← Chapters

ထူးဆန်းသောတုံ့ပြန်မှု

Vol. 17 Ch. 241

ထူးဆန်းသောတုံ့ပြန်မှု

Vol. 17 Ch. 241

“အကိုဘာတွေများကြုံလာခဲ့တာလဲ”

မြို့တော်ကာကွယ်ရေးစခန်းသို့ ရောက်ပြီးနောက် ကွန်မန်ဒါချန်က ကျန်းပေ့ကို ချက်ချင်းမေးသည်။

ထိုလူမရူးကြောင်းသိနေသည်။ သဘာဝထက်လွန်ကဲနေသည့် အရာတစ်ခုကို မြင်ခဲ့ခြင်းသာဖြစ်မည်။ အံ့ဩစရာကောင်းလွန်းသည့် အရာတစ်ခု။ ထိုသို့ကြုံခဲ့ရသဖြင့် တစ်ခြားလူများအတွက် အဓိပ္ပါယ်မရှိသလို ထင်ရသည့်စကားများ ပြောနေခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ကျန်းပေ့ကြုံခဲ့ရသည့်ကိစ္စကို ကွန်မန်ဒါချန် စိတ်ဝင်စားနေခြင်းဖြစ်သည်။ ဖုန်သခင်လေးအိမ်ကို ခိုးဝင်ပြီး ဘာတွေ့ခဲ့သည်ကို သူသိချင်သည်။

“သံချပ်ကာ၊ သံချပ်ကာတစ်ခုနဲ့ ငါတစ်ညလုံးတိုက်ခိုက်ခဲ့တာ။..ဟားဟားဟား၊ ငါအသုံးမကျဘူး။ ဘာမှမသုံးမကျဘူး”

“ဘာသံချပ်ကာလဲ၊ ဘယ်လိုတစ်ညလုံးတိုက်ခိုက်ခဲ့တာလဲ”

ကျန်းပေ့ သူ့အတွေ့အကြုံကို ပြောပြသည်။ သို့သော် သူ့စကားများက ကွန်မန်ဒါနားထဲတွင် အရူးစကားလိုဖြစ်နေသည်။ အဓိပ္ပါယ်ကို နားမလည်။ သံချပ်ကာက လူနှင့်တိုက်ခိုက်သည်။ အသိဉာဏ်ရထားသည့် ပစ္စည်းလားမသိ။

ရှေးဟောင်းရတနာတစ်ချို့သည် နှစ်ပေါင်းများစွာကြာပြီးလျှင် အသိဉာဏ်ရလာပြီး သတ္တဝါများအဖြစ် ပြောင်းလဲသွားသည်။ သို့သော် သံချပ်ကာတစ်ခု အသိဝိညာဉ်ရလာလျှင်ပင် ကန်းရှအဆင့် သိုင်းသမားကို အနိုင်တိုက်ခိုက်နိုင်ဖို့ဆိုသည်မှာ....

ကွန်မန်ဒါ တွေးမရ။

“အုဲဒါက ငါ့သိုင်းပညာအားလုံးကို တတ်သွားတယ်။ ဟားဟား...လှိုင်းဖြတ်ဓားပညာကို နှစ်သုံးဆယ်ကြာအောင် လေ့ကျင့်ပြီးမှ ငါသဘောပေါက်ခဲ့တာ။ ဒါပေမယ့် သူက တစ်ညတည်းနဲ့ ကျွမ်းကျင်သွားတယ်။...အီး....ငါက အသုံးမကျဘူး။ ငါနှစ်တွေအကြာကြီးသင်နေခဲ့တာ ဘာတွေလဲကွာ”

ကျန်းပေ့ စိတ်ဓာတ်ပျက်စီးနေသည်။ သူ့စကားကြား‌လေ ကွန်မန်ဒါ စဉ်းစားရခက်လေဖြစ်သည်။ မယုံနိုင်။ သိုင်းတာအိုစွမ်းအားကို တစ်ညတည်း ကျွမ်းကျင်သည်တဲ့။ အဓိပ္ပါယ်မရှိ။

ထိုပါရမီမျိုး ဘယ်မှာရှိမည်နည်း။ ပါရမီရှင်ဆိုသည့်အယူအဆနှင့် သူမရင်းနှီးသည်မဟုတ်။ သို့သော် သိုင်းတာအိုစွမ်းအားကို ကျွမ်းကျင်ဖို့ ထိုမျှမလွယ်။ မရေမတွက်နိုင်သည့် တိုက်ပွဲများ ဖြတ်ကျော်ပြီးမှ အတွေ့အကြုံရင့်ပြီးမှ သိုင်းပညာတစ်ခု၏ စွမ်းအားအနှစ်သာရကို နားလည်ပိုင်ဆိုင်လာခြင်းဖြစ်သည်။

ရူးနေခြင်းသာဖြစ်မည်။

သို့သော် ကွန်မန်ဒါစိတ်ထဲ ပို၍ဂဏာမငြိမ်ဖြစ်ာသည်။ သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့။ ထို့ကြောင့် ကိုယ်ပိုင်အမြင်ဖြင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ကျန်းပေ့လုပ်ခဲံသလို ဖုန်ချင်အန်းနေထိုင်သည့် နေရာသို့ ညဘက်တွင် သွားလည်ဖို့ဖြစ်သည်။ ထိုသခင်လေး၏ နတ်စွမ်းအား မည်မျှအားကောင်းသည်ကို သူမြင်လိုသည်။ ကန်းရှအဆင့်တစ်ယောက်ကို ထိုကဲ့သို့ အရူးတစ်ပိုင်းဖြစ်အောင် သူသည်ပင်မစွမ်းဆောင်နိုင်ပေ။

သွားမလည်မီ သူ့ရာထူးကို ကြေညာစရာလည်း လိုမည်မထင်။ ဖုန်သခင်လေးက အတော်ယဉ်ကျေးပြီး လေးစားစရာကောင်းသည်။ သူ့အတွက် အသက်အန္တရာယ်လည်း မရှိနိုင်။ ကျန်းပေ့ကိုကြည့်ရုံဖြင့် သိနိုင်သည်။ ဘာဒဏ်ရာဒဏ်ချက်မှ မတွေ့ရ။

စိတ်ဆုံးဖြတ်ပြီးနောက် သူ့လက်အောက်ခံများကို ဖုန်သခင်လေး၏ အိမ်နေရာကို စုံစမ်းရန် အမိန့်ပေးသည်။ သိပ်မခက်လှ။ နာရီဝက်ပင်မကြာလိုက်။ နေရာအတိအကျသိရသည်။

“ကျားချီလမ်း ချင်ယန်တည်းခိုအိမ်ယာတဲ့လား။ ဒီသခင်လေးက အတော်သက်တောင့်သက်သာနေတတ်တာပဲ”

ညရောက်လာသည်။ ကင်းလှည့်အစောင့်များ၏ မောင်းတီးသံများ လူသူကင်းမဲ့သည့် လမ်းများပေါ် ပဲ့တင်ထပ်သွားသည်။ အရပ်ခုနစ်ပေမြင့်သည့် လူတစ်ယောက် ခြံဝင်းတစ်ခုရှေ့တွင် ပေါ်လာသည်။ အေးမြသည့်ကန်ရေက ညလေပြေနှင့်အတူ အိမ်ထဲမှ လွင့်ပျံလာသည်။

“ဟား၊ ဒီနံရံက ဘာဖြစ်တာလဲ”

အနားသို့တိုးကပ်လာသည်နှင့် တစ်ခုခုမူမမှန်ကြောင်း သူသတိထားမိသည်။ ခြံဝန်းနံရံသည် ပုံမှန်ဟူထင်ရသော်လည်း စူးရှသည့် ကန်းရှသိုင်းသမားအာရုံတွင် မူမမှန်မှုကို မြင်နေရသည်။

သူ့ရှေ့မှ နံရံများက ပျက်စီးပြိုကျပြီးမှ ထူးဆန်းသည့်စွမ်းအားတစ်မျိုးဖြင့် ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်။ ချောချောမွေ့မွေ့မဟုတ်တော့။

“စိတ်ဝင်စားစရာပဲ”

ကွန်မန်ဒါ စိတ်လှုပ်ရှားလာသည်။ မနေ့ညက ခြံဝန်းထဲတွင် လျှို့ဝှက်တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည့်သဘော။ တိုက်ပွဲဂယက်ကို အပြင်လောကမသိအောင် ဖုံးကွယ်ထိန်းချုပ်ထားသည်။

ဖြစ်သင့်ပါသည်။ သန္ဓေတည်သိုင်းသမားတို့သည် တောင်ကိုလက်သီးဖြင့် ဖြိုချနိုင်သည်။ ကျားများ ကျားသစ်များကို လက်ဗလာဖြင့် ဆွဲဖြဲနိုင်သည်။ တစ်ချက်ခုန်ရုံဖြင့် ပေတစ်ရာအကွာသို့ ရောက်အောင်သွားနိုင်သည်။ ကန်းရှသိုင်းသမားများ တိုက်ခိုက်ကြလျှင် ငြိမ်သက်ငြိမ်းချမ်းနေမည်မဟုတ်။ ဘေးပတ်လည်ကို ထိခိုက်မှုရှိမည်မှာ အသေအချာဖြစ်သည်။

“ဖုန်သခင်လေးမှာ ဘယ်လိုအစွမ်းရှိလဲ ကြည့်ရဦးမှာပေါ့”

ကျန်းပေ့ ဘာဒဏ်ရာမှရမလာသဖြင့် အန္တရာယ်ကြီးကြီးမားမားမရှိကြောင်း ကွန်မန်ဒါချန် ရိပ်စားမိသည်။ နံရံကိုခုန်ကျော်၍ ခြံဝန်းထဲသို့ဝင်လိုက်သည်။

ခြံထဲသို့ရောက်သည်နှင့် သူ့ကိုယ်မှကြွက်သားများ တင်းမာသွားသည်။ လက်နှစ်ဘက်ကို မြှောက်လိုက်သည်။ အနက်ရောင်လက်အိတ်တစ်စုံ ပေါ်လာသည်။ ဝါးရုံပင် ခပ်ပါးပါးအောက်တွင် လဲလျောင်း၍ သူ့ကိုလှမ်းကြည့်နေသည့် အဖြူအနက် ဝံပုလွေနှစ်ကောင်ကို သတိဖြင့်စိုက်ကြည့်နေသည်။

နတ်ဆိုး။

အင်အားကြီးနတ်ဆိုးများဖြစ်သည်။

မြို့တော်နတ်ဘုရားကျောင်းက နတ်မင်းများ၊ နတ်ဘုရားများ ဘာလုပ်နေသနည်း။ လူသားများက နှစ်စဉ် ဆုတောင်းပူဇော်ပွဲများ လုပ်ပေးကြသည်။ သို့သော် သူတို့က နတ်ဆိုးများ မြို့တော်ထဲခိုးဝင်လာသည်ကိုပင် မသိကြ။

ကွန်မန်ဒါ တွေးနေသည်။ သို့သော် ဝံပုလွေနက်က ဝံပုလွေဖြူ၏ အမွှေးပွများကိုသာ ခေါင်းငုံ့၍ လျက်ပေးနေသည်။ ကွန်မန်ဒါ ကျောက်ရုပ်လိုဖြစ်သွားသည်။ ထိုဝံပုလွေများက သူ့ကိုအရေးမစိုက်ခြင်းဖြစ်မည်။

သို့ဆိုလျှင်...

ကွန်မန်ဒါချန် ချက်ချင်းနားလည်သွားသည်။ ဤနေရာသည် တော်ကြီးမျက်မည်းမဟုတ်။ လူတစ်ယောက်၏ခြံဝန်းထဲသို့ ခိုးဝင်လာခြင်းဖြစ်သည်။ သူ့ရှေ့မှ သားရဲနှစ်ကောင်ကို သခင်လေးက မွေးမြူထားဟန်ရှိသည်။

စိတ်ထဲတွင် နည်းနည်းတွန့်ဆုတ်ဆုတ်ဖြစ်သွားသည်။ ဘာလုပ်ရမည်မသိတော့။ နံရံပေါ် ကျော်ဝင်ခဲ့ပြီးဖြစ်သည်။ ယခုမှလှည့်ပြန်လျှင် မသင့်တော်။

“လူသားမျိုးနွယ်က စစ်သည်တော်လား”

ပိုင်ယော် ကွန်မန်ဒါကို လှမ်းကြည့်သည်။ ထို့နောက် စိတ်မဝင်စားတော့ဟန်ဖြင့် မြက်ခင်းပေါ် ဦးခေါင်းတင်၍ အနားယူနေသည်။

“မကျော်သင့်တဲ့နံရံကို ကျော်ဝင်ခဲ့တာပဲ။ ရှေ့ဆက်လျှောက်သွားပါ။ ရှင်ရှာနေတာ အရှေ့မှာရှိပါတယ်”

All Chapters