ထူးဆန်းသော် တုံ့ပြန်မှု (၂)
Vol. 17 Ch. 242
“အာ...အဲ...ကောင်းပါပြီ၊ ကျေးဇူးပါ”
ဝံပုလွေဖြူက လူစကားဖြင့်ပြောသည်ကို ကွန်မန်ဒါချန် အလိုလိုခေါင်းငြိမ့်၍ ရှေ့သုံးလေးလှမ်းလျှောက်သွားသည်။ ထို့နောက်တွင်မှ ဝိညာဉ်သားရဲတစ်ကောင်နှင့် တွေ့နေခြင်းဖြစ်ကြောင်း သူ့ကိုယ်သူ သတိထားမိလာသည်။ ထိုသားရဲများကို တိုက်ခိုက်လိုစိတ်မရှိ။ မည်သို့ဆိုစေ ထိုသတ္တဝါတို့သည် သူရှာနေသည့်ပြိုင်ဘက်မဟုတ်။ သံချပ်ကာမဟုတ်။
“ရောက်ပြီးမှတော့ ဆက်သွားရမှာပေါ့”
အံတင်းတင်းကြိတ်၍ ခြံဝန်းထဲသို့ ဆက်ဝင်သွားသည်။ ခုံးမိုးလမ်းကြားတစ်ခုကို ဖြတ်သွားပြီးနောက် သူ့ရှေ့တွင် ကျယ်ပြန့်သည့် မြေကွက်လပ်တစ်ခု ပေါ်လာသည်။
မြေကွက်လပ်အလယ်မှ ဓားကိုင်ထားသည့် ရွှေသံချပ်ကာဝတ်သဏ္ဌာန်တစ်ခုကို သူမြင်ရသည်။ ခြံဝန်းနေရာအားလုံးမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းများကြောင့် ကွန်မန်ဒါချန်စိတ်လှုပ်ရှားလာသည်။ ထိုနေရာ၏ စွမ်းအင်ရောင်က အတော်ရှင်းလင်းပြီး ပြင်းထန်သည်။
"ဝှီး”
စူးရှသည့် အဖြူရောင်ဓားအလင်းတစ်ခု လေထုကိုခွဲဖြတ်သွားသည်။ ပြင်းထန်သည့် စွမ်းအင်လှိုင်းများ လိုက်ပါလာသည်။ ဓားရောင်တွင် တည်ငြိမ်သယောင်ရှိသည့် အဆုံးစမဲ့ သိုင်းတာအိုစွမ်းအားကို တွေ့ရသည်။ မြင်ရသူအဖို့ ကြီးမားသည့်စိတ်ဖိအားကို ပေးစွမ်းနိုင်သည့် ပုံရိပ်ဖြစ်သည်။
“ကောင်းတယ်”
ဓားစွမ်းအင်ကိုကြည့်၍ ကွန်မန်ဒါချန်၏ တိုက်ပွဲစိတ်ဓာတ်မျို နိုးကြားလာသည်။ သူ့ကိုယ်ပိုင်စွမ်းအားလည်း လက်သီးနှစ်ဘက်တွင် စတင်ပေါ်ထွက်လာသည်။
စကားပြောစရာမလို။ သံချပ်ကာသဏ္ဌာန်ကလည်း ညာဉ့်နက်သန်းခေါင်လာလည်သည့် ထိုဧည့်သည်၏ ရည်ရွယ်ချက်ကို နားလည်ပြီးဖြစ်သည်။ လေ့ကျင့်ရေးဓားကို ဘေးသို့ပစ်ချ၍ လက်သီးနှစ်ဘက်ဖြင့် ရင်ဆိုင်သည်။
ရွှေရောင်နှင့်အနက်ရောင်သဏ္ဌာန်နှစ်ခု ရင်ဆိုင်တွေ့ကြသည်။ ပြုပြင်ထားပြီးစ ခြံဝန်းထဲတွင် ကြောက်စရာစွမ်းအင်လှိုင်းများ လိမ့်ထွက်လာသည်။ ပေသုံးဆယ်ပတ်လည်မှ အရာအားလုံး ပျက်စီးသွားသည်။
“သူတို့ ရူးနေတာများလား”
ခြံဝန်းထဲမှတိုက်ပွဲကို သတိထားမိသဖြင့် ဖုန်ချင်အန်း မျက်နှာတင်းသွားသည်။ အန့်ချင်းမြို့တော်မှ စစ်သည်တော်သိုင်းသမားများ ဘာဖြစ်နေသည်မသိ။
“ကျုပ်တားလိုက်ရမလား သခင်”
ခြံဝန်းကို တစ်နေ့လုံးပြင်ဆင်ခဲ့ရသည့် စန်းမြောင်က အသံတိုးတိုးဖြင့် မေးသည်။ သံချပ်ကာကိုဖြစ်စေ လူသားကိုဖြစ်စေ သူတစ်ကိုယ်တည်း အနိုင်ယူနိုင်စွမ်းရှိသည်။
“စတိုက်နေကြပြီပဲ။ ထားလိုက်ပါတော့”
ဖုန်ချင်အန်း လက်ဝှေ့ယမ်းပြလိုက်သည်။ ယနေ့ဧည့်သည်သည် မနေ့ကဧည့်သည်ထက် များစွာပိုစွမ်းအားကြီးသည်။ သို့သော် နဂါးသံချပ်ကာကို အန္တရာယ်မပေးနိုင်လောက်။
နဂါးသံချပ်ကာဖန်တီးရန် သုံးခဲ့သည့်ပစ္စည်းက ထိုအဆင့်သိုင်းသမား၏ တိုက်ခိုက်မှုမှ ကာကွယ်နိုင်သည်။ စွမ်းအားပြည့်သုံးလျှင်ပင် ခြစ်ကြောင်းတစ်ခုထင်ဖို့မလွယ်။
ထိုအခြေအနေအရ နဂါးသံချပ်ကာ ရိုက်ချခံရနိုင်သည်။ သို့သော် သတိမေ့မျောသွားခြင်း လုံးဝရှိမည်မဟုတ်။ အပြီးသတ်အနိုင်မယူနိုင်ဘဲ တဖြေးဖြေးအားအင်ယုတ်လျော့လာလျှင် လူသားသိုင်းသမားသာ လဲကျပေလိမ့်မည်။
မနေ့ညက ကျန်းပေ့ ထိုအချက်ကို သက်သေပြခဲ့သည်။ နဂါးသံချပ်ကာ၏ တိုက်ပွဲခုခံနိုင်စွမ်းနှင့် သိုင်းပါရမီကို သက်သေပြခဲ့သည်။
တစ်ညတိုက်ခိုက်သည်။ ပထမပိုင်းတွင် ခံစစ်အနေအထား၊ ဒုတိယပိုင်းတွင် တိုက်စစ်အနေအထား။ နဂါးသံချပ်ကာ ဓားစွမ်းအင်ကိုနားလည်၍ တိုက်ပွဲတွင် အသုံးချနိုင်အောင် ကူညီပေးသလိုရှိသည်။ သိုင်းသမားကို အနိုင်ရသွားသည်။ စိတ်ဖိအားများစွာ ပေးခဲ့သည်။
ကျန်းပေ့တွင် ရုပ်ဒဏ်ရာ စိတ်ဒဏ်ရာများစွာရသည်။ စိတ်ဒဏ်ရာကို ဖုန်ချင်အန်း ကူညီမပေးနိုင်။ ရုပ်ဒဏ်ရာများအတွက် စန်းမြောင်အား ကုသခိုင်းခဲ့သည်။ သံချပ်ကာ၏ သိုင်းစွမ်းတိုးတက်လာသဖြင့် အတုံ့အလှည့်သဘော ကူညီခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းပေ့တွင် ဒဏ်ရာဒဏ်ချက်မတွေ့ရခြင်းဖြစ်သည်။
“ဒါဆို တိုက်ပွဲရိုက်ခတ်မှုတွေ အပြင်ဘက်မရောက်အောင်ပဲ ကျုပ်ကာကွယ်ရမယ်ပေါ့”
“ဟုတ်ပါတယ်”
ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။
“သခင်၊ ကျုပ်မေးစရာတစ်ခုရှိတယ်”
“အင်း...”
ဖုန်ချင်အန်း စန်းမြောင်ကို လှည့်ကြည့်သည်။
“မေးပါး”
သခင်နဲ့တောင်နက်ကြားမှာ ထူးခြားတဲ့ ဆက်နွယ်မှုတစ်ခုရှိလား”
ရက်တစ်ချို့အတူနေပြီးနောက် စန်းမြောင်ရိပ်စားမိခဲ့သည်။ တောင်နက်သည် ဖုန်ချင်အန်းနှင့် အနီးစပ်ဆုံးဖြစ်ဟန်ရှိသည်။ ခင်မင်ရင်နှီးရုံအဆင့်မဟုတ်။ စိတ်ချင်းဆက်နေပုံမျိုးဖြစ်သည်။
“မင်းဘာလို့ အဲလိုယူဆတာလဲ”
စန်မြောင်၏ အကဲခတ်နိုင်စွမ်းကို ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ အားလုံးကို ညီမျှအောင် ဆက်ဆံခဲ့သည်ဟု သူ့ကိုယ်သူ ယူဆထားသည်။
“ဝံပုလွေဖြူက သခင့်ကို အတော်လေးစား။ ဒါပေမယ့် သခင်က သူ့ကို သိပ်အရေးမစိုက်ဘူး။ တောင်နက်လောက် ရင်းရင်းနှီးနှီးမဆက်ဆံဘူး။ တောင်နက်ကြောင့် သခင်က သူ့အပေါ်ကောင်းနေတာမဟုတ်လား။ သူတို့နှစ်ယောက် အတူတူလို့ထင်ရပေမယ့် အနီးကပ်အကဲခတ်ကြည့်ရင် အချင်းချင်းကြည့်တဲ့ပုံစံ၊ ပြောဆိုတဲ့ပုံစံ၊ လေသံအပြောင်းအလဲတွေကနေ အများကြီးသိသာပါတယ်”
“မင်းရဲ့အကဲခတ်စွမ်းရည်က အတော်ကောင်းတာပဲ”
“သခင့်စိတ်ထဲမှာ တောင်နက်နဲ့ ပိုင်ယော်ဟာ အဆင့်ခြင်းမတူဘူးပေါ့”
မေးသလိုရှိသော်လည်း စန်းမြောင်လေသံက သေချာသည့်သဘော။
“တောင်နက်ကို အကောင်ပေါက်ဘဝကတည်းက ငါမွေးခဲ့တာ”
ဖုန်ချင်အန်း ရယ်နေသည်။ သူမငြင်းပါ။
“မွေးပြီးလို့ သိပ်မကြာခင်မှာဘဲ တောင်နက်က ငါ့အပေါ် အရာအားလုံး အပြည့်အဝ ယုံကြည်ခဲ့တယ်။ ငါက သူ့ကမ္ဘာပဲ။ ပြီးတော့ သူက ငါ့အတွက် အစားထိုးလို့မရဘူး”
“အရာအားလုံးလား”
စန်းမြောင် အကြမ်းဖျင်းနားလည်လာသည်။ ပိုင်ယော်သည် တောင်နက်နှင့်ဆက်စပ်နေသဖြင့်သာ သခင်လေးနောက်သို့ လိုက်နိုင်ခဲ့ခြင်းဖြစ်မည်။
“ကျုပ်သခင့်အပေါ် အရာအားလုံးပုံအပ်ချင်တယ်ဆိုရင် သခင်ဘာလုပ်မှာလဲ”
နောက်သို့လိုက်လာခြင်းနှင့် နောက်လိုက်အဖြစ်နေခြင်းသည် အတူတူဟု ထင်ရသည်။ သို့သော် မတူ။ သူလည်း တောင်နက်လိုဖြစ်ချင်သည်။ ပိုင်ယော်လိုမဖြစ်ချင်။
“မင်းတစ်ခါမှ မခံစားခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ငါမင်းကိုဝမ်းပမ်းတသာ လွှဲပေးမှာပေါ့။ မင်းစိတ်မပျက်စေရပါဘူး”
အစကတည်းက စန်းမြောင်နှင့် ဝိညာဉ်စာချုပ်ချုပ်ရန် သူရည်ရွယ်ခဲ့ပါသည်။ သို့သော် ဤရာစုနှစ်သက်တမ်းရှိသည့် နတ်ဆိုးသည် ထင်ထားသည်ထက် ဉာဏ်ပြေးသည်။ သုံးလေးရက်စောင့်ကြည့်ရုံဖြင့် ဆုံးဖြတ်ချက်ချနိုင်သည်။
“ဒီလိုဆိုရင် အရာအားလုံး ကျုပ်ယုံယုံကြည်ကြည်အပ်နှံဖို့ အသင့်ဖြစ်နေပါပြီ သခင်လေး”
စန်းမြောင် တုံ့ဆိုင်းခြင်းမရှိ။ ထိုအခွင့်အရေးမျိုး လက်လွတ်သွားလျှင် နောက်တစ်ကြိမ် ရနိုင်မည်မဟုတ်။ သူသေချာနားလည်သည်။
“ဒါဆိုရင် ဝမ်းပမ်းတသာ လက်ခံပါတယ်”
ဖုန်ချင်အန်း ထရပ်လိုက်သည်။ ဝိညာဉ်စွမ်းအင်များ လက်ထဲတွင် ပေါ်လာသည်။ စန်းမြောင် ကြောင်တက်တက်ငေးကြည့်နေစဉ်မှာပင် စွမ်းအင်စက်ဝန်းတစ်ခုအဖြစ် ပြောင်းသွားသည်။ ထူးဆန်းသည့်ဝိညာဉ်စွမ်းအားတစ်ခု ထွက်ပေါ်နေသည်။
“ဒါက ဝိညာဉ်စာချုပ်လို့ခေါ်တယ်။ မင်းလက်ခံလိုက်တာနဲ့ ငါ့ကံကြမ္မာဟာ မင်းနဲ့တစ်သားတည်းဖြစ်သွားပြီ။ ကောင်းတာဆိုးတာအားလုံး ငါတို့အတူ ရင်ဆိုင်ရမယ်”
“ဝိညာဉ်စာချုပ်လား”
စန်းမြောင် နားလည်လိုက်သည်။ ဝိညာဉ်စာချုပ်ချုပ်ပြီးမှသာ ဖုန်ချင်အန်းက သူ့ကို လေ့ကျင့်လမ်းညွှန်ပေးမည့်သဘောဖြစ်သည်။ ထိုသို့ဆိုလျှင် ဘာမှပြောစရာမရှိတော့။
“ဆက်လုပ်ပါ သခင်လေး”
“စိတ်မလှုပ်ရှားနဲ့။ မခုခံဘဲ ဒီအတိုင်းနေရုံလေးပါ။ အစပိုင်းမှာ ဝေဒနာနည်းနည်းတော့ ခံစားရမယ်။ အဲဒါပြီးသွားရင် မင်းတစ်ခါမှမခံစားဖူးတဲ့ အတွေ့အကြုံမျိုး မင်းခံစားရမှာပါ”
စန်းမြောင် နည်းနည်းစိုးရိမ်နေသည်။ ဖုန်ချင်အန်း၏လက်ဝါးက သူ့နဖူးပေါ် ရောက်လာသည်။ ဝိညာဉ်စွမ်းအင်အလင်းများ စိမ့်ဝင်လာပြီး စန်းမြောင်၏ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်။ ဖုန်ချင်အန်း၏ ထူးခြားသည့်အမှတ်အသားတစ်ခု ကျန်နေခဲ့သည်။
“ထင်တဲ့အတိုင်းပဲ”
ဤတစ်ကြိမ် ဝိညာဉ်စာချုပ်ချုပ်ရသည်မှာ အရင်အကြိမ်များထက် ပိုခက်ခဲ့သည်။ စန်းမြောင်သည် ပါးစပ်ကသာ သဘောတူသည်ပြောသော်လည်း အတွင်းကျသည့်စိတ်ထဲတွင် ဗီဇအရဆန့်ကျင်မှုတစ်ခုရှိသည်။ ဗီဇအရသာဖြစ်သည်။ ဦးနှောက်အသိစိတ်က ဖုန်ချင်အန်းကို လက်ခံပြီးဖြစ်သည်။
အတားအဆီးလေးများရှိနေသော်လည်း အခက်အခဲသိပ်မရှိပါ။ နောက်ဆုံးတွင် စန်းမြောင်ဝိညာဉ်တွင် ဝိညာဉ်စွမ်းအင်အလင်းဖြင့် မပျက်စီးနိုင်သည့် အမှတ်တရားတစ်ခု ဖြစ်ပေါ်လာသည်။
စာချုပ်ချုပ်ပြီးသည်နှင့် အပြန်အလှန် ဖြည့်ဆည်းမှုဖြစ်လာသည်။ စန်းမြောင်ကိုယ်မှ အစိမ်းရောင်ဝိညာဉ်ချီများ ထိုးထွက်လာသည်။ ချီလင်အရိပ်ဖြစ်လာသည်။ ယခုတစ်ကြိမ်ပေါ်လာသည့်ပုံရိပ်က အရင်ထက် ပိုထင်ရှားသည်။ ချီလင်သွေးဆက် ပိုအားကောင်းလာသည်။
သို့သော် စန်းမြောင်ထံမှ တန်ပြန်ရလာသည့် ဖုန်ချင်အန်း၏ အပြောင်းအလဲက ပိုထင်ရှားသည်။ အားကောင်းသည့် သွေးစွမ်းအင်များ ထွက်လာသည်။ ပြင်းထန်သည့် ရေနှင့်သစ်သားဝိညာဉ်ချီတို့ သူ့ကိုယ်ထဲတွင် ပေါင်းစပ်နေသည်။
ခြောက်ပေရှည်သည့်အရပ်က စွမ်းအင်အဟာရကြောင့် ပိုရှည်လာသည်။ ရှေးဟောင်းအမှတ်အသားများ သူ့ပါးပြင်တွင်ပေါ်လာသည် လည်ပင်းနှင့်ပုခုံးတွင် အစိမ်းရောင်အကြေးခွံများ ပေါ်လာသည်။
“အားးးး.....”
ဖုန်ချင်အန်း ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ နတ်ဆိုးထံမှရလာသည့် ပြင်းထန်သိပ်သည်းသည့် အသက်ဓာတ်ကြောင့် တစ်ကိုယ်လုံး စုတ်ပြဲကြေမွသလို ခံစားရသည်။ သို့သော် လွှမ်းမိုးနေသည့် ထိုစွမ်းအားထဲတွင် အပြောင်းအလဲကြောင့်ဖြစ်လာသည့်ဝေဒနာကို ကုစားပေးသည့် အစွမ်းတစ်မျိုးလည်း ပါဝင်နေသည်။
နာကျင်မှုကို အချိန်တိုအတွင်း ထိန်းချုပ်လိုက်နိုင်သည်။ တိုးလာသည့်စွမ်းအားအရသာကို ကျေနပ်စွာသူခံစားသည်။ ထိုအာရုံမျိုး သူပထမဆုံး ကြုံဖူးခြင်းဖြစ်သည်။
မည်သို့ဆိုစေ၊ စန်းမြောင်သည် ဒဏ္ဌာရီသွေးဆက်နှင့် အားကောင်းသည့် အသက်ဓာတ်မျိုး ပိုင်ဆိုင်ထားသည့် နတ်ဆိုးဖြစ်သည်။
**********************************************