သူမရူးပါ (၂)
Vol. 17 Ch. 244
တိုက်ခိုက်သူက ဖုန်သခင်လေးဆိုလျှင် သူလက်ခံနိုင်သည်။ ညီအကိုနှစ်ယောက် မည်မျှပါရမီထူးပါစေ သူလက်ခံနိုင်သည်။ သို့သော်ယခု ဖုန်သခင်လေးက သူ့ရှေ့တွင် ရပ်နေသည်။ သူနှင့်တိုက်ခိုက်ခဲ့သူက ဘယ်သူမှန်းမသိ။
“ကျုပ်တို့ချင်း အခုမှတွေ့ဖူးပေမယ့် ခင်ဗျားပြောတဲ့ ဖုန်သခင်လေးဆိုတာ ကျုပ်ပဲဖြစ်မယ်ထင်ပါတယ်”
“ဒါဆို ကျုပ်နဲ့တိုက်ခိုက်ခဲ့တာ ဘယ်သူလဲ”
ကွန်မန်ဒါချန် ထပ်မေးသည်။
“ဘုတ် ဘုတ် ဘုတ် “
ပြန်ဖြေစရာမလိုတော့ပါ။ ရွှေအလင်းများ လွှမ်းခြုံနေသည့် အသွင်သဏ္ဌာန်တစ်ခု သူလွင့်ထွက်သွားသည်။လာသည့် လမ်းကြောင်းအတိုင်း လျှောက်လာသည်။ ထိုသဏ္ဌာန်က လက်သီးကိုဆုပ်၍ ပြိုင်ဘက်ကို ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်နေပုံရသည်။ ဖုန်ချင်အန်းက လက်ဝါးထောင်ပြလိုက်သည်။
“တော်တော့၊ အနိုင်အရှုံး ကွဲပြာနေပြီပဲ။ ဆက်တိုက်ခိုက်ဖို့ မလိုတော့ပါဘူး။ လာတော့”
ကွန်မန်ဒါ မှင်သက်မိနေသည်။ သူနှင့်တိုက်ခိုက်ခဲ့သူ၊ သူ့လက်သီးသိုင်းကို အချိန်တိုအတွင်း သင်ယူခဲ့သူ၊ သူ့ကိုအနိုင်ယူခဲ့သူက ရွှေရောင်အလင်းတန်းများအဖြစ်ပြောင်းသွားသည်။ ထို့နောက် သံချပ်ကာအစိတ်အပိုင်းများအဖြစ် ပြောင်းသွားပြီး ဖုန်ချင်အန်းကို ခေါင်းအစခြေအဆုံး ဖုံးအုပ်သွားသည်။
ကွန်မန်ဒါမျက်နှာမှ အံ့ဩရိပ်က ထိတ်လန့်ရိပ်သို့ ချက်ချင်းပြောင်းသွားသည်။ သံချပ်ကာဝတ်ရုံထဲတွင် ဘာမှမရှိသည်ကို သူရှင်းရှင်းလင်းလင်းမြင်ခဲ့ရသည်။
“ခင်ဗျားနဲ့တိုက်ခိုက်နေတာ ကျုပ်ရဲ့သံချပ်ကာပါ”
ယခု ဖုန်ချင်အန်း ကိုယ့်စွမ်းအားကိုယ် သတိဖြင့်ထိန်းချုပ်စရာ မလိုတော့။ သံချပ်ကာက သူ့ဘေးပတ်လည်မှအရာများ သူကြောင့်မပျက်စီးအောင် ကာကွယ်ဖို့ ကူညီပေးပေလိမ့်မည်။
“မဖြစ်နိုင်ဘူး။ ဒါ မဖြစ်နိုင်ဘူး”
ကွန်မန်ဒါ အကြီးအကျယ် စိတ်ခြောက်ခြားသွားသည်။ သိုင်းပါရမီရှင်လူသားတစ်ယောက်နှင့် တိုက်ခိုက်ရသည်ဆိုလျှင် သူလက်ခံသည်။ ထိုအတွက် သူပြင်ဆင်လေ့ကျင့်ခဲ့သည်။
သံချပ်ကာတစ်စုံက သူ့ကိုအနိုင်ယူသွားသည်ဆိုလျှင်လည်း သူလက်ခံနိုင်သည်။ ဒဏ္ဌာရီသိုင်းသမားတစ်ယောက်၏ သံချပ်ကာက အသိစိတ်ဝိညာဉ်ရပြီး သူ့ကိုအနိုင်ယူသည်ဆိုလျှင် လက်ခံသည်။
ရှေးဟောင်းရတနာများ သန္ဓေဗီဇပြောင်း၍ အသိဉာဏ်ရလာသည်ဆိုလျှင် ထိုရတနာကိုယ်တိုင်က ဝါရင်သိုင်းပညာရှင်မျိုး ဖြစ်လာနိုင်ပေသည်။
သို့သော် သူတိုက်ခိုက်ခဲ့သည့် သံချပ်ကာသည် ထိုရှေးဟောင်းရတနာမျိုးမဟုတ်။ တိုက်ခိုက်နေစဉ်အတွင်းက ထိုသံချပ်ကာသည် အတွေ့အကြုံနည်းပြီး ကျွမ်းကျင်မှုမရှိကြောင်း သူခံစားမိသည်။ ပြိုင်ဘက်၏ ကြောက်စရာကောင်းသည့် သင်ယူတိုးတက်မှုစွမ်းရည်ကို သူအံ့ဩခဲ့မိသည်။
ဖုန်သခင်လေးနှင့်မတွေ့မီက ပြိုင်ဘက်ကင်းသိုင်းပါရမီရှင်တစ်ယောက်နှင့် တိုက်ခိုက်နေသည်ဟု သူအမှန်တကယ် ထင်နေခဲ့သည်။ သို့သော် ယခု သူ့ကိုအနိုင်ယူသွားသူက သံချပ်ကာတစ်ခုသာဖြစ်ကြောင်း လက်တွေ့မြင်လိုက်ရသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
သံချပ်ကာတစ်ခုက သူ့သက်တမ်းတစ်လျှောက်လေ့ကျင့်ခဲ့သည့် သိုင်းပညာများကို တစ်နာရီအတွင်း လေ့လာတတ်မြောက်သွားသည်။ သူ့ထံမှသင်ယူသည့်သိုင်းပညာဖြင့် သူ့ကိုပြန်အနိုင်ယူခဲ့သည်။
"ဟားဟားဟား၊ အမှိုက်ကောင်ပဲ။ ငါလည်း အမှိုက်ကောင်ပဲ။ ဘာမှအသုံးမကျဘူး။ သိုင်းပညာသင်ဖို့တောင် မထိုက်တန်တဲ့ အလကားကောင်ပဲ”
ရူးသွပ်မတတ်သူခံစားရသည်။
“သခင်လေး၊ ဒီလူ့ကို ဘယ်လိုလုပ်ကြမလဲ”
“မနေ့ညကအတိုင်းပဲပေါ့။ ဆေးကုပေးပြီး အပြင်ကိုဆွဲထုတ်လိုက်ပါ”
သူ့စိတ်ဒဏ်ရာကို ကုသပေးဖို့ ဖုန်ချင်အန်း ရည်ရွယ်ချက်မရှိ။ ရူးရူး မရူးရူး သူစိတ်မဝင်စား။ မဖိတ်ခေါ်ဘဲ ရောက်လာသည့်လူကို အရေးစိုက်စရာမလို။ ခန္ဓာကိုယ်ဒဏ်ရာများ ကုပေးသည်မှာ နဂါးသံချပ်ကာအတွက် သိုင်းလေ့ကျင့်ဖော်အဖြစ် အကူအညီပေးသလိုဖြစ်ခဲ့သောကြောင့်သာ ဖြစ်သည်။
“နားလည်ပါပြီ”
ရူးသလိုဖြစ်နေသည့် ကွန်မန်ဒါကို စန်းမြောင်လှမ်းကြည့်သည်။ သစ်သားဝိညာဉ်ချီများ ကွန်မန်ဒါ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။ တိုက်ပွဲကြောင့်ရခဲ့သည့် ဒဏ်ရာများ ပျောက်ကွယ်သွားသည်။
သို့သော် ကွန်မန်ဒါချန်သည် ထိုဒဏ်ရာများကို လုံးဝအရေးမစိုက်တော့။ သံချပ်ကာနှင့်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအကြောင်းသာ ပြန်တွေးနေသည်။ ငိုလိုက်ရယ်လိုက်ဖြစ်နေသည်။ တစ်သက်လုံးကျင့်ခဲ့သည့် သူ့သိုင်းပညာက ဟာသတစ်ခုလိုဖြစ်နေသည်။
“သူ့ကို အပြင်ဆွဲထုတ်လိုက်”
မဟာနတ်ဆိုးကို ထိုလူသား တွန်းလှန်နိုင်သည့် အင်အားမရှိ။
နောက်တစ်နေ့မနက် အရုဏ်တက်ချိန်ရောက်လာသည်။ လမ်းဘေးဈေးသည်များ အံ့ဩကြရပြန်သည်။
“မနေ့ကပဲ အရူးတစ်ယောက် ထွက်သွားတယ်။ ဒီနေ့ နောက်တစ်ယောက် ပေါ်လာပြန်ပြီလား”
“မြို့တော်မှာ ပြဿနာကြီးတစ်ခုခု ဖြစ်တော့မယ့်သဘောလား”
“ဘာမှမပြောမနေနဲ့။ ရုံးတော်အဖွဲ့ကို မြန်မြန်သတင်းပို့ကြ”
ရုံးတော်မှ စစ်သားများ အပြေးရောက်လာသည်။ အရူးဆိုသူကိုမြင်ပြီးနောက် အားလုံးထိတ်လန့်သွားကြသည်။ နာမည်ကျော်ကွန်မန်ဒါကို ရုံးတော်သို့ ပြန်ခေါ်သွားကြသည်။ အိပ်ယာနိုးစ တရားသူကြီးလည်း အမြန်အဝတ်စားလဲ၍ ရောက်လာသည်။
“ဆရာချန်၊ မနေ့ညက ခင်ဗျားဘာတွေလုပ်ခဲ့တာလဲ”
အဝတ်အစားများစုတ်ပြတ်နေသည့် ကွန်မန်ဒါကို သူကြည့်နေသည်။ မနေ့က ကျန်းပေ့လိုပုံစံမျိုးပင်ဖြစ်သည်။ တရားသူကြီးစိတ်ထဲ စိုးရိမ်စိတ်နည်းနည်းဝင်လာသည်။ ကွန်မန်ဒါချန်သာရူးသွားလျှင် မြို့တော်ကာကွယ်ရေးတပ်စခန်းကို မည်သူဦးစီးတော့မည်နည်း။
ထိုကိစ္စက သိပ်အရေးမကြီးသေး။
ထိုနှစ်ယောက် ဘာတွေကြုံတွေ့ခဲ့သနည်း။ ဖုန်သခင်လေး ဘာရည်ရွယ်ချက်ရှိသနည်း။ ကန်းရှအဆင့်နှစ်ယောက် နှစ်ရက်အတွင်းရူးသွားသည့်ကိစ္စ။ အန့်ချင်းမြို့တော်တွင် အလွယ်တကူ ဂယက်ထသွားနိုင်သည်။
“သံချပ်ကာတစ်ခုနဲ့ တစ်ညလုံး ကျုပ်တိုက်ခိုက်ခဲ့ပြီး ရှုံးသွားတယ်လေ..ဟားဟားဟား”
ကွန်မန်ဒါ ခြောက်ကပ်ကပ်ရယ်မောနေသည်။
သူ့ပြောစကား အမှန်တရာဖြစ်သည်။ သို့သော် ဘေးပတ်လည်မှ အရာရှိများအတွက် အဓိပ္ပါယ်မရှိ။ ကွန်မန်ဒါချန်လည်း အရာရှိကျန်းလို ရူးသွားခြင်းဖြစ်မည်။
“သမားတော်ကျန်းကို မြန်မြန်သွားခေါ်ကြ”
“ဆင့်ခေါ်ဖို့ မလိုပါဘူး။ ကျုပ်မရူးပါဘူး”
ကွန်မန်ဒါချန်က အတွေ့အကြုံပိုရှိသည်။ မတိုက်ခိုက်မီကလည်း ကြိုတင်ပြင်ဆင်ထားသည်။ နိုင်မည်ဟုလည်း မျှော်လင့်မထား
အရာရှိများ အချင်းချင်းကြည့်နေကြသည်။ မနေ့ကကျန်းပိုင်လိုပင် ကွန်မန်ဒါချန်တွင် အင်္ကျီများ စုတ်ပြဲနေသည်။ သို့သော် ဒဏ်ရာဒဏ်ချက်တစ်ခုမှမရှိ။ ထူးဆန်းသည်။
“ငါ့အတွက် ဝတ်စုံတစ်ခု သွားယူပါ”
စစ်သားတစ်ယောက်ကို စိုက်ကြည့်၍ အမိန့်ပေးလိုက်သည်။ မကြာမီ ဝတ်စုံရောက်လာသည်။ အဝတ်လဲပြီးနောက် သူတို့ကွန်မန်ဒါ တကယ်မရူးဟု ယူဆကြသည်။
“ဆရာချန်၊ မနေ့ညက ဖုန်သခင်လေးကို သွားတွေ့တာလား”
တရားသူကြီးက မေးသည်။ မနေ့ကတည်းက စိတ်စနိုးစနောင့်ဖြစ်နေခဲ့သော်လည်း အခြေအနေ အခြေအနေက ပိုဆိုးလာသည်။ လက်ရှိ ကွန်မန်ဒါပုံစံအရ သာမန်လည်ပတ်ခြင်းမျိုးမဟုတ်နိုင်။ အတော်တင်းမာသည့် အခြေအနေမျိုးဖြစ်သည်။
“အဟမ်း၊ ဟုတ်ပါတယ်။ မနေ့ညက ဖုန်သခင်လေးဆီ သွားလည်ခဲ့တာပါ”
ကွန်မန်ဒါ ချောင်းတစ်ချက်ဟန့်၍ မျက်နှာတည်တည်ဖြင့် ဖြေလိုက်သည်။ ထိုကိစ္စ ပြောရန်မည်ကို သူနည်းနည်းရှက်နေသည်။ တိုက်ခိုက်ရန် သူကိုယ်တိုင်အစပျိုးခဲ့သော်လည်း သူသာအထိနာခဲ့သဖြင့် ပြောမထွက်ဘဲ ဖြစ်နေသည်။
“မနေ့ညက ဘာတွေမြင်ခဲ့လို့ ဒီလောက်စိတ်ထွေပြားသွားတာလဲ”
တရာသူကြီး ဆက်မေးသည်။ တစ်ခြားအရာရှိများလည်း နားစွင့်နေကြသည်။ ကန်းရှအဆင့်ကို စိတ်ခြောက်ခြားစေနိုင်လောက်အောင် ခြောက်ထပ်ကွမ်းပညာရှင်၏ညီငယ်သည် မည်မျှထူးခြားနေသည်မသိ။
“ မနေ့ညက သံချပ်ကာတစ်ခုနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ပြီးတော့ ကျုပ်ရှုံးသွားတယ်”
ကွန်မန်ဒါမျက်နှာအမူအရာက ထူးဆန်းနေသည်။ ဖြစ်ခဲ့သည်ကို လက်မခံချင်သေး။ ဖြစ်ပြီးသမျှကိုလည်း ပြန်ပြင်၍မရ။
“သံချပ်ကာနဲ့ တိုက်ခိုက်ခဲ့တယ်ပေါ့”
အရာရှိများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။
“ကျုပ်တို့ သမားတော်ကျန်းကို ခေါ်သင့်တယ်ထင်တယ်”
“ကျုပ်မရူးဘူးလို့ ပြောပြီးပြီလေ”
ကွန်မန်ဒါ မျက်နှာတင်းသွားသည်။
“ခင်ဗျားတို့ နားလည်ဖို့ခက်ခဲတာ ကျုပ်သိတယ်။ ဒါပေမယ့် ဖုန်သခင်လေးမှာ သိစိတ်ဝိညာဉ်ရှိတဲ့ သံချပ်ကာတစ်ခု တကယ်ရှိနေတယ်။ သူမဝတ်ဘဲနဲ့ အဲဒီ့သံချပ်ကာက သူ့ဘာသာလှုပ်ရှားနိုင်တယ်။ သိုင်းပညာကျွမ်းကျင်တယ်။ တစ်ညတည်းနဲ့ ကျုပ်ရဲ့လက်သီးသိုင်းကို သဘောပေါက်သွားတယ်”
“သမားတော်ကျန်းကို မြန်မြန်သွားခေါ်ကြဟေ့”
“ထပ်ပြောမယ်။ ကျုပ်အရူးမဟုတ်ဘူး”
ဒေါသတကြီးအော်ဟစ်သံက ရုံးတော်ထဲတွင် ပဲ့တင်ထပ်သွားသည်။