← Chapters

သူမရူးပါ

Vol. 17 Ch. 243

သူမရူးပါ

Vol. 17 Ch. 243

“ဒီစွမ်းအားဟာ ကန်းရှအဆင့်သိုင်းသမားနဲ့ တကယ်ထိပ်တိုက်ရင်ဆိုင်နိုင်ရဲ့လား”

ဖုန်ချင်အန်း လက်သီးဆုပ်လိုက်သည်။ သူ့လက်ဝါးအလယ်တွင် ဘုန်းခနဲမြည်ဟိန်းသွားသည်။ တစ်ကိုယ်လုံး အားကောင်းပြင်းထန်သည့် အသက်ဓာတ်များစီးဝင်နေသည်။ မကြုံထူးသည့်အာရုံမျိုး ခံစားနေရသည်။ သာမန်သန္ဓေတည်အဆင့်သိုင်းသမားသည် သူ့ပြိုင်ဘက်မဟုတ်တော့။

သို့သော် ထိုးထွက်လာသည့်စွမ်းအားကို အမြန်ထိန်းချုပ်ထားလိုက်သည်။ ကန်းရှအဆင့်သိုင်းပညာရှင်များ၏ စွမ်းအားကို နက်နက်နဲနဲ သူနားလည်လာသည်။

အသက်ဓာတ်အားဖြင့် ကန်းရှအဆင့်သိုင်းသမားနှင့် သူယှဉ်ကောင်းယှဉ်နိုင်မည်။ သို့သော် ကောင်းကင်စွမ်းအင်ဖြင့် အားဖြည့်ထားသည့် ချီစွမ်းအင်စစ်မျိုး သူမပိုင်ဆိုင်သေး။

တိုက်ပွဲအတွေ့အကြုံလည်း မရှိသေး။ ထိုအတွေ့အကြုံမှ ဖြစ်တည်လာသည့် တိုက်ခိုက်စွမ်းအားကို ခုနစ်ဆမှ ဆယ်ဆခန့်အထိ တိုးမြှင့်နိုင်သည့် သိုင်းတာအိုသန္ဓေစွမ်းအားမျိုးလည်း သူမရသေး။

သန္ဓေတည်အဆင့်များထဲတွင် ထိုတာအိုသန္ဓေကို နာလးည်နိုင်သူမှာ အတော်ရှားပါးလှသည်။ ကန်းရှအဆင့်သို့ တက်လှမ်းလိုလျှင် ထိုအရာကို နားလည်ရသည်။ မဟုတ်လျှင် ကောင်းကင်စွမ်းအင်ကို ခံနိုင်ရည်ရှိမည်မဟုတ်။

“သခင်လေး”

စန်းမြောင် ဖုန်ချင်အန်းကို ကြည့်နေသည်။ သူ့စွမ်းအား ဖုန်ချင်အန်းကိုယ်ထဲတွင် ရှိနေသည်ကို အာရုံခံမိသည်။ ချီလင်သွေးဆက်အမွေစွမ်းအင်မျိုးဖြစ်သည်။

စာချုပ်ချုပ်ပြီးသည်နှင့် ထိုအရာအားလုံး ဖြစ်လာသည်။ ဖုန်ချင်အန်းကိုလည်း သူပို၍ အံ့ဩလေးစားလာသည်။ ထိုအရာမျိုးဖြစ်နိုင်သည်ဟု သူတစ်ခါမှမကြားဖူး။

“သခင်လေးရဲ့ပုံစံက”

“ကိစ္စမရှိပါဘူး”

အပြောင်းအလဲကို ဖုန်ချင်အန်း နားလည်သည်။ လူသားအသွင်ပျောက်ကွယ်လာခြင်းဖြစ်သည်။ စန်းမြောင်၏စွမ်းအင်များကို သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးလာသောကြောင့်ဖြစ်သည်။

သူ့ကိုယ်ပိုင်စွမ်းအားထက် အဆင့်မြင့်သည်။ ချီလင်သွေးဆက်မှရလာသည့် စွမ်းအင်သက်ရောက်မှုဖြစ်သည်။ စန်းမြောင်၏ သန္ဓေစွမ်းအင်ကို မထိခိုက်သော်လည်း ထိုစွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမရှိ။

ဝိညာဉ်စာချုပ်ကြောင့် ထိုစွမ်းအင်က ဖုန်ချင်အန်း ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ သက်ရောက်မှုရှိလာသည်။ လူသားအသွင်လျော့ပါးသွားသည်။

ဖုန်ချင်အန်း အတွေးနက်သွားသည်။ သူ့ထက်စွမ်းအားမြင့်ပြီး အားကောင်းသန့်စင်သည့်သွေးဆက်ရှိသည့် ဝိညာဉ်သားရဲမျိုးနှင့် ဝိညာဉ်စာချုပ်ချုပ်လျှင် ထိုသားရဲ၏သွေးဆက်စွမ်းအားက လွှမ်းမိုးလာနိုင်သည့်သဘောဖြစ်သည်။ သူ့လူသားအသွင်ကိုပင် ထိန်းထားနိုင်စွမ်းရှိမည်မဟုတ်။

စွမ်းအားမြင့်ဝိညာဉ်များစွာနှင့် စာချုပ်ချုပ်ထားသည့် အဆင့်မြင့်သားရဲထိန်းသခင်များဆိုလျှင် မည်သည့်ပုံစံရှိမည်မသိ။ လူသားအသွင်ကို ထိန်းထားနိုင်စွမ်းရှိမရှိမသိ။

ထိန်းထားနိုင်လောက်ပါသည်။

ဝိညာဉ်စာချုပ်စွမ်းအားကို တိတ်တဆိတ်လည်ပတ်လိုက်သည်။ ပါးပြင်မှ ရှေးဟောင်းအမှတ်အသားများ ပုခုံးနှင့်လည်ပင်းမှ ကြေးခွံများ တဖြေးတဖြေးပျောက်ကွယ်သွားသည်။ လူသားအသွင်ပြန်ပေါ်လာသည်။

စန်းမြောင်၏စွမ်းအား ပျောက်ကွယ်သွားခြင်းမဟုတ်။ သူ့ကိုယ်ထဲတွင် လွတ်လပ်စွာ စီးဆင်းနေသည်။ သူ့အသွင် ပိုခံ့ညားတည်ငြိမ်လာသည်။ သွင်ပြင်ဟန်ပန် အမှန်တကယ်ပြောင်းလဲသွားသည်။

နန်းကော၊ တုန်ဟွမ်းတို့နှင့် စာချုပ်ချုပ်စဉ်ကလည်း သန္ဓေပြောင်းလဲမှု ကြုံရပါသည်။ သို့သော် ဝိညာဉ်စွမ်းအင်သာ များစွာတိုးပွားခဲ့ခြင်းဖြစ်သည်။ သူ့ရုပ်ရည်သွင်ပြင်ပေါ် မသက်ရောက်။ ထို့ကြောင့်လည်း သူသတိမပြုမိခဲ့။

လူသားအသွင်ပြန်ပြောင်းသွားသည့်သူ့ကို စန်းမြောင် ငြိမ်သက်စွာ စိုက်ကြည့်နေသည်။ အသွင်ပြောင်းလဲမှုလေးသာဖြစ်သည်။ သို့သော် ဖုန်ချင်အန်း ချီလင်စွမ်းအားမျိုး ရသွားသည်ကို သူရိပ်မိသည်။ ဖုန်ချင်အန်းနှင့် ပိုရင်းနှီးလာသည်ကိုလည်း ခံစားမိသည်။

“သူတို့ ပွဲပြီးတော့မယ်ထင်တယ်။ သွားကြည့်ကြစို့”

ဖုန်ချင်အန်း ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူ့ခြေထောက်အောက်မှ နားမခံသာစရာအသံတစ်ခု ကြားလိုက်ရသည်။

“ကရစ်”

သူငုံ့ကြည့်သည်။ ပင့်ကူအိမ်သဖွယ်အက်ကြောင်းများ သူ့ခြေထောက်အောက်တွင် ပေါ်လာပြီး ဘေးပတ်လည်သို့ ချက်ချင်းပျံ့နှံ့သွားသည်။ ခြေထောက်ကိုမ,ကြည့်သည်။ ခြေချသည့်နေရာတွင် အမှုန့်ကြေနေသည့် ခြေရာတစ်ခု ပေါ်လာသည်။

ရုတ်တရက် တိုးလာသည့်စွမ်းအားက အတော်လေးများလွန်းသွားဟန်ရှိသည်။ သာမန်အတိုင်း လှုပ်ရှားသွားလာနိုင်ဖို့ အချိန်ယူ၍ ထိန်းညှိယူရမည်။ မဟုတ်လျှင် သူရောက်လေရာတွင် အခက်တွေ့မည်။ သူ့လှုပ်ရှားမှုတိုင်း အရာဝတ္ထုများ ပျက်စီးမည်။

“ဝုန်း”

သူ့ရှေ့မှ အသစ်ပြုပြင်ထားသည့်အိမ်ကို ဖောက်ထွင်း၍ သဏ္ဌာန်တစ်ခု လွင့်ပျံလာသည်။

မြေပြင်ပေါ် ဒရွတ်တိုက်လိမ့်ထွက်လာသည်။ လမ်းကြောင်းတလျှောက် သုံးလေးပေနက်သည့် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ကျောက်တုံးအစုအပုံတစ်ခုနှင့် တိုက်မိသည်။ ထို့နောက် ထိုသဏ္ဌာန်ကို ထင်ထင်ရှားရှားမြင်လာရသည်။

စုတ်ပြတ်နေသည့်အဝတ်အစားနဲ့ သွေးချင်းချင်းနီရဲနေသည့် လူတစ်ယောက်ဖြစ်သည်။ ခြေလက်နှင့်ကျောရိုးများ တွ့န်လိမ်၍ နေရာလွဲနေသည်။ သို့သော် သူ့မျက်နှာတွင် စိတ်လှုပ်ရှားနေသည့် အံ့အားသင့်နေသည့် ရူးသွပ်နေသရောင်ရှိသည့် အပြုံးတစ်ခု ရှိနေသည်။

သို့သော် ထိုအချိန်တွင် မျက်လုံးနှစ်စုံက သူ့ကိုစိုက်ကြည့်နေကြောင်း အာရုံခံမိသွားသည်။ ဖြေးညှင်းစွာ ခေါင်းမော့ကြည့်သည်။ သူ့မျက်နှာ ကျောက်ရုပ်လိုဖြစ်သွားသည်။

အရိုးတောင်ပံနှင့် နဂါးကြေးခွံများပါသည့် ဒဏ္ဌာရီသားရဲကို သူအရေးမစိုက်။ အသွင်တည်ငြိမ်သည့် ဝတ်ရုံဖြူလူငယ်ကိုသာ စိုက်ကြည့်နေသည်။ ထို့နောက် ဖုန်ချင်အန်းကို တုန်တုန်ရင်ရင် လက်ညှိုးထိုး၍

“ခင်ဗျားက ဖုန်သခင်လေးလား”

ထိုမျက်နှာကို သူကောင်းကောင်းမှန်မိသည်။ ထိုမျက်နှာမျိုး မြင်ဖူးသည်။ ထိုသခင်လေး၏နောက်ခံကို ချက်ချင်းအတည်ပြုနိုင်သည်။ ထိုအချက်ကြောင့်ပင် လက်မခံနိုင်အောင်ဖြစ်ရသည်။

ဖုန်သခင်လေး ဤနေရာတွင် ရှိနေသည်ဆိုလျှင် သူကို့လက်သီးချက်ဖြင့် လွင့်ထွက်သွားအောင် တိုက်ခိုက်ခဲ့သူက မည်သူနည်း။ တစ်နာရီအတွင်း သူ့လက်သီးသိုင်းကို ကျွမ်းကျင်တတ်မြောက်သွားပြီး လက်သီးသိုင်းတာအိုကို တန်ပြန်အသုံးပြုခဲ့သည့် အံ့ဖွယ်ပါရမီရှင်က မည်သူနည်း။

All Chapters