← Chapters

ကိုယ်ပိုင်ရိက္ခာခြောက်

Vol. 17 Ch. 249

ကိုယ်ပိုင်ရိက္ခာခြောက်

Vol. 17 Ch. 249

“သခင်လေး၊ သခင်လေးဘေးမှာ အစေခံအိုတစ်ယောက် လိုအပ်သလား”

ကွန်မန်ဒါချန်ကို နှုတ်ဆက်ပြီးနောက် ဖုန်ချင်အန်း ထွက်ခွာလာခဲ့သည်။ ခရီးသိပ်မရောက်သေးမီ ပြုံးရွှင်နေသည့် လယ်သမားအဘိုးတစ်ယောက် ပေါက်ပြားကိုထမ်း၍ သူ့ဆီ ချဉ်းကပ်လာသည်။

“အဘိုးကြီး၊ အစေခံလိုရင်တောင် ခင်ဗျားလို သင်္ချိုင်းတစ်ဘက်လှမ်းနေတဲ့လူကိုတော့ ကျုပ်မရွေးဘူး”

ထိုအဘိုးအိုသည် လူစိမ်းသက်သက်တော့မဟုတ်။ အလင်းနဂါးသံချပ်ကာနှင့် တိုက်ခိုက်ခဲ့သည့် ကန်းရှသိုင်းသမားဖြစ်သည်။ အသက်အကြီးဆုံး အတွေ့အကြုံအရင်ဆုံးလူဖြစ်သည်။ သံချပ်ကာနှင့် နှစ်နာရီကြာအောင် တိုက်ခိုက်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် အားအင်လျော့ပါး၍ ရှုံးနိမ့်သွားသည်။

“သခင်လေး၊ မြင်းဇောင်းထဲက စစ်မြင်းအိုဟာ လီတစ်ထောင်လောက်တော့ ပြေးနိုင်သေးတယ်ဆိုတဲ့ စကားပုံရှိပါတယ်။ ကျုပ်ရဲ့အပြင်ပန်းပုံစံကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့။ ကျုပ်ဟာ တစ်နေ့ထမင်းသုံးနပ်နဲ့ တစ်နပ်ကို သိုးသားတစ်ခြမ်းတော့ စားနိုင်ပါသေးတယ်”

ဖုန်ချင်အန်း ငြင်းပယ်သည့်စကားကို ကြားသော်လည်း ဖုန်ချင်အန်း လက်မလျှော့။ ပေါက်ပြားကို မြေထောက်အားပြု၍ ဖြေးညှင်းစွာ ခါးမတ်လျက် ရပ်ပြသည်။

သို့သော် ပိန်လှီသည့် သူ့ခန္ဓာကိုယ်က ထင်ရှားစွာ ပေါ်လွင်နေသည်။ အချိန်ကာလတိုက်စားခဲ့သည့် သူ့ရုပ်သွင်ကို ဖုံးကွယ်မထားနိုင်ပေ။

“သခင်လေး တောင်ပေါ်မှာ အမဲလိုက်ရင်ဖြစ်ဖြစ် မြစ်ထဲမှာ လိပ်ဖမ်းချင်ရင်ဖြစ်ဖြစ် ကျုပ်အဘိုးကြီး ကူညီနိုင်ပါသေးတယ်”

“ခင်ဗျားက ကျန်းမာရေးအတော်ကောင်းပုံပဲ။ အသက်ဘယ်လောက်ရှိပြီလဲ”

အဘိုးအိုတစ်ယောက်ဖြစ်သော်လည်း ဖုန်ချင်အန်းထက် ခန္ဓာကိုယ် ကြီးထွားသေးသည်။

လက်ခံဖို့ မရည်ရွယ်သော်လည်း ထိုအဘိုးကို သူစိတ်ဝင်စားသွားသည်။ သာမန်သိုင်းသမားထက် အဆင့်နှစ်ဆင့်မြင့်သည့် ကန်းရှသိုင်းသမားတစ်ယောက်၏ သက်တမ်းကို သူသိချင်သည်။

“ကျုပ်အသက်လား”

အဘိုးအု နည်းနည်းအံ့အားသင့်သွားသည်။ သူပြန်စဉ်းစားနေဟန်ရှိသည်။

“လွန်ခဲ့တဲ့ရှစ်နှစ် ကျုပ်မျိုးဆက်တွေဟာ ကျုပ်အတွက် အသက်နှစ်ရာပြည့်မွေ့နေ့ပွဲကို ကျင်းပပေးခဲ့ပါတဘ်”

“ဒါဆို ခင်ဗျားအသက် နှစ်ရာ့ရှစ်နှစ်ပေါ့”

ဖုန်ချင်အန်းလည်း နည်းနည်းအံ့အားသင့်သွားသည်။ ထို့နောက် သက်ပြင်းချသည်။

“ခင်ဗျားအတော်သက်ကြီးနေပြီ။ ကျန်ရှိတဲ့သက်တမ်းကို အေးအေးချမ်းချမ်းပဲ နေသင့်တယ်”

အသက်ကိုတွက်ကြည့်လျှင် “အဘေး”အရွယ်ဖြစ်သည်။ ထိုအဘိုးအိုမျိုးကို သူ့အစေခံလုပ်ခိုင်းရန် အားနာသည်။

“သခင်လေးရဲ့သံချပ်ကာနဲ့ မတွေ့ခင်ကတော့ အဲလိုပဲစိတ်ကူးမိခဲ့ပါတယ်။ ဒါပေမယ့်အခု ကျုပ်အဲလိုမနေနိုင်ဘူး။ သခင်လေးနောက်ကိုပဲ လိုက်ချင်ပါတယ်”

“ဘာလို့လဲ”

“သခင်လေးနားမလည်လောက်ဘူး။ သခင်လေးက အသက်ငယ်လွန်းပါသေးတယ်”

“ကျုပ်ကို အဲလိုပဟေဠိတွေလာလုပ်နေရင်တော့ ကိုယ့်လမ်းကိုယ်သာ သွားပါတော့”

ဖုန်ချင်အန်း နှင်ထုတ်ရန်ပြင်သည်။

“စိတ်ရှည်သည်းခံပေးပါဦးသခင်လေး။ လွန်ခဲ့တဲ့ရှစ်နှစ် ကျုပ်မွေးနေ့ပွဲလုပ်တဲ့အချိန်ကစလို့ ကျုပ်အတွေးတွေ ပြောင်းလဲသွားပါတယ်။ ခန်းမတစ်ခုလုံး ကျုပ်မျိုးဆက်တွေ အပြည့်ရှိနေပေမယ့် ကျုပ်မပျော်ခဲ့ဘူး”

“မျိုးဆက်သစ်တွေရှိတာ ကောင်းတာပဲမဟုတ်လား”

ထိုဘဝမျိုးကို လူတိုင်းမရနိုင်ပေ။

“ကျုပ်အသက်ဆယ့်လေးနှစ်မှာ လက်ထပ်ခဲ့တယ်။ ကျုပ်သားသမီးတွေအားလုံး သာမန်ပါရမီလောက်ပဲ ရှိတယ်။ ကျုပ်အသက်တစ်ရာပြည့်တော့ ကျုပ်ဇနီးတွေ သားသမီးတွေအားလုံး ကျုပ်မျက်စိရှေ့မှာပဲ ကွယ်လွန်သွားကြတယ်။ ဒါပေမယ့် ကျုပ်ကိုအဖော်ပြုပေးမယ့် မြေးဆယ်ယောက်ကျော်ရှိနေသေးတယ်။ ဒါပေမယ့် ကျုပ်အသက်နှစ်ရာပြည့်တော့ မြေးတွေမြစ်တွေအားလုံး သေသွားကြတယ်။ မွေးနေ့ပွဲကျင်းပပေးတဲ့ ကလေးတွေဟာ ကျုပ်ရဲ့သွေးသားရင်းချာတွေမှန်း သိပေမယ့် ကျုပ်အတွက် သူစိမ်းတွေလိုဖြစ်လာတယ်”

အဘိုးအို သက်ပြင်းချသည်။ ငယ်စဉ်မှစ၍ သူသည် သိုင်းပါရမီ ထူးချွန်ခဲ့သည်။ သာမန်မိန်းမတစ်ယောက်နှင့် လက်ထပ်ခဲ့သည်။ ထိုကိစ္စသည် သက်တမ်းကြာမြင့်စွာ နာကျင်ခံစားရခြင်း၏ အကြောင်းရင်းဖြစ်လာသည်။

သိုင်းပညာလေ့ကျင့်၍ အပြောင်းအလဲများကြုံခဲ့သဖြင့် သာမန်လူများထက် သူ့သက်တမ်းက ပိုရှည်သည်။ ထို့ကြောင့် သားသမီးမြေးမြစ်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးခွဲခွာသွားသည်ကို နာကျင်စွာ ကြည့်နေခဲ့ရသည်။

ဖုန်ချင်အန်း ဘာမှမပြောတော့။ ထိုနာကျင်မျုမျိုးကို သူနားလည်နိုင်သည်။ သူကိုယ်တိုင်တော့ မခံစားဖူးသေး။

“အစက ကျုပ်ဘဝအဆုံးသတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ စောင့်နေခဲ့တာပါ။ ဒါပေမယ့် အန့်ချင်းမြို့တော်က ဖိတ်စာကိုရတယ်။ သခင်လေးရဲ့ သံချပ်ကာနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်။ အဲဒီ့အချိန်ကျမှ ကျုပ်အနာဂတ်လမ်းကြောင်းတစ်ခုကို အမှတ်မထင်မြင်ခဲ့ရတာပါ။ ကျုပ်ဆုံးဖြတ်ချက် ပြောင်းသွားတယ်။ ဒီအတိုင်းသေမှာကို စောင့်နေမယ့်အစား သိုင်းပညာကိုကိုဆက်လေ့လာရင်း သေချင်တယ်။ ဒီလိုမှသာ ကျုပ်နေရတဲ့ဘဝက ထိုက်တန်မှာပါ”

အဘိုးအိုက ခပ်အေးအေးပြုံး၍ တည်ငြိမ်စွာ ရှင်းပြသည်။

ဖုန်ချင်အန်း အတွေးနက်သွားသည်။

အရွယ်ကောင်းဖြစ်သည့် ကွန်မန်ဒါချန်သည် သူ့ရာထူးကို မစွန့်လွှတ်နိုင်။ ကျော်ကျားမှုနှင့် ပစ္စည်းဥစ္စကြောင့် သူ့မြင်များ တိမ်ဖုံးနေသည်။ သူ့ဘဝပြောင်းလဲနိုင်သည့် အခွင့်အရေးရှိကြောင်း ရိပ်စားမိသော်လည်း နောက်ဆုံးတွင် ပင်ပန်းစွာကြိုးစားရယူထားသည့် သူ့ရာထူးကိုသာ ဆုပ်ကိုင်ထားဖို့ ဆုံးဖြတ်ခဲ့သည်။

ယခုအဘိုးအိုသည် သက်တမ်းကုန်ခါနီး သိုင်းသမားဖြစ်သည်။ သို့သော် ဘဝနေဝင်ချိန်ရောက်သည့်တိုင်း သိုင်းသမားတစ်ယောက်၏စိတ်နှလုံးက ခိုင်မြဲစွာကျန်ရှိနေသည်။ သူ့သိုင်းပညာတိုးတက်မည့်အခွင့်အရေးကို မြင်သည်နှင့် အရာအားလုံးစွန့်လွှတ်ခဲ့သည်။ ကျန်ရှိသည့်သက်တမ်းကို အေးချမ်းစွာခံစားဖို့ စိတ်ကူးမရှိ။

“ကျုပ်အဘိုးကြီးကို လက်ခံမလား သခင်လေး။ ခြေတစ်ဘက်က သင်္ချိုင်းကိုလှမ်းနေပေမယ့် နောက်ခြေတစ်ဘက်ကတော့ နောက်ထပ်နှစ်သုံးဆယ်လောက် သင်္ချိုင်းကို ရောက်ဦးမယ်မထင်ပါဘူး။ သခင်လေးကို အမှုထမ်းနိုင်ပါသေးတယ်”

“ကျပ်နောက်ကိုလိုက်ချင်လည်း လိုက်ခဲ့ပေါ့။ ဒါပေမယ့် ခင်ဗျားကြောင့်တော့ ကျုပ်ခရီးနှောင့်နှေးတာမျိုး အဖြစ်မခံဘူး”

ခဏစဉ်းစားပြီး‌နောက် ဖုန်ချင်အန်း ထပ်မငြင်းပယ်တော့။ သိုင်းပညာကို အပြည့်အဝစိတ်နှစ်ထားသည့် ထိုအဘိုးအိုသည် မလှုပ်မရှားနိုင်သည့် အခြေအနေမျိုးလည်းမဟုတ်။ စွမ်းအင်တစ်ချို့ ကုန်ခန်းသွားသည့် လက္ခဏာမျိုးသာရှိသည်။ သူ့ကိုစောင့်ကြည့်ဖို့ ဖုန်ချင်အန်း ဆုံးဖြတ်လိုက်သည်။ ကောင်းကောင်းတာဝန်ထမ်းနိုင်လျှင် ထိုအဘိုးအို၏အခြေအနေကို ပြောင်းလဲပေးဖို့ သူစဉ်းစားမည်။

All Chapters