ကျားထက်ကြမ်းတမ်းသည့် နိယာမ
Vol. 17 Ch. 253
“ကျုပ်ရှုံးသွားပြီ”
လူငယ်သိုင်းသမား စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်ကျသွားသည်။ မိုင်တစ်ထောင်ခရီးကို သူဖြတ်သန်းခဲ့သည်။ ခရီးထွက်လာသည့် ဖုန်သခင်လေးကိုရှာခဲ့သည်။ စစ်နတ်ဘုရားနဂါးသံချပ်ကာကို စိန်ခေါ်ချင်ခဲ့သည်။
နဂါးသံချပ်ကာနှင့် တိုက်ခိုက်သည့် သိုင်းသမားတို့သည် ရှုံးနိမ့်သည့်တိုင် သိုင်းပညာအမြင် များစွာတိုးတက်နိုင်သည်ဟု သူသတင်းကြားခဲ့သည်။ သံချပ်ကာနှင့်တိုက်ခိုက်ခွင့်ရသည့် သိုင်းသမားများ သိုင်းစွမ်းများစွာ တိုးတက်လာသည်။
သူလည်း ထိုအခွင့်အရေးကို လာရှာခြင်းဖြစ်သည်။ သို့သော် စမ်းသပ်မှုကိုပင် မဖြတ်ကျော်နိုင်ခဲ့။ ဖုန်ချင်အန်း၏ နောက်လိုက်တစ်ယောက်ကို ရှုံးသွားသည်။ သံချပ်ကာနှင့် တိုက်ခိုက်ခွင့်မရ။
စည်းမျဉ်းအရ ရှုံးနိမ့်သွားပြီဖြစ်၍ ပြောလိုသည့်စကားလုံးများ ပြန်မျိုချလိုက်ရသည်။
“နေဦး၊ မင်းက ရှောက်ပြည်နယ်ကလာတာလား”
ထွက်သွားရန် ပြင်နေစဉ် အဘိုးအိုတစ်ယောက်က သူ့ကိုလှမ်းတားသည်။
“ဟုတ်ပါတယ်။ ကျုပ်က ရှောက်ပြည်နယ် ပင်ဝူကောင်တီကပါ”
အဘိုးအိုကို နားမလည်ဟန်ဖြင့် သူလှည့်ကြည့်သည်။ တိုက်ပွဲမစမီက သူ့နာမည်နှင့်နောက်ခံကို ကြေညာခဲ့ပြီးဖြစ်သည်။ ယခုမှ ဘာကြောင်ထပ်မေးသည်မသိ။
“လာပါဦး။ ငါတို့သခင်လေးက မင်းကိုမေးစရာရှိတယ်”
“သူက ဘာသိချင်တာလဲ”
ဇဝေဇဝါဖြင့် သူလျှောက်သွားသည်။ ဖုန်သခင်လေးထံတွင် သိုင်းကျမ်းများစွာရှိသည်ဟု ကြားထားသည်။ သူချမှတ်ထားသည့် စည်းမျည်းများကလည်း သိုင်းသမားများကြားတွင် ရေပန်းစားသည်။
ယခု ပင်ဝူသိုင်းသမား နဂါးသံချပ်ကာနှင့် တိုက်ခိုက်ခွင့်မရ။ သိုင်းပညာအတွေ့အကြုံ ဖလှယ်ခွင့်မရ။
သို့သော် ထိုသခင်လေး စိတ်ကျေနပ်အောင် ဖြေဆိုပေးနိုင်လျှင် ဆုလာဒ်ရချင်ရနိုင်သည်။
“သခင်လေးကို မင်းတွေ့တဲ့အခါ မေးတာကိုပဲဖြစ်ပါ။ မသိရင်လည်း မဟုတ်မမှန်လိမ်ပြီးမပြောနဲ့။ မင်းဖြေတာကို ငါတို့သခင်လေးသဘောကျရင် ဆုလာဒ်ကောင်းကောင်းရမှာပါ”
ပင်ဝူသိုင်းသမား၏ ရိုကျိုးပုံကိုကြည့်၍ အိမ်ထိန်းကျောက် ကျေနပ်စွာ ခေါင်းငြိမ့်သည်။ သတိတော့ ပေးလိုက်သည်။
“ခင်ဗျားတို့သခင်လေးက ဘာမေးချင်တာလဲ”
“ခင်ဗျားတို့ ကောင်တီက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအကြောင်း သိချင်တယ်”
ဖုန်ချင်အန်း မြင်းရထားထဲမှ ထွက်လာသည်။ ဝံပုလွေနှစ်ကောင်လည်း သူ့နောက်မှလိုက်လာသည်။ ထိုသတ္တဝါများ၏အကြည့်က ဒေါသရိပ်မပါသည့်တိုင် ပင်ဝူသိုင်းသမား သတိအနေအထားဖြစ်သွားသည်။
“လယ်ယာစိုက်ပျိုးရေး..”
သူအံ့အားသင့်သွားသည်။ ထိုသခင်လေးသည် အလုပ်ကြမ်းမလုပ်ဖူးသည်မှာ သေချာသည်။ ဘာကြောင့် လယ်လုပ်ငန်းကို စိတ်ဝင်စားနေသည်မသိ။ အစိုးရရာထူး ယူထားသူလည်းမဟုတ်။ ထို့ကြောင့် လယ်လုပ်ငန်းနှင့် ဆက်စပ်စရာမရှိ။
“မနေ့က ကျင်းလင်ပြည်နယ်စားသောက်ပွဲမှာ နတ်မင်းတစ်ယောက်ကပြောတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရှောက်ပြည်နယ်ရဲ့ သီးနှံအထွက်နှုန်း တဖြေးဖြေးလျော့လာတယ်တဲ့။ အထွက်နှုန်း ၂၀ ရာနှုန်းကျသွားတယ်လို့ ပြောတယ်။ မင်းက ရှောက်ပြည်နယ်ကလူဆုတော့ ဒီသတင်းအမှန်ဟုတ်မဟုတ် သိချင်လို့ပါ”
“နတ်မင်းတစ်ယောက်...”
ထိုစကားကြောင့် ပင်ဝူသိုင်းသမား အံ့အားသင့်သွားသည်။ ခရီးလှည့်နေသည့် နတ်မင်းများကို သူမြင်ဖူးသည်။ သို့သော် ဝေးဝေးသာ နေခဲ့သည်။
“အဲဒါကို ခင်ဗျားစိတ်ပူစရာမလိုပါဘူး။ ရှောက်ပြည်နယ် သီးနှံအထွက်နှုန်းမှာ ပြဿနာရှိမရှိပဲ ကျုပ်သိချင်တာပါ”
ဖုန်ချင်အန်း အလေးအနက်ပြောသည်။ နတ်မင်းများမကျေနပ်ချက်ကိုသာ နားထောင်၍ မြစ်သခင်ကို ဆန့်ကျင်သည့်အဖြစ်မျိုး သူမလိုချင်။ လက်တွေ့အခြေအနေကို သူသိလိုသည်။ လူသားမျိုးနွယ်တို့ တကယ်အခက်ကြုံနေရိုးမှန်လျှင် ထိုနဂါးကိုသတ်ဖို့ရာ အကြောင်းရင်းခိုင်ခိုင်မာမာ ပြစရာရှိလာမည်။
“အမှန်အတိုင်းပြောပါ့မယ်။ သခင်လေး လူရွေးမှားသွားပြီ။ ကျုပ်ဇာတိမြေမှာ လယ်ယာကိစ္စတွေကို ကျုပ်သိပ်အလေးမထားမိပါဘူး”
သိုင်းသမားက ရိုးရှင်းစွာာဖြေသည်။ သူတကယ်မသိ။ သို့သော် သူဉာဏ်မနည်းပါ။ ချက်ချင်း ထပ်ဖြည့်ပြောသည်။
“ဒါပေမယ့် သီးနှံအထွက်လျော့တာ နှစ်ဆယ်ရာနှုန်းတော့ မကလောက်ဘူး။ နတ်မင်းတွေက သခင်လေးကို တိုင်တန်းကြတာဆိုရင် ပမာဏကို လျှော့ပြောတာဖြစ်မယ်။ အခြေအနေက ဒီထက်ပိုဆိုးတယ်ထင်တယ်”
“ဘာလို့ဒီလိုပြောနိုင်တာလဲ’
ဖုန်ချင်အန်း ထပ်မေးသည်။
“ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ကျုပ်မိသားစုထဲမှာ မျက်နှာသစ်တွေ အများကြီးပေါ်လာတယ်။ အားလုံးက အရွယ်မရောက်သေးတဲ့ ကလေးတွေပဲ။ ယောက်ျားလေးတွေရော မိန်းကလေးတွေရောပါတယ်။ သူတို့ကို မကျွေးမွေးနိုင်တော့လို့ အနီးအနားရွာက လယ်သမားတွေ လာရောင်းထားထားကြတာပါ”
ဖုန်ချင်အန်း မျက်မှောင်ကျုံ့သွားသည်။
သီးနှံအထွက်နှုန်း ၂၀ ရာနှုန်းထက်လျော့ကျ၍ လယ်သမားများ သူတို့သားသမီးကို ရောင်းရသည်တဲ့။
“သခင်လေး”
သူမျက်မှောင်ကျုံ့သည်နှင့် ချမ်းသာသည့် သိုင်းသမားလူငယ်အပေါ် ထူးဆန်းသည့် ဖိအားတစ်ခု ကျလာသည် တစ်ကိုယ်လုံးတုန်ရင်လျက် မြေပေါ်လဲကျမတတ်ဖြစ်နေသည်။
“ငြိမ်ငြိမ်နေကြစမ်း၊ အဲဒါသူနဲ့ဘာဆိုင်လဲ’
လူငယ်ကို ဖိအားပေးသူများအား ဖုန်ချင်အန်း လှမ်းကြည့်၍ပြောလိုက်သည်။
ရွေးချယ်စရာမရှိသည့်အခြေအနေမဟုတ်လျှင် ဘယ်မိဘမှ သူတို့သားသမီးကို ရောင်းချမည်မဟုတ်။ အငတ်ဘေးကြုံချိန်တွင် တစ်ခြားလူတို့၏ ကလေးများကို ဝယ်ယူလိုသူများရှိလျှင် ထိုကလေးများ အစာရနိုင်သည်။ အသက်ရှင်ခွင့်ရနိုင်သည်။ ထိုလုပ်ရပ်ကို ဒါနပြုသည်ဟုပင် ယူဆနိုင်သည်။
“သခင်လေး၊ နတ်မင်းတွေ လိမ်နေတာမဟုတ်နိုင်ပါဘူး။ သူတို့ သခင်လေးကို လှည့်စားရဲမှာမဟုတ်ဘူး”
အိမ်ထိန်းကျောက်က ပြောသည်။
“သီးနှံထွက်နှုန်း ဆယ်ပုံနှစ်ပုံလျော့သွားတာနဲ့ လယ်သမားတွေ ကိုယ့်သားသမီးကိုယ် ရောင်းရတဲ့အခြေအနေမျိုး ရောက်သွားတယ်ပေါ့”
********************************************