သိုင်းနတ်ဘုရား (၂)
Vol. 17 Ch. 248
ဖုန်ချင်အန်း၏သိစိတ်အာရုံက အလင်းနဂါးသံချပ်ကာထဲတွင် ရောက်နေသည်။ သိုင်းသမားများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေသည်ကို သူဝင်မစွက်။ သူ့စိတ်ထဲ အတွေးနက်နေသည်။ သံချပ်ကာရလာသည့် အတွေ့အကြုံများနှင့် အသိဗဟုသုတာများကို နားလည်အောင် ကြိုးစားနေသည်။
သံချပ်ကာ၏ အတွေးစိတ်ကို သူရှင်းလင်းစွာမြင်နေရသည်။ သံချပ်ကာ၏ သိုင်းပညာနားလည်မှုနှင့် အာရုံခံစားမှုကို သူအချိန်မရွေး လေ့လာသုံးသပ်နိုင်သည်။ သိုင်းသမားများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရသည့် ခံစားချက်ကိုပင် သူတွေ့ကြုံခံစားနိုင်သည်။
သူ့အတွက် အကျိုးကျေးဇူးများလှသည်။ ရက်ပိုင်းအတွင်းမှာပင် သံချပ်ကာ၏ အကူအညီမလိုဘဲ သူ့စွမ်းအားကို သူ့ခြေသူ့လက်ဖြင့် ထိန်းချုပ်နိုင်လာသည်။ ဆယ်ပေကျော်အကွာအဝေးလောက်ကို သေစေနိုင်လောက်သည့်စွမ်းအားဖြင့် တိုက်ခိုက်နိုင်လာသည်။
ထိုအဖြစ်ကြောင့် ဤရက်ပိုင်းအတွင်း သူအတော်စိတ်အားတက်ကြွနေသည်။ တစ်ချို့လူများက သံချပ်ကာဝတ်ရုံကို လောဘက်တက်နေသော်လည်း သူအရေးမစိုက်။
ဒဏ္ဌာရီလက်နက်ရတနာမျိုးကို သိုင်းသမားများ စိတ်မဝင်စားအောင် မထိန်းချုပ်နိုင်။ မိန်းမလှတစ်ယောက်ကို မြင်ရချိန် မရိုးမသားအတွေးမျိုး မပေါ်အောင်ထိန်းချုပ်ရသလိုပင်ဖြစ်သည်။ မဖြစ်နိုင်။ ကိုယ်ထိလက်ရောက် ရယူဖို့မကျိုးစားသရွေ့ ပြဿနာမရှိ။ ကြိုးစားလာလျှင်လည်း ထိုအရို်ငးအစိုင်းများကို သူချက်ချင်း သင်ခန်းစာပေးပစ်မည်။
သို့သော် အချိန်ကောင်းတို့မည်သည် သက်တမ်းတိုကြသည်။ သိုင်းသမားအစစ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရသဖြင့် သံချပ်ကာ၏သိုင်းစွမ်းရည် တစ်ဟုန်ထိုးမြင့်တက်လာသည်။ ကန်းရှအဆင့်သိုင်းသမားများထံမှ ရယူနိုင်သည့် အကျိုးကျေးဇူးက တဖြေးဖြေးနည်းပါးလာသည်။
ပထမကန်းရှပညာရှင် ကျန်းပေ့နှင့်တိုက်ခိုက်စဉ်က အလင်းနဂါးသံချပ်ကာသည် တစ်ညလုံးတိုက်ခိုက်ပြီးမှ သိုင်းတာအိုကိုနားလည်ခဲ့သည်။ ကွန်မန်ဒါချန်နှင့် တိုက်ခိုက်ချိန်တွင် ညတစ်ဝက်ခန့်ဖြင့် သိုင်းတာအိုကို နားလည်သည်။
ငါးယောက်မြောက်သိုင်းသမားနှင့် တိုက်ခိုက်ရချိန်တွင် တစ်နာရီအတွင်း ထိုသိုင်းသမား၏ ဓားသိုင်းတာအိုကို နားလည်သွားသည်။ ပြိုင်ဘက်ကို သက်တောင့်သက်သာအနိုင်ယူနိုင်သည်။ ပွဲစကတည်းက အရေးနိမ့်ခဲ့ခြင်းမရှိ။
သိုင်းသမားများ ပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူပြီး ပိုအင်အားကြီးသည့် ပြိုင်ဘက်မျိုး အဘယ်ကြောင့်တောင့်တကြသည်ကို ဖုန်ချင်အန်း နားလည်လာသည်။ အဆင့်တူပြိုင်ဘက်များနှင့် ရေရှည်တိုက်ခိုက်ခြင်းသည် အကျိုးသိပ်မရှိတော့။ အချိန်ကုန်ရုံသာရှိမည်။
အဆင့်တူသိုင်းသမားများသည့် သိုင်းစွမ်းရည်တူညီသည်ကများသည်။ မည်သည့်လက်နက်သုံးသည်ဖြစ်စေ သူတို့နားလည်သည့် သိုင်းတာအိုအဆင့်က အတူတူလောက်သာဖြစ်သည်။
တာအိုတစ်ခုနားလည်သည်နှင့် အခြားအဆင့်တူသိုင်းတာအိုမျိုးကွဲများကို နားလည်နိုင်သည်။
ပထမညတွင် ဓားသိုင်းတာအိုကို အလင်းနဂါးသံချပ်ကာနားလည်ခဲ့သည်။ ထိုအချိန်တွင်မှစ၍ အမျိုးမျိုးသော် ပြိုင်ဘက်တို့၏ တာအိုကို အလိုလိုနားလည်နိုင်စွမ်းရှိလာသည်။
အလင်းနဂါးသံချပ်ကာသည့် ထူးခြားသည့် ပါရမျိုးရှိသည်။ သိုင်းပညာကို လေ့လာနိုင်သည့်စွမ်းရည် မြင့်မားသည်။ မည်သည့်လက်နက်သုံးသည်ဖြစ်စေ ပြိုင်ဘက်များ၏ လက်နက်သုံးစွဲသည့်ပညာကို သူလေ့လာနိုင်သည်။ ထို့ကြောင့် ဖုန်ချင်အန်း အချိန်ကုန်မခံတော့ဘဲ သုံးလေးရက်အတွက် ပြိုင်ပွဲကို အဆုံးသတ်ရန် ဖုန်ချင်အန်း စဉ်းစားမိသည်။
ထွက်သွားရန် ဆုံးဖြတ်ထားသော်လည်း အန့်ချင်းမြို့တော်၏ ထူးခြားမှုမှန်သမျှကို သာယာခံစားဖို့ သူတွေးထားသည်။ ပြီးမှနေရာရွှေ့မည်။ မနက်လင်းစမှ ညပိုင်းအထိ အစားအသောက်များကို အရသာခံခဲ့သည်။ သုံးလေးရက်အတွင်း အန့်ချင်းမှ အစားအသောက်များအားလုံးကို မြည်းစမ်းနိုင်ခဲ့သည်။
စွမ်းအားမြင့် သိုင်းသမားတစ်ယောက်သည် စိတ်လိုလက်ရစားလျှင် တစ်ရက်တည်းနှင့် နွားမတစ်ကောင်ကုန်အောင် စားနိုင်သည်။
ဖုန်ချင်အန်းသည် သိုင်းသမားမဟုတ်သော်လည်း နွားတစ်ကောင်စားနိုင်လောက်သည့် ဝမ်းဗိုက်မျိုးရှိနေပြီဖြစ်သည်။
ငါးရက်ကြာပြီးနောက် အန်ချင်းမြို့ဂိတ်တံခါးတွင် ပိုးဝတ်ရုံဝတ်ထားသည့် ကွန်မန်ဒါချန်က ဖုန်ချင်အန်းကို လိုက်ပို့နှုတ်ဆက်သည်။ လမ်းသွားလမ်းလာများ သူတို့ကိုမြင်သည်နှင့် ဘေးသို့ရှဲသွားသည်။ လည်ပြန်ကြည့်၍ သူတို့နောက်ခံကို စုံစမ်းကြသည်။
“ဖုန်သခင်လေး ထွက်သွားတော့မှာလား။ ရက်နည်းနည်းလောက် ထပ်နေပါဦးလား။ အန့်ချင်းမြို့မှာ သခင်လေးမရောက်ဖူးသေးတဲ့နေရာတွေ အများကြီးရှိပါသေးတယ်”
ကွန်မန်ဒါချန်က ဖုန်ချင်အန်း ထွက်မသွားစေလိုသေးသည့်လေသံဖြင့် ပြောသည်။ သံချပ်ကာနှင့် သုံးလေးကြိမ်ရင်ဆိုင်ပြီးနောက် သူ့သိုင်းပညာလည်း သိသိသာသာတိုးတက်ခဲ့သည်။ ဓာတ်နှောအဆင့်ရောက်မည့်လမ်းစကိုပင် ခပ်ရေးရေးမြင်နေရသည်။
ထိုထူးခြားချက်ကြောင့်ပင် သူစိတ်ဝင်စားနေခြင်းဖြစ်သည်။ မိသားစုနောက်ခံမရှိသော်လည်း သူဘဝတိုးတက်လိုလျှင် ထိုက်တန်သည့်စွမ်းအားမျိုး ရှိဖို့လိုသည်။
သူသည် စစ်တပ်အရာရှိဖြစ်သည်။ လုံလောက်သည့်သိုင်းစွမ်းရည်မရှိလျှင် ရာထူးတိုးရသည့်တိုင် နေရာမြဲအောင် ထိန်းနိုင်မည်မဟုတ်။
“ကျုပ်သွားလည်ချင်တဲ့နေရာတွေအားလုံး သွားလည်ပြီးပြီ။ စားချင်တဲ့ အစားအသောက်တွေအားလုံး စားကြည့်ပြီးပြီ။ ဒီမှာဆက်တွယ်ကပ်နေစရာ ဘာမှမရှိတော့ဘူး။ နောက်တစ်နေရာကို သွားရတော့မယ့်အချိန် ရောက်လာပြီ”
ကွန်မန်ဒါချန်၏အတွင်းစိတ်ကို ဖုန်ချင်အန်း ကောင်းကောင်းရိပ်စားမိသည်။
အစက နှစ်ဦးနှစ်ဘက်အကျိုးရှိခဲ့သည်။ သို့သော်ယခု ထိုသိုင်းသမားများလေ့လာခဲ့သမျှအားလုံး အလင်းသံချပ်ကာက သင်ယူပြီးဖြစ်သည်။ ထိုလူများနှင့် ဆက်လက်လေ့ကျင့်လျှင် အလင်းနဂါးသံချပ်ကာသာ အသုံးချခံဖြစ်လာပေလိမ့်မည်။ ထိုအဖြစ်ကို ဖုန်ချင်အန်း လက်မခံနိုင်။
“အင်း..ကျုပ်ရဲ့တာဝန်ကြောင့်သာမဟုတ်ရင် တာ့ကျင်းနိုင်ငံထဲမှာ သခင်လေးကိုအဖော်ပြုပြီး လည်ပတ်ချင်မိပါတယ်”
ကွန်မန်ဒါ အလေးအနက်လေသံဖြင့် သက်ပြင်းချ၍ပြောသည်။
“ခင်ဗျားက ကျုပ်နောက်ကို လိုက်ချင်တာမဟုတ်ပါဘူး။ ကျုပ်ရဲ့ အလင်းနဂါးသံချပ်ကာနဲ့ ပိုပြီးရင်းနှီးချင်တာပါ”
ကွန်မန်ဒါချန်၏အတွင်းစိတ်ကို ဖုန်ချင်အန်း ပြောင်ပြောင်တင်းတင်းဖွင့်ထုတ်လိုက်သည်။
သူ့လို အထိန်းအချုပ်မရှိ၍ လွတ်လပ်သည့်ဘဝမျိုးကို လူတိုင်းပိုင်ဆိုင်နိုင်သည်မဟုတ်။ တောက်ပသည့်အနာဂတ်ကိုလည်း သူပိုင်ဆိုင်ထားသည်။ အဆင့်မြင့်အရာရှိဘဝ၊ နာမည်ကျော်ကြားမှုနှင့် ငွေကြေးဥစ္စာတို့ကို သူအရေးမစိုက်။
ကွန်မန်ဒါချန်သည် တစ်သက်လုံးကြိုးစားပြီးမှ ယခုလက်ရှိဘဝကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း သူနားလည်သည်။ အထောက်အပံ့များစွာရနိုင်သည့်နောက်ခံလည်း ရှိသည်။ ထိုဘဝကို သူစွန့်ပယ်နိုင်မည်မဟုတ်။
“သခင်လေးက နောက်နေပြန်ပါပြီ။ စစ်နတ်ဘုရားသံချပ်ကာက သခင်လေးနဲ့တစ်သားတည်း ရှိနေတာမဟုတ်လား။ ဒီသံချပ်ကာနဲ့ ရင်းနှီးချင်ရင် သခင်လေးနောက်ကိုလိုက်မှပဲ ဖြစ်နိုင်မှာလေ”
ဖုန်ချင်အန်းက တဲ့တိုးပြောလိုက်သော်လည်း ကွန်မန်ဒါချန် ရှက်ရွံ့သွားဟန်မရှိ။ မုတ်ဆိတ်ကို လက်ဖြင့်ပွတ်၍ တဟားဟားအော်ရယ်နေသည်။
“စစ်နတ်ဘုရားသံချပ်ကာတဲ့လား”
ဖုန်ချင်အန်း မျက်ခုံးများမြင့်တက်သွားပြီး ပြုံးစေ့စေ့ဖြစ်လာသည်။
“ဒီသံချပ်ကာရဲ့ ပါရမီမျိုးကို ကျုပ်ဘဝမှာ မမြင်ဖူးဘူး။ ကြားလည်းမကြားဖူးဘူး။ ကျုပ်တကယ်လေးစားမိတယ်။ ပြီးတော့ ဒီသံချပ်ကာဟာ တစ်နေ့နေ့ကျရင် နတ်ဘုရားအဆင့်ကိုရောက်မယ်ဆိုတာလည်း ကျုပ်ယုံကြည်တယ်”
“ဒါဆို သိုင်းပညာမှာ နတ်ဘုရားအဆင့်ရောက်နိုင်လို့ စစ်နတ်ဘုရားသံချပ်ကာလို့ ခေါ်တာပေါ့”
အောင်မြင်ထင်ရှားသည့် သိုင်းသမားများသည် တစ်ခြားလူများပေးသည့် နာမည်ပြောင်ကို သူတို့ကိုယ်ပိုင်နာမည်ထက် ပိုသုံးတတ်ကြသည်။ ထိုနာမည်ပြောင်များကလည်း သူတို့ကိုယ်ပိုင်နာမည်ထက် ပိုကောင်းနေတတ်သည်။
ဤသိုင်းသမားများ စစ်နတ်ဘုရားသံချပ်ကာဟူသည့်နာမည်ပြောင်ကိုပေးသည်။ အတော်ခံ့ညားထည်ဝါလွန်းသည်။ မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာနိုင်သည်။ ပြောရလျှင် ထိုပစ္စည်းသည် သံချပ်ကာတစ်ခုသာဖြစ်သည်။
စစ်နတ်ဘုရားဟု ကိုယ့်ကိုယ်ကို သမုတ်သည့် သိုင်းသမားသည် ခြေရှစ်လှမ်းပင် ပြည့်အောင်လှမ်းနိုင်မည်မဟုတ်။ တစ်ခြားသိုင်းသမားတစ်ယောက်ယောက်က အသေရိုက်သတ်ခြင်း ခံရလိမ့်မည်။
“ရက်ပိုင်းအတွင်းမှာပဲ ကျုပ်လက်သီးသိုင်းစွမ်းရည် အတော်လေးတိုးတက်ခဲ့တယ်။ သခင်လေးနောက်ကိုသာ ကျုပ်လိုက်နိုင်ရင် တစ်ရက်တည်းနဲ့တောင် ဓာတ်နှောအဆင့်ကို ရောက်သွားနိုင်ပါတယ်”
“ဒါပေမယ့် ခင်ဗျားက တွေးရုံပဲတွေးနေတာပါ။ ခင်ဗျားရာထူးကို စွန့်ပယ်နိုင်ရင် ကျုပ်နောက်ကို လိုက်ခွင့်ပြုလို့ရပါတယ်”
စနောက်သည့်သဘောဖြင့် ဖုန်ချင်အန်း ပြန်ပြောသည်။ ထိုကွန်မန်ဒါကို လက်ခံဖို့ သူရည်ရွယ်ချက်မရှိ။ စနောက်ရုံသာဖြစ်သည်။ ဤလောကတွင် ကျော်ကြားမှုနှင့်ငွေကြေးဥစ္စာကို စွန့်ပယ်နိုင်သူ ရှားပါးသည်။ ကန်းရှအဆင့်သိုင်းသမားများလည်း ထိုနည်းတူသာဖြစ်သည်။
“စေတနာထားတဲ့အတွက် ကျေးဇူးတင်ပါတယ်သခင်လေး။ ဒါပေမယ့် ကျုပ်က အဲလောက်ကံမကောင်းပါဘူး။ ကျုပ်ရာထူးဟာ ကျုပ်ကိုယ်ပိုင်စွမ်းအစနဲ့ ရခဲ့တာမဟုတ်ဘူး။ ကျုပ်မျိုးရိုးကြောင့်ပါ။ အဲလိုသာမဟုတ်ရင် ရခဲ့မှာမဟုတ်ဘူး။ ရာထူးကိုစွန့်ချင်ရင်တောင် ကျုပ်တစ်ယောက်တည်း ဆုံးဖြတ်လို့မရပါဘူး”
လူငယ်တစ်ယောက်က နောက်လိုက်ဖြစ်ခွင့်ပေးမည်ဟု ပြောနေသော်လည်း ကွန်မန်ဒါ စိတ်ဆိုးခြင်းမရှိ။ အလေးအနက် ပြန်ရှင်းပြသည်။
ထိုလူငယ်ပင် ထိုမျှအစွမ်းအစရှိသည်။ သူ့အကိုဆိုလျှင် ပြောစရာပင်မလိုတော့။ ထိုလူငယ်၏ သံချပ်ကာတစ်ခုတည်းသည်ပင် သိုင်းသမားအတော်များများကို ဆွဲဆောင်နိုင်သည်။ အရာရှိဖြစ်နေ၍ ထိုသခင်လေးနောက်သို့ သူမလိုက်နိုင်။ တစ်ခြားလူများတော့ လိုက်နိုင်စရာရှိသည်။
တောတောင်မြစ်ချောင်းများကိုဖြတ်၍ ခရီးလှည့်နေသည့် သိုင်းသမားများ မရှားပါ။ စစ်နတ်ဘုရားသံချပ်ကာ၏သတင်း ပျံ့နှံ့သွားသည်နှင့် ထိုသခင်လေးသွားသည့်နေရာတိုင်း သွေးဆာနေသည့်ငမန်းများပမာ စုပြုံတိုးဝှေ့၍ ရောက်လာကြမည်။
သိုင်းမိသားစုတစ်ခုထူထောင်ဖို့ စိတ်ကူးရှိမရှိ ထိုသခင်လေး၏ဆုံးဖြတ်ချက်ပေါ်သာ မူတည်သည်။ သူဆန္ဒရှိလျှင် နှစ်တစ်ထောင်သက်တမ်းရှိသည့် သိုင်းမိသားစုတစ်ခု တည်ထောင်ဖို့မခဲယဉ်းပါ။
သိုင်းသမားတစ်ယောက် မည်မျှစွမ်းအားကြီးသည်ဖြစ်စေ အချိန်တန်လျှင် သက်တမ်းကုန်မည်။ သို့သော် သံချပ်ကာသည် သက်တမ်းအကန့်အသတ်မရှိ။
***************************************************