ကိုယ်ပိုင်ရိက္ခာခြောက် (၂)
Vol. 17 Ch. 250
အသက်ကိုဆွဲဆန့်ဖို့ကိစ္စသည် လွယ်ကူသည်တော့မဟုတ်။ သက်တမ်းပြည့်နေနိုင်ရန် ဆုံးရှုံးသွားသည့် အသက်ဓာတ်ကို ပြန်ဖြည့်ပေးရသည်က ပိုလွယ်ကူသည်။
သိုင်းသမားတို့သည် ကြမ်းတမ်းခက်ထန်ပြီး အပြိုင်အဆိုင်များသည်။ မကြာခဏ အသေအကြေတိုက်ပွဲများ နွှဲကြသည်။ ရင့်ရော်နေသည့် ထိုအဘိုးအိုသည် နှစ်နှစ်ရာအတွင်း တိုက်ပွဲပေါင်းမည်မျှ ကျော်ဖြတ်ခဲ့သည်ကို ဘယ်သူမှမသိနိုင်။
အသေးစိတ်ကို ဖုန်ချင်အန်း မသိ။ ထိုအဘိုးအို၏ အသက်ဓာတ်များ အတော်ဆုံးရှုံးထားသည်ကိုတော့ သိသည်။ သိုင်းသမားတစ်ယောက်အတွက် ထိုသို့ဖြစ်နေသည်မှာ မဆန်းလှ။ အသက်ဓာတ်များ ပြည့်လျှံနေသည့်အဖြစ်မျိုး အတော်မြင်ရခဲသည်။
“ဆက်သာသွားပါသခင်လေး။ မီအောင်မလိုက်နိုင်ရင် ကျုပ်ရပ်နေခဲ့မှာပါ။ သခင်လေးကို ဆက်ပြီးမနှောက်ယှက်တော့ပါဘူး”
အဘိုးအိုမျက်နှာတွင် ပျော်ရွှင်သည့်အပြုံးရိပ်မျိုး ပေါ်လာသည်။
“ဒါနဲ့ စကားမစပ်၊ ကျုပ်က လမ်းမကြီးတွေအတိုင်း သွားလာခဲတယ်။ ကျုပ်စိတ်ထဲရှိတဲ့အတိုင်း တောတောင်လျှိုမြောင်တွေကို ဖြတ်သွားချင်လည်းသွားတယ်။ ခင်ဗျား အဆင်ပြေပါ့မလား”
“အတော်တိုက်ဆိုင်တာပဲ။ ကျုပ်လည်း တောတောင်တွေကိုဖြတ်ပြီး ခရီးသွားရတာ သဘောကျတဲ့လူပါ”
“ဒါဆို ကောင်းတာပေါ့။ ခင်ဗျားသိုင်းဘွဲ့နာမည် ဘယ်လိုခေါ်လဲ။ ကျုပ်ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”
“သခင်လေးရှေ့မှာ ကျုပ်ရဲ့သိုင်းဘွဲ့နာမည်ကို မပြောရဲပါဘူး။ ကျုပ်မျိုးရိုးက ကျောက်ပါ။ မိသားစုမှာ တတိယမြောက်သားပါ။ ကျုပ်ကို ကျောက်လော်စန်းလို့ ရိုးရိုးပဲ ခေါ်လို့ရပါတယ်”
“အဲလိုခေါ်ရင် အများအမြင်မှာ အသက်ကြီးတဲ့လူတွေကို ကျုပ်က မလေးစားသလို ဖြစ်နေမှာပေါ့”
“ဒါက...”
အဘိုးအို ခဏစကားရပ်သွားသည်။ သက်တမ်းရင့်သူဖြစ်သော်လည်း သိုင်းသမားအဖြစ်သာ နေထိုင်ခဲ့သည်။ သိုင်းလောကတွင် အသက်အရွယ်သည် အရေးမကြီးလှ။
“ခင်ဗျားအသက်အရွယ်နဲ့ဆို လူတွေနဲ့ အတော်လေးပေါင်းသင်းဆက်ဆံခဲ့ဖူးမှာပါ။ ခင်ဗျားကျုပ်ကို အိမ်တော်ထိန်းအဖြစ် အမှုထမ်းရင် ဘယ်လိုသဘောရလဲ။ ခင်ဗျားကို အိမ်ထိန်းကျောက်လို့ ခေါ်မယ်လေ။ အဲဒါမကောင်းဘူးလား”
“သခင်လေးသဘောထားကြီးပေးတာ ကျေးဇူးတင်ပါတယ်”
အဘိုးအို အနည်းငယ်ဦးညွှတ်လိုက်သည်။ ထို့နောက် စုတ်ပြတ်နေသည့် သူ့အဝတ်အစားများကို တစ်ချက်ကြည့်သည်။
“ဒီထက်ပိုသင့်တော်တဲ့ ဝတ်စုံတစ်ခု ကျုပ်ပြောင်းဝတ်သင့်တယ်ထင်တယ်။ လက်ရှိပုံစံက နုံချာလွန်းတယ်”
“ကိစ္စမရှိပါဘူး။ ခင်ဗျားကို မလေးမစားပြောရဲတဲ့လူရှိရင် ရိုက်သတ်လိုက်လို့ရတာပဲ”
ဖုန်ချင်အန်း ခရီးဆက်သည်။ အိမ်ထိန်းကျောက်က တာဝန်ကျေပွန်စွာဖြင့် ပတ်ဝန်းကျင်ကို သတိထား၍ နောက်မှလိုက်လာသည်။ သို့သော် ယခုမှ အစသာဖြစ်သည်။ ခရီးမဆုံးသေး။
သိုင်းပညာရှာဖွေရန်အတွက် ငွေကြေးဥစ္စာနှင့် နာမည်ကျော်ဇောမှုကို စွန့်ပယ်ကြသည့် သိုင်းရူးများ မရှားလှ။
အန့်ချင်းမြို့တော်မှ သိုင်းနတ်ဘုရားသံချပ်ကာအကြောင်း ကောလဟာလသတင်းပျံ့လာသဖြင့် တည်ငြိမ်အေးချမ်းနေခဲ့သည့် ဖုန်ချင်အန်း၏ခရီးလမ်းက ပိုတက်ကြွလှုပ်ရှားလာသည်။
နေ့တိုင်း သိုင်းသမားများ သူ့ကိုချဉ်းကပ်ကြသည်။ အစောပိုင်းတွင် သူသဘောကျသလိုရှိသည်။ နောက်ပိုင်းတွင် စိတ်မရှည်နိုင်အောင်ဖြစ်လာသည်။ ထိုလူများအားလုံးက အကျိုးအမြတ် အချောင်ရဖို့ကြံနေသူများဖြစ်ကြောင်း သူရိပ်မိသည်။
သိုင်းနတ်ဘုရားသံချပ်ကာနှင့် ယှဉ်ပြိုင်တိုက်ခိုက်လျှင် အသက်အန္တရာယ်မရှိကြောင်း သတင်းကြားထားကြသည်။
ထိုအခြေအနေမျိုးတွင် သိုင်းသမားများ သူ့ဆီချဉ်းကပ်ကြသည်မှာ မဆန်းလှ။ သူရဲဘောကြောင်သူများပင် သူ့အနားသို့ ကပ်ရဲလာကြသည်။ အသက်အန္တရာယ်လည်းမရှိ။ ဒဏ်ရာပင်မရနိုင်။ ထို့ကြောင့် သိုင်းနတ်ဘုရားသံချပ်ကာနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် အတွေ့အကြုံကို အားလုံးရချင်ကြသည်။
အစောပိုင်းက သံချပ်ကာ၏ သိုင်းစွမ်းရည် တိုးတက်စေဖို့သာ ဖုန်ချင်အန်း တိုက်ခိုက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ယခု ကန်းရှအဆင့်များနှင့် ဆက်လက်တိုက်ခိုက်လျှင် အကျိုးကျေးဇူးဘာမှမရှိနိုင်တော့။ အချိန်ကုန်ရုံသာဖြစ်သည်။ ထို့ကြောင့် ဖုန်ချင်အန်း နည်းလမ်းပြောင်းသည်။
သံချပ်ကာနှင့် တိုက်ခိုက်လိုသူများသည် ပထမတစ်ချက်အနေဖြင့် ကန်းရှအဆင့်ရှိရမည်ဟု သတ်မှတ်သည်။ ဒုတိယတစ်ချက်က အိမ်ထိန်းကျောက်ကို အနိုင်ယူနိုင်သူဖြစ်ရမည်။ နောက်ဆုံးဖြစ်သည့် အရေးအကြီးဆုံးတစ်ချက်က သိုင်းနတ်ဘုရားသံချပ်ကာနှင့် တိုက်ခိုက်လိုလျှင် အလကားမရ။ ရှုံးနိမ့်သွားသူများသည် ကိုယ်ပိုင်သိုင်းကျမ်းများကို ပေးခဲ့ရမည်။ အနိုင်ရလျှင်.....။ အနိုင်ရဖို့တော့ ဖြစ်နိုင်စရာမရှိ။
နဂါးသံချပ်ကာကို သူအပြည့်အဝယုံကြည်သည်။ သို့သော် စိန်ခေါ်သည့်သိုင်းသမားများကလည်း သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်ရှိကြသည်သာဖြစ်သည်။
ထိုကိစ္စသည် ငါးစာချရုံသာမဟုတ်။ ငါးစာကို စွဲမက်စရာကောင်းအောင်လည်း လုပ်ထားသည်။ အနိုင်ရသူသည် သူ့ထံမှ နတ်ဆေးအဆင့်သို့”ရောက်နိုင်သည့်” သိုင်းကျမ်းတစ်ခုရမည်ဟု ကြေညာသည်။
နတ်ဆေးအဆင့်သိုင်းကျမ်းသည် ခန့်မှန်းသိုင်းကျမ်းမျှသာဖြစ်သည်။ သိုင်းကျမ်းရေးသူပင် ထိုအဆင့်သို့ မရောက်ခဲ့။ သို့သော် အတုဟုလည်း ပြော၍မရ။ ထိုငါးစာသည် ငါးလာဖို့အတွက်သာဖြစ်သည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ငါးကိုတော့ သူအလွတ်မခံ။
သို့သော် ငါးစာချသည့်သတင်းပျံ့သွားသည်နှင့် တာ့ကျင်းသိုင်းသမားများ အရူးအမူးဖြစ်ကုန်ကြသည်။ သတင်းကြားသူတိုင်း ချက်ချင်းလမ်းပေါ်ထွက်လာသည်။
တစ်ချို့က သံချပ်ကာအကြောင်းကိုလည်း အရေးမစိုက်မည်မဟုတ်။ သိုင်းနတ်ဘုရားဟူသည့် နာမည်ပြောင်ကိုလည်း အလေးမထား။ သို့သော် နတ်ဆေးအဆင့်သိုင်းကျမ်းကိုတော့ ဘယ်သူမှ ဂရုမစိုက်ဘဲ မနေနိုင်ကြ။
မသေမျိုးကျင့်ကြံသူများကို ထိန်းချုပ်၍မရသလို သရဲများ နတ်မင်းများကိုလည်း ထိန်းချုပ်ရန်ခဲယဉ်းသဖြင့် သိုင်းပညာအပေါ် တာ့ကျင်း၏ထိန်းချုပ်မှုက အတော်တင်းကြပ်ထားသည်။ တာ့ကျင်းမြေတွင် အခွင့်ထူးခံဖြစ်တည်မှုများ များစွာရှိသည်။ အမိန့်မနာခံသည့် ဝိညာဉ်ဖြစ်တည်မှုများလည်း ပေါများသည်။
ထို့ကြောင့် နတ်ဆေးအဆင့်သိုင်းကျမ်းကို သိုင်းသမားများ ရူးသွပ်ကြခြင်းဖြစ်သည်။ တစ်ချို့က သတင်းကို သံသယဖြင့်စုံစမ်းကြသည်။ သို့သော် သိုင်းကျမ်းပိုင်ရှင်၏နောက်ခံကို သိကြပြီးနောက် ဘယ်သူမှ သံသယမဝင်ကြတော့။
သရဲဝိညာဉ်နှင့် နတ်ဆိုးသားရဲများကို သတ်ဖြတ်ခဲ့သူသည် နတ်ဆေးအဆင့်သိုင်းကျမ်းပိုင်ဆိုင်ထားသည်မှာ မဆန်းလှ။ မပိုင်ဆိုင်လျှင်သာ ဆန်းပြားသလိုဖြစ်နေလိမ့်မည်။
ထို့ကြောင့် ဖုန်ချင်အန်းရောက်သည့်နေရာတိုင်း အပျက်အစီးများ စုပြုံကျန်ရစ်ခဲ့သည်။ ထိုကိစ္စသည် သူနှင့်ဘာမှမဆိုင်။ သူ့နောက်မှလိုက်လာသည့် သိုင်းသမားများ၏လက်ချက်ကြောင့် ပျက်စီးရခြင်းသာဖြစ်သည်။
အများစုက သိုင်းသမားအချင်းချင်း တိုက်ခိုက်ခြင်းဖြစ်သည်။ နဂါးသံချပ်ကာ တိုက်ခိုက်သည်က ရှားသည်။ ဖုန်ချင်အန်း ချမှတ်ထားသည့်စမ်းကမ်းများကြောင့် သိုင်းသမားအတော်များများကို ကြိုတင်ရှင်းထုတ်နိုင်ခဲ့သည်။ အိမ်ထိန်းကျောက်ကသာ ဒိုင်ခံဖြေရှင်းရသည်။ အဘိုးအိုကို အလုပ်အတင်းခိုင်းသလိုဖြစ်နေသည်။
ဖုန်ချင်အန်း ငဲ့ညှာစိတ်မရှိခြင်းတော့မဟုတ်။ လမ်းတစ်လျှောက်တွင် သူ့နောက်လိုက်လိုသည့် ကန်းရှသိုင်းသမားတစ်ချို့ကို ရွေးချယ်လက်ခံသည်။ နဂါးသံချပ်ကာကို ပြိုင်ဘက်ရွေးချယ်ပေးသည်။
တိုက်ပွဲရလာဒ်က ပို၍ပင် ရိုးရှင်းသေးသည်။ နဂါးသံချပ်ကာက ထိုသိုင်းသမားများကို အမြဲအနိုင်ယူခိုင်းသည်။ ပြိုင်ဘက်သိုင်းသမားက ပိုကြမ်းတမ်းလေ ပိုအကျိုးရှိလေဖြစ်သည်။ ထိုလူများက တိုက်ပွဲပြီးတိုင်း ဒဏ်ရာများကို ကျေနပ်စွာကုသမှုခံယူရင်း ကျေးဇူးတင်စကားဆိုကြသည်။
ရွှေ၊ ငွေနှင့် ငွေစက္ကူများက အကြမ်းစားဆန်လွန်းသည်။ ဖုန်ချင်အန်းသာ ဂရုမစိုက်သည်မဟုတ်။ သူ့နောက်သို့ လိုက်လာကြသည့် သိုင်းသမားများလည်း အရေးမစိုက်ကြ။ ကိုယ်ရိက္ခာကိုယ်သယ်၍ ဖုန်ချင်အန်းနောက်သို့ စိတ်အားထက်သန်စွာ လိုက်ပါလိုသူများချည်းဖြစ်သည်။
ဖုန်ချင်အန်းအဆင့်အတန်းက မြင့်ပြီးရင်းမြင့်လာသည်။ နောက်လိုက်ရွေးချယ်ရာတွင် ပို၍စီစစ်လာသည်။ နောက်လိုက်သိုင်းသမားခုနစ်ယောက်ပြည့်ပြီးနောက် သူနောက်ထပ်လက်မခံတော့။
လုံလောက်သည်။ သိုင်းသမားအချင်းချင်း တိုက်ခိုက်လျှင် ခြေကျိုးလက်ကျိုး ဖြစ်သည်။ သို့သော် ချီလင်သားရဲက ဖုန်ချင်အန်းကိုယ်စား ဒဏ်ရာများကုပေးသည်။ ပွဲချင်းပြီးသေသွားခြင်းမဟုတ်လျှင် မည်သည့်ဒဏ်ရာမဆို ကုသနိုင်သည်။
ထိုအဖြစ်ကြောင့် တာ့ကျင်းသိုင်းသမား ပို၍ရူးသွပ်လာသည်။
“သခင်လေး၊ မကြာခင် ကျုပ်တို့ ကျင်းလင်ပြည်နယ်ကို ရောက်ပါတော့မယ်”
အိမ်ထိန်းကျောက်က ရထားလုံးနားကပ်လာပြီး လေးလေးစားစားဦးညွှတ်အရိုသေပြု၍ ပြောသည်။
ရထားလုံးက ချောမွေ့စွာ ရှေ့ဆက်သွားနေသည်။ အိမ်ထိန်းကျောက်သည် အစောပိုင်းကထက် အသက်ပိုငယ်သွားသယောင်ရှိသည်။ ဆံပင်ဖြူပြည့်သေနည့်ဦးခေါင်းက မီးခိုးရောင်သန်းလာသည်။
“ဆွန်ပေါင်ကို မြို့တော်ထဲမှာ အိမ်တစ်လုံး ကြိုတင်ပြင်ဆင်ထားဖို့ လွှတ်ထားပြီးပါပြီ”
“အင်း”
မြင်းရထားထဲမှ ပျင်းရိပျင်းတွဲအသံ လွင်ပျံလာသည်။ လေပြေတစ်ချက်ကြောင့် ခန်းဆီးစ လွင့်တက်သွားသည်။ ဖုန်ချင်အန်း ဝံပုလွေနှစ်ကောင်ကြားတွင် လဲလျောင်းနေသည်။ ရက်တစ်ချို့ကြာပြီးနောက် သူ့ဟန်ပန်က ဩဇာရိပ်သန်းလာသည်။ သခင်လေးဟူသည့် အသုံးအနှုံးသည် နာမည်ခံသက်သက်မဟုတ်တော့။ သူနှင့်ထိုက်တန်သည့် စကားလုံးဖြစ်လာသည်။
“ဂရုစိုက်ပါ။ အသေအဖွဲ့ကိစ္စတိုင်းကို အစီရင်ခံဖို့မလိုပါဘူး”
“ဟုတ်ကဲ့”
အိမ်ထိန်းက အလိုက်တသိ နောက်ဆုတ်သွားသည်။ ညနေပိုင်းအချိန်တွင် စွမ်းအားမြင့်သိုင်းသမားများခြံရံလျက် အိမ်ကြီးတစ်လုံးထဲသို့ သူဝင်ရောက်လာသည်။ ငွေတစ်ပြားမှ အကုန်ခံစရာမလို။ သူ့နောက်လိုက်များက ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်ဝယ်ယူထားခြင်းဖြစ်သည်။ အိမ်စာချုပ်ပင် သူ့လက်သို့ ပေးထားသည်။
သူအိမ်ထဲဝင်ပြီးသည်နှင့် ရင်းနှီးနေသည့် စန္ဒကူးနံ့က ခြံဝန်းထဲတွင် ဖုံးလွှမ်းလာသည်။ သူဘာမှမလုပ်ရသေးမီ ကန်းရှသိုင်းသမားများက ဓားကိုယ်စီဆွဲထုတ်ပြီး ဖြစ်နေသည်။
ကောင်းကင်စွမ်းအင်ကို စုပ်ယူကျင့်ကြံထားသည့် သိုင်းသမားတို့သည် သာမန်လူများမဟုတ်။ သရဲများ၊ မကောင်းဆိုးဝါးများ မြွေနတ်ဆိုးများ သူတို့အမြင်အာရုံကို အရူးလုပ်၍မရ။
“သတ်”
သွေးနီရောင်ဓားတစ်လက်ကိုင်ထားသည့် သိုင်းသမားကြီုးတစ်ယောက်က ခြံဝန်းထဲသို့ လွင့်ပျံလာသည့် ဝိညာဉ်ကိုစိုက်ကြည့်၍ ဘာစကားမှပြောမနေတော့ဘဲ ဓားကိုဝှေ့ယမ်းလိုက်သည်။ ဝိညာဉ်သရဲများပင် အိမ်ထဲသို့ဝင်လျှင် အမည်နာမကို အရင်ကြေညာကြရသည်။ ထိုသို့မကြေညာဘဲဝင်ခြင်းသည် သူခိုးစရိုက်သာဖြစ်သည်။ သတ်ပစ်ရမည်။
“ကျုပ်ကိုချမ်းသာပေးပါသခင်လေး”
အားပြင်းသည့် ကြက်သွေးရောင်ဓားရိပ်ကြောင့် ဝိညာဉ်နတ်ဆိုး အကြီးအကျယ် ထိတ်လန့်သွားသည်။ ခန္ဓာကိုယ်ထွားကျိုင်း၍ မီးတောက်လိုစွမ်းအင်ရောင်ရှိသည့် သိုင်းသမားများကို သူတို့ကြောက်ရွံ့ကြသည်။
“ရပ်လိုက်”
ဖုန်ချင်အန်း တားလိုက်သည်။ ဓားကိုင်သိုင်းသမား၏ ဓားချက်က လေထဲတွင် ရပ်သွားသည်။ ဝိညာဉ်နတ် သေဘေးလွတ်သွားသော်လည်း တုန်ရင်နေဆဲဖြစ်သည်။ မျက်လုံးတစ်စုံက သူ့ကိုစိုက်ကြည့်နေသည်။ တစ်ခါမှမကြုံဖူးသည့် ဖိအားမျိုးကို သူခံစားရသည်။
“စိတ်ဝင်စားစရာပဲ။ ပထမဆုံး မြို့တော်တစ်ခုကိုကျုပ်ဝင်တော့ စစ်နတ်မင်း ဒါမှမဟုတ် မြို့တော်နတ်ဘုရားကိုပဲ ကျုပ်တိုက်ရိုက်တွေ့ရတယ်။ အခုရောက်လာတဲ့ခင်ဗျားက အရာရှိအသေးစားလေးပါလား”
“နားလည်မှုလွဲနေပါပြီသခင်လေး။ ကျွန်တော်က သခင်လေးကို လာပြီးဖိတ်ခေါ်တာပါ။ မြို့တော်နတ်ဘုရားသခင်က သခင်လေးအတွက် ကြိုဆိုပွဲတစ်ခု ပြင်ဆင်ထားပါတယ်”