်မှ အရိပ်လေးက ချက်ချင်း ထွက်ပေါ်လာပြီး မြေပြင်ကို ဖုံးလွှမ်းသွားသည်။ ၎င်းက တောင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် ရွှီချင်းက အရိပ်လေး၏ မူလခန္ဓာကိုယ်ကို မြင်တွေ့သွားသည်။
၎င်းက ဧရာမသစ်ပင်တစ်ပင်ဖြစ်သည်။ ထိုသစ်ပင်ပေါ်မှာ ခေါင်းတလားတစ်လုံးကို ချိတ်ဆွဲထားပြီး ခေါင်းတလား၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော မျက်လုံးများ ရှိသည်။
ထိုမျက်လုံးအားလုံးက မျက်နှာချိုသွေးသော စိတ်ခံစားချက်ကို ထုတ်လွှတ်နေကြသည်။
“ ပြီးတော့ ဧကရာဇ်ဓားရောပဲ ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။
ဧကရာဇ်ဓားသည် အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်၏ ပစ္စည်းတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ယင်းက သူ၏ နတ်ဘုရားခန္ဓာကိုယ်နှင့် မသင့်တော်ပေ။ ထို့ကြောင့် ရွှီချင်းက ဧကရာဇ်ဓားကို သူ၏ အင်မော်တယ်ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်ခဲ့သည်။
ဧကရာဇ်ဓားကို အာရုံခံပြီးနောက် ဓားကိုင်ဧကရာဇ် သင်ကြားပေးခဲ့သော ဓားကွက်များက ရွှီချင်း၏ စိတ်ထဲမှာ ပြန်ထွက်ပေါ်လာသည်။
“ မြေပြင်သိုလှောင်ခြင်း… လေဟာနယ်အက်ကွဲခြင်း… ကောင်းကင်ဘုံနန်းတော်… ကြယ်အလင်းရောင်… ပြီးတော့… လူသားလောက ”
ရွှီချင်းက ဓားကွက်ငါးကွက်ကို စဉ်းစားလိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက နောက်ထပ် တခြားအရာများကို စဉ်းစားလိုက်သည်။
“ ငါအသုံးပြုနိုင်တဲ့ မန္တန်တွေက ရွှေကျီးကန်းအသက်ဓာတ်သန့်စင်အတတ်နဲ့ အင်မော်တယ်အတတ်ပညာတွေပဲ ”
အနက်ရောင်မီးတောက်များက ရွှီချင်း၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည့်အခါ ရွှေကျီးကန်း၏ အရိပ်က သူ့အနောက်မှာ ထွက်ပေါ်လာသည်။ မီးတောက်များက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်။ သူ၏ အန္တိမမီးတာအိုကြောင့် ထိုမီးတောက်များ၏ အစွမ်းက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
ရွှေကျီးကန်း၏ အမြှီးအရေအတွက်သည်ပင် ပိုပြီးတိုးပွားလာသည်။ ၎င်းက ဝမ်းသာပျော်ရွှင်စွာ မြည်ဟိန်းလိုက်သည်။
တစ်ခဏကြာပြီးနောက် ရွှီချင်းက သူ၏ အင်မော်တယ်အတတ်ပညာများကို အာရုံခံလိုက်သည်။
အင်မော်တယ်အတတ်ပညာများက တားမြစ်အတတ်ပညာများ ဖြစ်ကြသည်။ ရွှီချင်းက အင်မော်တယ်အတတ်ပညာနှစ်ခုကိုသာ တတ်ကျွမ်းသည်။ တစ်ခုက သူခိုးခြောက်ယောက်လှည့်စားခြင်းဖြစ်ပြီး အခြားတစ်ခုက ခွေးငါးကောင် အင်မော်တယ်ကာကွယ်ခြင်း ဖြစ်သည်။
ပထမတစ်ခုက အခွင့်အာဏာ တာအိုအမှတ်အသားဖြစ်ပြီး ဒုတိယတစ်ခုက သူ့ကိုယ်ပိုင်ဆင်ခြင်နားလည်မှုမှ ရရှိလာခြင်း ဖြစ်သည်။
“ အဲ့ဒါတွေကို ငါအသုံးပြုနိုင်တယ် ”
ရွှီချင်းက တွေးတောစဉ်းစားလိုက်သည့်အခါ သူ၏ ညာမျက်လုံးက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ယင်းက ပယ်ဖျက်ခြင်းအခွင့်အာဏာ၏ အစွမ်းဖြစ်သည်။
“ ဓမ္မရတနာတွေကတော့… ”
ရွှီချင်းက လက်မြှောက်လိုက်သည့်အခါ ရောင်ခြည်တန်းသုံးခုက ပျံသန်းထွက်လာကြပြီး အထွတ်အမြတ်ရတနာသုံးခုအဖြစ် ပြောင်းလဲသွားကြသည်။
တစ်ခုက ကမ္မကို ပြန်ဖွဲ့စည်းနိုင်သော အပ်တစ်ချောင်းဖြစ်သည်။
အခြားတစ်ခုက အသိအမြင်နှင့် ကမ္မဆက်နွယ်မှုကို ဖြတ်တောက်နိုင်သော ကတ်ကြေးတစ်လက် ဖြစ်သည်။
နောက်ဆုံးတစ်ခုက သူ့ကို ကာကွယ်ပေးနိုင်သော ဒိုင်းကာတစ်ခု ဖြစ်သည်။
ပထမနှစ်ခုက ရွှင်းထိုင်နတ်ဆိုးထံမှဖြစ်ပြီး နောက်ဆုံးတစ်ခုက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေထံမှ သူရရှိလာခြင်း ဖြစ်သည်။
ထိုရတနာသုံးခုကို ကြည့်ပြီးနောက် ရွှီချင်းက ပါးစပ်ဟလိုက်ပြီး အသက်ရှူသွင်းလိုက်သည်။ ချက်ချင်းဆိုသလို မဟာဧကရာဇ်အဆင့် ရတနာသုံးခုက အလင်းတန်းသုံးခုအဖြစ် ပြောင်းလဲသွားကြပြီး သူ၏ ပါးစပ်ပေါက်မှတဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကြသည်။
“ ငါ့ရဲ့ ဝှက်ဖဲကတ်တွေအနေနဲ့… ”
ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။
“ ရေတွင်းထဲက လကို မျှားခြင်းကနေ ဖွဲ့စည်းသွားတဲ့ အန္တိမလေဟာနယ်တာအိုက ငါ့ရဲ့ ဝှက်ဖဲကတ်တစ်ခုပဲ… နေနာရီတွေကနေ ဖွဲ့စည်းသွားတဲ့ အန္တိမအချိန်တာအိုကလည်း နောက်ထပ် ဝှက်ဖဲကတ်တစ်ခုပဲ… ပြီးတော့ ဒြပ်စင်ငါးမျိုးကို ပေါင်းစပ်ပြီး အသုံးပြုနိုင်တဲ့ ဝှက်ဖဲကတ်တစ်ခု ငါ့မှာ ရှိသေးတယ် ”
“ အဲ့ဒါက နတ်ဘုရားကွပ်မျက်စင်ပဲ… မဟုတ်ဘူး… ပိုပြီးအတိအကျပြောရရင် အဲ့ဒါက ဒြပ်စင်ငါးမျိုးနတ်ဘုရားကွပ်မျက်စင်ပဲ ”
“ ပြီးတော့ နောက်ဆုံးတစ်ခုက… ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ အမူအရာက ပိုပြီးတည်ကြည်လေးနက်သွားသည်။
“ အန္တိမလေဟာနယ်တာအိုနဲ့ အန္တိမအချိန်တာအိုမှာ တခြားအပြောင်းအလဲတွေ ရှိတယ် ”
ဝဲကတော့ကို ဖြတ်သန်းသွားခဲ့စဉ်က သူမြင်တွေ့ခဲ့ရသော မြင်ကွင်းများက ရွှီချင်း၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။
“ လေဟာနယ်က တစ်ခါတစ်ရံမှာ အရမ်းကျယ်ပြောပြီး တစ်ခါတစ်ရံမှာ အရမ်းသေးငယ်တယ် ”
“ အချိန်က တစ်ခါတစ်ရံမှာ အရမ်းရှည်လျားပြီး တစ်ခါတစ်ရံမှာ အရမ်းတိုတောင်းတယ် ”
ရွှီချင်းက မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း သူက မြန်ဆန်စွာ စိတ်ဖြေလျော့လိုက်သည်။ ထိုသဘောတရားများက သူ၏ လက်ရှိအဆင့်ဖြင့် ဆင်ခြင်နားလည်နိုင်သောအရာမဟုတ်ကြောင်း သူနားလည်သည်။ ထို့ပြင် ယခု သူက အင်မော်တယ်ခန္ဓာကိုယ်၏ အလားအလာကို အပြည့်အဝ မထုတ်ဖော်နိုင်သေးပေ။
ထို့ကြောင့် သူက လေ့ကျင့်သင်ယူရန်အတွက် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အင်မော်တယ်မြို့တော်ဆီသို့ သွားရောက်ရန် စိတ်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ ငါအရမ်းအလျင်လိုနေလို့ မဖြစ်ဘူး ”
ရွှီချင်းက ဖြည်းဖြည်းချင်း စိတ်အေးအေးထားလိုက်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး တိတ်ဆိတ်စွာ ဆင်ခြင်နားလည်လိုက်သည်။
ထိုသို့ဖြင့် အချိန်က ဖြည်းညင်းစွာ စီးဆင်းသွားသည်။ ရှစ်နာရီကုန်ဆုံးသွားပြီးနောက် ကောင်းကင်က ရုတ်တရက် ပရမ်းပတာ လှုပ်ခါသွားသည်။ မိုးခြိမ်းသံက ကောင်းကင်ကို ဆုတ်ဖြဲလိုက်ပြီး ဤလောကထဲမှာ ပေါက်ကွဲသွားသည်။
ယင်းက ဤလောကထဲမှ သက်ရှိအားလုံးကို နှလုံးတုန်သွားစေသည်။ သူတို့က ခေါင်းမော့လိုက်သည်နှင့်ချက်ချင်း နဝမမြောက်မျက်လုံးက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။