← Chapters

အရူးများလျှင် အကောင်းဖြစ်

Vol. 17 Ch. 246

အရူးများလျှင် အကောင်းဖြစ်

Vol. 17 Ch. 246

“သာမန်သံချပ်ကာလေးတစ်ခုက ငါတို့ကို ဒီလိုအခြေအနေအထိ တွန်းပို့နိုင်ခဲ့တယ်ပေါ့”

ကွန်မန်ဒါက ခေါင်းကို လေးပင်စွာငြိမ့်လိုက်သည်။ ပြန်စဉ်းစားကြည့်ပြီးနောက် သူရှုံးခဲ့သည့်အဖြစ်ကို သိပ်မရှက်မိတော့။ ဖြစ်သင့်ဖြစ်ထိုက်သည့် ရလာဒ်မျိုးသာဖြစ်သည်။

“ဒီလိုဆိုရင်တော့ ငါတို့ ဒီအခြေအနေကို ဘယ်လိုမှပြောင်းလဲနိုင်တော့မှာမဟုတ်ဘူး။ ဖုန်သခင်လေးမှာ သူ့သံချပ်ကာကို အားဖြည့်ဖို့နည်းလမ်းတွေ ရှိနေမှာအသေအချာပဲ။ ငါတို့သိုင်းပညာကို တိုးတက်အောင်လုပ်ရတာက ခက်ခဲလွန်းတယ်။ ဘယ်လိုမှ လိုက်မီနိုင်မှာမဟုတ်ဘူး”

ကျန်းပေ့စကားကြောင့် ကွန်မန်ဒါချန် အသံတိတ်သွားသည်။ အခြေအနေကိုမပြောင်းလဲနိုင်လျှင် သူတို့ဘဝတစ်လျှောက်လုံး လူအများလှောင်ရယ်စရာ ဖြစ်နေပေတော့မည်။

သံချပ်ကာ မည်မျှထူးခြားသည်ဆိုစေ၊ မည်သည့်နောက်ခံမျိုးရှိသည်ဖြစ်စေ လှောင်ရယ်ချင်သူများက ဘာကိုမှအရေးစိုက်မည်မဟုတ်။ သံချပ်ကာတစ်စုံကို အနိုင်မယူနိုင်သည့် သူတို့အဖြစ်ကို ကဲ့ရဲ့ကြလိမ့်မည်။ သိုင်းသမားများကို သိက္ခာချသူဟု ကင်ပွန်းတပ်ကြပေလိမ့်မည်။

“အနိုင်မယူနိုင်ရင် အတူတူရှုံးကြတာပေါ့”

ကွန်မန်ဒါမျက်နှာတွင် ရက်စက်သည့်အရိပ်တစ်ခု ဖြတ်သွားသည်။

“ဘယ်လို”

ကျန်းပေ့ နည်းနည်းနားရှုပ်သွားသည်။

“ငါတို့ သံချပ်ကာကိုရှုံးတဲ့ကိစ္စ အမြဲတမ်းဖုံးကွယ်ထားလို့ မရနိုင်ဘူး။ သိပ်မကြာခင် သိုင်းသမားအားလုံး သိသွားကြလိမ့်မယ်။ ငါတို့ လူရယ်စရာဖြစ်လာတော့မှာ”

ကွန်မန်ဒါချန်က တည်ငြိမ်သည့်လေသံဖြင့် သုံးသပ်နေသည်။

“ဆရာချန်မှာ အစီအစဉ်ရှိပုံရတယ်”

ကျန်းပေ့စိတ်တွင်လည်း စိတ်ကူးတစ်ခု ရလာသည်။ တစ်ယောက်တည်း ရှုံးခဲ့ရစဉ်က လက်မခံနိုင်ခဲ့။ ယခု အဖော်တစ်ယောက်ရလာသည်။

“ရိုးရိုးလေးပါ၊ သံချပ်ကာကို နောက်ထပ်စိန်ခေါ်သူတွေပေါ်လာပြီး ရှုံးသွားအောင် လုပ်ကြတာပေါ့။ ရှုံးတဲ့လူတွေများလာရင် ငါတို့ကို ဘယ်သူမှ လှောင်ရယ်ကြတော့မှာမဟုတ်ဘူး”

စာပေအနုပညာသည် ထိပ်ဆုံးတွင်ရပ်သည်။ သိုင်းပညာသည်လည်း ထိပ်ဆုံးတွင်ရှိသည်။ စာပေပညာရှင်တို့သည် မျက်နှာသိက္ခာကို ထိန်းကြသည်။ သိုင်းသမားတို့လည်း နာမည်ဂုဏ်သတင်းနှင့် မာနကို ထိန်းသိမ်းကြသည်။ နှစ်မျိုးစလုံး ထူးမခြားနားသာဖြစ်သည်။

“ဆရာချန်နဲ့ကျုပ် အတွေးချင်းတူနေပြီပဲ။ အတွေးတူတော့ အပျော်နှစ်ဆတိုးတာပေါ့”

“ဟား...ဉာဏ်ရည်မြင့်တဲ့လူတွေဟာ အတွေးချင်းတူတာပေါ့”

အရာရှိနှစ်ယောက် သဘောတူဆုံးဖြတ်ချက်ချလိုက်ကြသည်။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေသည်။ မျက်လုံးနှစ်စုံတွင် အပြန်အလှန်နားလည်မှုဖြင့် အရောင်တလက်လက်တောက်နေသည်။

“ကောင်းပြီ၊ ပြောနေရုံနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ အစီအစဉ်ကို အမြန်ဆုံးအကောင်းအထည်ဖော်ဖို့လိုတယ်။ ကန်းရှအဆင့်သိုင်းပညာရှင်တွေ ပြည်နယ်မြို့တော်မှာ အများကြီးရှိပါတယ်။ သူတို့ကို စိန်ခေါ်တိုက်ခိုက်ဖို့ ဖိတ်ကြားလို့ရတယ်”

ပြောနေရင်းမှ ကွန်မန်ဒါချန် ကျန်းပေ့ကို စိုက်ကြည့်လိုက်သည်။

“ဒါပေမယ့် ဒီမြို့တော်ကလူတွေလောက်နဲ့ မရသေးဘူး။ မလုံလောက်သေးဘူး။ ကျန်းပေ့၊ မင်းက အပြင်သိုင်းလောကထဲက လာတဲ့လူပါ။ စီနီယာသိုင်းသမားတွေအများကြီး သိကျွမ်းလောက်ပါတယ်။ သူတို့ကို ငါတို့မြို့တော်ကိုလာဖို့ ဖိတ်လိုက်ပါလား”

“အင်း...ဆရာချန်က ကျုပ်ကို အထင်ကြီးလွန်းနေပြီ။ ကျုပ်က အခုမှ သိုင်းအဆင့်တက်ကာစလူပါ။ အသိအကျွမ်းတွေ အများကြီးမရှိသေးဘူး”

ကျန်းပေ့ သက်ပြင်းချသည်။ အပြင်လောကမှ ကန်းရှတစ်ယောက် အစိုးရရုံးတော်ကို ဝင်လာလျှင် ရွေးစရာနှစ်ခုသာရှိသည်။ ရုံးတာဝန်ကို ထမ်းဆောင်ရမည်။ သို့မဟုတ် သစ္စာခံသိုင်းသမားဖြစ်ရမည်။

ဒုတိယလမ်းကြောင်းက ပိုလွတ်လပ်သည်။ ကန့်သတ်ချက်နည်းသည်။ လိုအပ်သည့်အချိန်တွင် အမိန့်နာခံရုံသာဖြစ်သည်။ သို့သော် နောက်ထပ်အဆင့်တက်ဖို့အတွက် ရရှိသည့်အထောက်အပံ့လည်း နည်းပါးသည်။

“ကိစ္စမရှိပါဘူး။ မင်းက ဒီအဆင့်ထိရောက်နေပြီပဲ။ အသိအကျွမ်းသိပ်မရှိရင်တောင် အဆင့်တူသိုင်းသမားတွေ မင်းဖိတ်ခေါ်တာကို ငြင်းမှာမဟုတ်ပါဘူး”

ကွန်မန်ဒါချန် အော်ဟစ်ရယ်မောနေသည်။ အသိအကျွမ်းမရှိခြင်းသည် ပြဿနာမဟုတ်။ ဦးနှောက်ရှိသည့် သိုင်းသမားတိုင်း ဘဝတူအဆင့်တူသိုင်းသမားများနှင့် တွေ့ဆုံခွင့်ရလိုကြသည်သာဖြစ်သည်။

“ဒါဆို သူတို့လာအောင် ဘယ်လိုဆွဲဆောင်ရမလဲ”

“အမှန်အတိုင်းပဲ ပြောလိုက်ပါ။ သိုင်းပညာမှာ သိစိတ်ဝိညာဉ်ရှိနေတဲ့ သံချပ်ကာစွမ်းအားရှင်ကို သူတို့မနိုင်လောက်ပေမယ့် သူတို့လည်း အတွေ့အကြုံအများကြီးရမယ်။ သေမှာလည်း စိုးရိမ်စရာမလိုဘူး။ ဒီလိုပြိုင်ဘက်မျိုးနဲ့ ယှဉ်ပြိုင်ဖို့ကို ဘယ်သိုင်းသမားက ငြင်းမှာလဲ”

ကွန်မန်ဒါချန် သူ့အစီအစဉ်သူ ယုံကြည်ချက်အပြည့်ရှိသည်။ အရှုံးနှင့်ကြုံပြီးနောက် သံချပ်ကာကို နောက်ထပ်စိန်ခေါ်တိုက်ခိုက်ရန် သူလက်ယားနေသည်။ အသက်အန္တရာယ်မပေးသည့် စွမ်းရည်တူပြိုင်ဘက်မျိုးကို တွေ့ဖို့ဆိုသည်မှာ မလွယ်လှ။

“ဒါပေမယ့် ဖုန်သခင်လေးကိုရော ဘယ်လိုလုပ်မလဲ။ ကျုပ်တို့လုပ်တာကို မကြိုက်လို့ တားဆီးလာရင်ရော ဘယ်လိုလုပ်မလဲ”

ဖုန်ချင်အန်း၏အကိုဖြစ်သူအကြောင်း သိရပြီးနောက် ကျန်းပေ့စိတ်ထဲတွင် ဖုန်ချင်အန်းကို လေးစားစိတ်ဝင်လာသည်။

“စိတ်မပူပါနဲ့။ မင်းသတိမထားမိဘူးလား။ ဖုန်သခင်လေးက သူ့သံချပ်ကာကို တမင်တကာလေ့ကျင့်ပေးနေတာပါ။ နှစ်ဘက်လုံး အကျိုးရှိမယ့်အခွင့်အရေးကို သူမငြင်းလောက်ပါဘူး”

“ဒါဆို အစီအစဉ်ဆက်မလုပ်ခင် သခင်လေးကို ကြိုတင်အသိပေးသင့်တယ်”

သတိထား၍ လုပ်ဆောင်ရန် တွေးမိသဖြင့် ကျန်းပေ့ အကြံပြုသည်။

“သိပ်မှန်တာပေါ့”

ကွန်မန်ဒါ ထောက်ခံသည်။ လုပ်သင့်သည့်အချက်ဖြစ်သည်။

“ဒါဆို မနက်ဖြန် သူ့ဆီလာမယ့်အကြောင်း သတင်းပို့ကြတာပေါ့”

“ငါလည်း လိုက်ရမှာလား”

“သတင်းမပို့ဘဲ အတင်းသွားလည်ရင် ရိုင်းရာကျမှာပေါ့။ မင်းလည်း ကိုယ်တိုင်သွားပြီး တောင်းပန်သင့်တယ်လေ”

“ဟုတ်ပါတယ်လေ”

နောက်တစ်နေ့တွင် ဖုန်ချင်အန်းသည် အသစ်ပြုပြင်ပြီးစ ဧည့်ခန်းဆောင်တွင် အနားယူနေသည်။ သူ့ဘေးတွင် မိန်းကလေးနှစ်ယောက် ရိုသေလေးစားမှုအပြည့်ဖြင့် ရပ်နေသည်။ ကန်းရှသိုင်းသမားကြီးနှစ်ယောက်ကို ကြိုဆိုဧည့်ခံရန် ပြင်ဆင်နေသည်။ အဆင့်တန်းရှိသူတစ်ယောက်အတွက် ထင်ရှားသည့်ဧည့်သည်နှစ်ယောက်ကို တွေ့ဆုံဧည့်ခံရာတွင် အစေခံများ လိုအပ်သည်။

ပြဿနာကို ငွေ့ပုံအော၍ သုံးထားသည်။ ပျက်စီးသွားသည့် ဧည့်ခန်းဆောင်ကို ပြုပြင်သည်။ ရွှေအုပ်ခဲတစ်ချို့ သုံးလိုက်သည်။ တည်းခိုအိမ်မှ အစေခံများ အလုပ်သမားများ ခေါ်ထားသည်။

ယုံကြည်ရသည့် စစ်သားတစ်ချို့နှင့်အတူ အရပ်ဝတ်ဖြင့်ကွန်မန်ဒါချန် ရောက်လာသည်။ ကြိုဆိုနှုတ်ဆက်ရန် တာဝန်ကျသည့် တံခါးစောင့်မှာ တွေ့ဆုံလိုသည့်ဧည့်သည်၏ နာမည်ကိုကြားသည်နှင့် တုန်လှုပ်သွားသည်။

“မြို့ ...မြို့တော်ကာကွယ်ရေးတပ်ဖွဲ့က...ကွန်မန်ဒါချန်”

ချင်းယန်တည်းခိုအိမ်ယာကို လူချမ်းသာများ မကြာခဏလာလည်လေ့ရှိသော်လည်း ကွန်မန်ဒါချန်လောက် အဆင့်အတန်းမြင့်သူ မရှိခဲ့ဖူးပေ။ အဆင့်မြင့်အရာရှိများသည် တည်းခိုအိမ်ယာတွင် နေလေ့မရှိ။ သူတို့ကို အိမ်တော်များ အရံသင့် ပေးအပ်ကြမည့် လူပေါင်းများစွာရှိသည်။ တစ်ပြားတစ်ချပ်မှ အကုန်ခံစရာမလို။

“ဖုန်သခင်လေး”

သိုင်းသမားနှစ်ယောက် ဘေးလူများကို အရေးမစိုက်ကြ။ ဖုန်ချင်အန်းကိုတွေ့သည်နှင့် တောင်းပန်စကားဆိုသည်။ သူတို့ကြောင့် ပျက်စီးခဲ့ရသည်များအတွက် လျော်ကြေးပေးသည်။ ထို့နောက် လာရင်းရည်ရွယ်ချက်ကို တန်းပြောသည်။

“ဒါဆို သိုင်းပြိုင်ပွဲကို ဘယ်နေရာမှာလုပ်ဖို့ စီစဉ်ထားလဲ”

ဖုန်ချင်အန်း ချက်ချင်းအဖြေမပေးသေး။ သူ့ရှေ့မှ စာချုပ်ဖိုင်ကို ကောက်ကိုင်၍ လှန်ကြည့်သည်။ မြို့တော်ကာကွယ်ရေးကွန်မန်ဒါပေးသည့် လျော်ကြေးလက်ဆောင်ဖြစ်သည်။ အန့်ချင်းမြို့တော် အစည်ကားဆုံးလူနေရပ်ကွက်မှ ဂိတ်တံခါးသုံးခုပါသည့်အိမ်တော်ဖြစ်သည်။

“ဒီအိမ်တော်မှာ ပြိုင်ပွဲကျင်းပမှာလား”

“သခင်လေးက ဟာသတွေပြောနေပြန်ပြီ။ ဒါက ကျုပ်စိတ်ရင်းကိုပြတဲ့ လက်ဆောင်လေးပါ။ သခင်လေးကို အဲဒီမှာပြောင်းနေဖို့ တောင်းဆိုတာပါ။ ဘာပဲပြောပြော ဒီနေရာမှာက ကုန်သည်တွေပဲနေကြတာဆိုတော့ အတော်လေးဆူညံတယ်လေ။ သခင်လေးကို ဒီလိုနေရာမှာ ကျုပ်တို့ဘယ်ထားနိုင်ပါ့မလဲ”

ကွန်မန်ဒါက ပြုံး၍ပြောသည်။ အရာရှိဟူသည့် သူ့အဆင့်အတန်းကို လုံးဝထည့်မတွက်တော့။ ဖုန်ချင်အန်း၏ သံချပ်ကာကိုပင် သူအနိုင်မယူနိုင်။ မောက်မာထောင်လွှားခွင့် လုံးဝမရှိ။

သိုင်းလောကတွင် အဆင့်အတန်းကို တိုက်ခိုက်နိုင်သည့်စွမ်းရည်ဖြင့် ဆုံးဖြတ်သည်။ သိုင်းစွမ်းမရှိလျှင် တစ်ခြားဘာမှအဓိပ္ပါယ်မရှိ။

“ဪ...အင်း..ခင်ဗျားစေတနာကို ကျုပ်လက်ခံပါတယ်”

အိမ်တော်တည်နေရာကိုကြည့်၍ ဖုန်ချင်အန်း ချက်ချင်းလက်ခံလိုက်သည်။ သူငြင်းပယ်ရန် စိတ်ကူးမရှိ။ သူ့တည်းခိုအိမ် ပျက်စီးခဲ့ရသည့်အတွက် သူရသင့်သည့်လျော်ကြေးသာဖြစ်သည်။

“ဒါဆို ပြိုင်ပွဲကိုဘယ်မှာ ကျင်းပဖို့စီစဉ်ထားလဲ”

“မြို့ပြင်က လူသူအရောက်အပေါက်နည်းတဲ့ နေရာတစ်ခုကို ရွေးချယ်ရမှာပေါ့”

ကွန်မန်ဒါချန်က ပြောသည်။ ကန်းရှအဆင့် သိုင်းသမားများတိုက်ခိုက်ကြလျှင် ညတွင်းချင်း မြို့တော်တစ်ဝက်လောက် ပျက်စီးသွားနိုင်သည်။

“မင်းဘယ်လိုသဘောရလဲ”

ဖုန်ချင်အန်း သူ့လက်ကောက်ဝတ်ကို ငုံ့ကြည့်သည်။ လက်ကောက်ဝတ်အင်ကျီအောက်မှ သေးသွယ်လှပသည့် ရွှေကြေးခွံရေနဂါးလေးတစ်ကောင် ပေါ်လာပြီး သူ့လက်ချောင်းတွင်ရစ်ပတ်နေသည်။

“ဒါကဘာလဲ”

သိုင်းသမားနှစ်ယောက် အံ့ဩသွားသည်။ ရေနဂါးကိုမြင်ပြီးနောက် ဖုန်ချင်အန်းကို ပို၍လေးစားလာကြသည်။

အထူးသဖြင့် ကျန်းပေဖြစ်သည်။ ကျောရိုးထဲ စိမ့်တက်လာမိသည်။ နဂါးတစ်ကောင် ပိုင်ဆိုင်ထားသည့် လူဝင်စားကောင်းကင်လူသားကိုမှ သွားစိန်ခေါ်မိသည်။

“အံ့ဩမနေကြပါနဲ့။ ဒါက နဂါးစစ်တစ်ကောင်ပါ။ ခင်ဗျားတို့နှစ်ယောက်လုံးကို အနိုင်ယူခဲ့တဲ့ ကျုပ်ရဲ့နဂါးသံချပ်ကာပဲလေ”

“အန်း”

ရွှေနဂါးသံချပ်ကာ ခေါင်းမော့၍ သိုင်းသမားနျှစ်ယောက်ကို တစ်ချက်လှမ်းကြည့်သည်။ ထို့နောက် ဖုန်ချင်အန်းကို လှည့်ကြည့်၍ ခပ်တိုးတိုးအော်သံပေးသည်။ အော်သံက သာယာကြည်လင်သည်။ စိတ်အားထက်သန်နေသည့်အရိပ်မျိုးလည်းပါသည်။

“အင်း..သူသဘောတူတယ်တဲ့။ ခင်ဗျားတို့ ပြိုင်ပွဲကိုစီစဉ်လို့ရပါတယ်။ ဒါပေမယ့်အခုပွဲမှာ ကန်းရှအဆင့်ကိုပဲ ခွင့်ပြုတယ်။ ဒီထက်မြင့်တဲ့အဆင့်မျိုး လက်မခံဘူး”

All Chapters