အုပ်ချုပ်သူကို သတ်ဖြတ်ခြင်း(က)
Vol. 101 Ch. 1560
အမှတ်ငါးကြယ်တာရာစက်ဝန်းမှ နတ်ဘုရားအကျဉ်းထောင်တွင်…
အစွမ်းထက် အတတ်ပညာများနှင့် မန္တန်များက အပြန်အလှန် ဆန့်ကျင်တိုက်ခိုက်နေကြသည်။
အဝေးတွင် အရိပ်လေးက အသွင်ပြောင်းလဲထားသော မဟူရာသစ်ပင်က သလင်းကျောက်ဧရာမသစ်ပင်နှင့် တိုက်ခိုက်နေသည်။ ၎င်းတို့က အပြန်အလှန် လွှမ်းခြုံနေကြပြီး တစ်ယောက်ကိုတစ်ယောက် ဖိနှိပ်နေကြသည်။
ထို့ပြင် အရိပ်လေးသည်လည်း ဒြပ်ထည်ဖွဲ့စည်းလိုက်ပြီး သလင်းကျောက်ဧရာမသစ်ပင်ထဲမှ ထွက်လျှောက်လာသော ပုံရိပ်ဖြင့် တိုက်ခိုက်နေသည်။
ဝုန်းခနဲ မြည်သံများက မိုးခြိမ်းသံများအလား ဆက်တိုက် ပဲ့တင်ထပ်နေသည်။
အနီးနားမှ (၃၃)စည်းချအစီအရင်ထဲမှာ ပယ်ဖျက်ခြင်းအခွင့်အာဏာက ပေါ်လျှိုးနေသည်။ အတွင်းဘက်တွင် ရွှီချင်း၏ ဒိုင်းကာမှ ဖွဲ့စည်းသွားသော ရတနာအလင်းက ကောင်းကင်ပေါ်မှ တစ္ဆေဂိတ်တံခါးကို ချိပ်ပိတ်လိုက်သည်။
ထိုဒိုင်းကာက မဟာဧကရာဇ်ငရဲမီးတောက်၏ ရတနာတစ်ခုဖြစ်ပြီး ၎င်းထဲမှာ အနက်ရောင်မီးတောက်ကြာပန်း၏ စိတ်ဆန္ဒအမျှင်တန်းတစ်ခု ကိန်းဝပ်နေသည်။ ၎င်းက အနက်ရောင်မီးတောက်များကို ထုတ်လွှတ်လိုက်သည်နှင့် ဒိုင်းကာ၏ အရွယ်အစားက မြန်ဆန်စွာ ကြီးမားသွားပြီး တစ္ဆေဂိတ်တံခါးနှင့် နှိုင်းယှဉ်နိုင်သွားသည်။
ဒိုင်းကာနှင့် ဂိတ်တံခါးက ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ထို့နောက် ၎င်းတို့နှစ်ခုစလုံး တုန်ယင်သွားကြသည်။
ကောင်းကင်အောက်တွင် မဟာဧကရာဇ်အဆင့် ရတနာကတ်ကြေးထံမှ ထုတ်လွှတ်လိုက်သော ဆေဘာဓားအလင်းက အဆုံးမဲ့သော ထက်ရှမှုကို သယ်ဆောင်လျက် ဇီဝိန်ချုပ်အမွှေးတိုင်၏ ကမ္မဆက်သွယ်မှုကို အတင်းအဓမ္မ ဖြတ်တောက်လိုက်သည်။
နောက်ဆုံးမှာတော့ ရွှီချင်းက ဧကရာဇ်ဓားနှင့်အတူ တိုက်ခိုက်လိုက်သည်။
သူက ကောင်းကင်နှင့် မြေပြင်ကို ဖြတ်တောက်နိုင်သော အရှိန်အဟုန်နှင့်အတူ သက်လတ်ပိုင်းအုပ်ချုပ်သူဆီသို့ ပျံသန်းသွားသည်။
ထိုအခိုက်အတန့်မှာ ဓားကိုင်ဧကရာဇ်ပြောကြားခဲ့သော စကားများက ရွှီချင်း၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။
“ မြေပြင်သိုလှောင်ခြင်းက မြေကြီးတာအိုကို ကျွမ်းကျင်တဲ့ လူသတ်သမားတစ်ယောက်ကို သတ်ပစ်ဖို့ ငါဖန်တီးခဲ့တဲ့ ဓားကွက်တစ်ခုပဲ… အဲ့ဒီဓားကွက်က အစမှာ မြေကြီးရဲ့ စွမ်းအင်ကို လှုံ့ဆော်ပေးပြီး ဓားစိတ်ဆန္ဒကို မြေကြီးရဲ့ စိတ်ဆန္ဒအဖြစ် ပြောင်းလဲပစ်တယ်… မြေကြီးစွမ်းအင်ကလည်း ဓားစွမ်းအင်အဖြစ် ပြောင်းလဲသွားလိမ့်မယ်… အဲ့ဒီနောက် အရာအားလုံးက စုစည်းသွားပြီး မြေကြီးဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားလိမ့်မယ် ”
ရွှီချင်း၏ ဆင်ခြင်နားလည်နိုင်စွမ်းက သတ္တမသခင်ကြီး၊ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို အံ့ဩစေခဲ့သော်လည်း ဓားကိုင်ဧကရာဇ်၏ ပထမဓားကွက်ကိုတော့ သူက အခြေခံသဘောတရားမျှသာ ဆင်ခြင်နားလည်နိုင်သေးသည်။ သူက တခြားဓားကွက်များကို မထိတွေ့နိုင်သေးပေ။
ဤအခိုက်အတန့်မှာ သူမရင်းနှီးသော အမှတ်ငါးကြယ်တာရာစက်ဝန်းတွင် ရွှီချင်းက အုပ်ချုပ်သူတစ်ပါးနှင့် ရင်ဆိုင်ရသည့်အခါ လုံးဝတုံ့ဆိုင်းမနေပေ။
ဧကရာဇ်ဓားက ထွန်းလင်းတောက်ပလာသည့်အခါ မြေပြင်သိုလှောင်ခြင်းစွမ်းအားက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်က တုန်ယင်သွားသည်။ ထို့အတူ ရွှံ့မြေသည်လည်း တုန်လှုပ်သွားသည်။ ရွှံ့မြေပေါ်ရှိ မရေမတွက်နိုင်သော ပူဖောင်းများထဲမှ ကမ္ဘာငယ်များသည်လည်း ထို့အတူပင်။
မီးခိုးငွေ့များက ရွှံ့မြေနှင့် ကမ္ဘာငယ်များထံမှ မြှောက်တတ်လာသည်။
ထိုမီးခိုးငွေ့များက ကမ္ဘာငယ်များ၏ အာဟာရဓာတ်များမှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ ယင်းအစား မြေပြင်သိုလှောင်ခြင်းဓားကွက်မှ ဓားစွမ်းအင်၏ ဆင့်ခေါ်မှုကြောင့် ထွက်ပေါ်လာသော မြေကြီးစွမ်းအင် ဖြစ်သည်။
မီးခိုးငွေ့များက ပိုမိုများပြားစွာ စုစည်းသွားကြသည်။
ချက်ချင်းဆိုသလို ရွှံ့မြေက တုန်လှုပ်သွားပြီး ပူဖောင်းများက အပြင်းအထန် တုန်ယင်သွားကြသည်။
မရေမတွက်နိုင်သော မီးခိုးငွေ့များက ရွှီချင်းထံသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
ယင်းတို့ကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ရွှီချင်းက သူ၏ လက်ထဲမှ ဧကရာဇ်ဓားကို လွှဲယမ်းလိုက်သည့်အခါ မရေမတွက်နိုင်သော မီးခိုးငွေ့များက အရပ်မျက်နှာအဘက်ဘက်မှ စုဝေးရောက်ရှိလာကြသည်။
လျှပ်တစ်ပြက်အတွင်းမှာ ထိတ်လန့်ဖွယ်ကောင်းသော ဧရာမဓားတစ်လက်က ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ဖွဲ့စည်းသွားသည်။
ဓားက ရွှီချင်းကို ဖုံးလွှမ်းသွားသည်။
ဤသည်မှာ ရွှီချင်းကိုယ်၌က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။
ဓားစွမ်းအင်က ပျံ့နှံ့ထွက်လာသည့်အခါ ကောင်းကင်က ပရမ်းပတာဖြစ်သွားပြီး မြေပြင်က တုန်ယင်သွားသည်။ နတ်ဘုရားအကျဉ်းထောင်တစ်ခုလုံးက ပင်လယ်သဖွယ် လှိုင်းအတွန့်တွန့်ထသွားသည်။
သက်လတ်ပိုင်းအုပ်ချုပ်သူက နှလုံးတုန်ယင်သွားပြီး အနောက်ဆုတ်သွားသည်။ မြေကြီးစွမ်းအင်မှ ဖွဲ့စည်းသွားသော ဧရာမဓားက ပြိုင်ဘက်ကင်းသော အလျင်နှင့်အတူ သူ့ထံသို့ ချဉ်းကပ်လာသည်။
ဓား၏ လမ်းကြောင်းအရှေ့မှ အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။
‘ အဲ့ဒီဓားကို ငါလိုချင်တယ် ’
သက်လတ်ပိုင်းအုပ်ချုပ်သူက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက မည်သည့်စကားမှ မပြောသော်လည်း ပြင်းထန်သော အလိုရမ္မက်က သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်မှာ သူက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူ၏ ဘယ်မျက်လုံးထဲတွင် ဝဲကတော့တစ်ခုက တိုက်ရိုက် ထွက်ပေါ်လာသည်။
တာအိုအမှတ်အသားများက ဒြပ်ထည်ဖွဲ့စည်းသွားသည့်အခါ နောက်ဆုံးမှာတော့ သူ၏ အခွင့်အာဏာက ပေါ်လျှိုးလာသည်။
ပထမဆုံးအပြောင်းအလဲမှာ အနီရောင်မြူခိုးနှင့်ဆင်တူသော မြစ်တစ်စင်းက သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုမြူခိုးမြစ်က သူ၏ အခွင့်အာဏာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤအခိုက်အတန့်မှာ တာအိုအမှတ်အသားများက လှည့်ပတ်သွားသည့်အခါ မြူခိုးမြစ်က အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့ပွားသွားသည်။
နောက်အခိုက်အတန့်မှာ…
ရွှီချင်းက ဤလောက၏ အပြောင်းအလဲများကို ရှင်းလင်းစွာ မြင်တွေ့သွားသည်။
သူ့အရှေ့မှ လေထဲတွင် အတားအဆီးတစ်ခုရှိနေဟန် ရ၏။ ထိုအတားအဆီးက ချက်ချင်း အားကောင်းလာပြီး သူ၏ အလျင်ကို ရုတ်တရက် နှေးကွေးသွားစေသည်။ မြေပြင်သိုလှောင်ခြင်းဓားက အရာအားလုံးကို ချိုးဖြတ်နိုင်သော အရှိန်အဟုန်ကို ထုတ်လွှတ်နေသော်လည်း…
အတားအဆီးက ပိုပြီးအားကောင်းလာသည်။
အမှန်မှာ အတားအဆီးက အတိုင်းအတာတစ်ခုထိ အားကောင်းသွားသည့်အခါ ယင်းက တစ်ဖက်လူ၏ ခုခံကာကွယ်မှုဖြစ်လာသည်။
ယင်းက ရွှီချင်း၏ အလျင်ကို နှေးကွေးသွားစေရုံသာမက သူ၏ ဓားစွမ်းအင်ကိုလည်း ခုခံတားဆီးလိုက်သည်။
ထိုမျှသာဆိုလျှင် ပြဿနာမရှိပေ။ သို့သော်လည်း ဤဧရိယာထဲမှ လေက ရွှီချင်းပေါ်သို့ ကျဆင်းသွားသည့်အခါ ယင်းက ကြီးမားသော ဖိအားကို ဖန်တီးလိုက်သည်။ သို့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် သက်လတ်ပိုင်းအုပ်ချုပ်သူ၏ အရှေ့တွင် လေဖိအားက သိသိသာသာ အားနည်းသွားသည်။
ယင်းက လေထဲမှ အတားအဆီးအားလုံးကို လျော့ချလိုက်သည်။
သို့ဖြစ်၍ ထိုသို့အခြေအနေတွင် ရွှီချင်း၏ အလျင်နှင့် လှုပ်ရှားမှုက နှေးသထက် ပိုပြီးနှေးကွေးလာသည်။ သက်လတ်ပိုင်းအုပ်ချုပ်သူသည်တော့ သူ၏ အလျင်က အံ့ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။
သူက ရွှီချင်း၏ မြေပြင်သိုလှောင်ခြင်းဓားကို တိမ်းရှောင်လိုက်ပြီး သူ့ဘေးသို့ ချက်ချင်း ရောက်ရှိသွားသည်။ သူက ရွှီချင်း၏ လက်ထဲမှ ဧကရာဇ်ဓားကို ဖမ်းဆုပ်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှ အလိုရမ္မက်က ပိုပြီးအားကောင်းလာသည်။
သူ၏ လှုပ်ရှားမှုက အချိန်ကိုက်ဖြစ်ပြီး တိကျသည်။ သူက ရွှီချင်းကို တန်ပြန်တိုက်ခိုက်ရန် လုံးဝအခွင့်အရေးမပေးချေ။
သူက ဓားကို ဖမ်းဆုပ်လိုက်သည်။ သို့သော်လည်း စိတ်လှုပ်ရှားမှုက သူ၏ နှလုံးသားထဲမှာ မထွက်ပေါ်လာခင် သူဖမ်းဆုပ်ထားသော ဧကရာဇ်ဓားက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။ ခရုကဲ့သို့ နှေးကွေးနေသော သူ့အရှေ့မှ ရွှီချင်းသည်ပင် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းက သက်လတ်ပိုင်းအုပ်ချုပ်သူ၏ မျက်နှာကို သုန်မှုန်သွားစေသည်။
“ အသိအမြင်ပြောင်းလဲခြင်းလား ”
သက်လတ်ပိုင်းအုပ်ချုပ်သူက သတိပြန်ဝင်လာသည်နှင့်ချက်ချင်း ရွှီချင်းက အသွင်ပြောင်းလဲသွားသော မြေပြင်သိုလှောင်ခြင်းဓားက ထိုအခိုက်အတန့်မှာ အပြည့်အဝ ပေါ်လျှိုးထွက်လာသည်။
အစောနက ရွှီချင်းသည် သူ့ကို အိမ်ရှေ့စံမင်းသား ပေးထားခဲ့သော အသိအမြင်ပြောင်းလဲခြင်းအစွမ်းကို ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။ သူက အရေးကြီးအခိုက်အတန့်မှာ ဧကရာဇ်ဓားအပေါ် သက်လတ်ပိုင်းအုပ်ချုပ်သူ၏ လိုချင်တပ်မက်မှုကို ကောင်းမွန်စွာ အသုံးချခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူက အသိအမြင်ပြောင်းလဲခံထားရကြောင်း သတိမထားမိခဲ့ပေ။
ယင်းက သူ့အား အခွင့်အရေးတစ်ခုကို ဖန်တီးပေးခဲ့သည်။
သို့သော်လည်း အသိအမြင်ပြောင်းလဲခြင်းအစွမ်း၏ သက်ရောက်မှုကြာချိန်က အလွန်တိုတောင်းပြီး တစ်ဖက်လူ၏ အခွင့်အာဏာက ထူးခြားသည်။ သို့ဖြစ်၍ ဤစက္ကန့်ပိုင်းအတွင်းမှာ ရွှီချင်းက မြန်ဆန်စွာ စဉ်းစားလိုက်သည်။ မြေပြင်သိုလှောင်ခြင်းဓားက တစ်ဖက်လူကို သတ်ဖြတ်နိုင်လိမ့်မည်ဟု သူ့မှာ ယုံကြည်ချက်မရှိပေ။
အကယ်၍ သူက အဖိုးကိုး၏ ဓားစွမ်းအင်ကို အသုံးပြုမည်ဆိုလျှင်ပင် မတော်တဆမှုတစ်ခုက ဖြစ်ပေါ်လာနိုင်ဆဲပင်။
ထို့ပြင် တစ်ဖက်လူမှာ တခြားဝှက်ဖဲကတ်များ သို့မဟုတ် ထူးခြားသော အတတ်ပညာများရှိနေသေးသလော သူမသေချာပေ။
ထို့ကြောင့် သူလုပ်ရမည်မှာ တစ်ဖက်လူ၏ နည်းလမ်းအားလုံးကို အတင်းအဓမ္မ ထုတ်သုံးရစေမည့် အခြေအနေတစ်ရပ်ကို ဖန်တီးရန်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ရခြင်းမှာ သူက တစ်ဖက်လူကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ချင်သောကြောင့် ဖြစ်သည်။
သူက တစ်ဖက်လူကို အပြင်းအထန် ဒဏ်ရာမရစေလိုပေ။
တစ်ဖက်လူ ထွက်ပြေးလွတ်မြောက်သွားမည်ကို သူက ခွင့်မပြုပေ။