ကျားထက်ကြမ်းတမ်းသည့် နိယာမ (၂)
Vol. 17 Ch. 254
“အခွန်တွေ”
ဖုန်ချင်အန်း မျက်မှောင်ကျုံ့နေပြီးနောက် ပြန်လည်ပြေလျော့သွားသည်။ ငယ်စဉ်က လယ်ကွင်းရွှံ့တောထဲတွင် ဆော့ခဲ့ဖူးသူဖြစ်သည်။ သာမန်လယ်သမားတို့ အများဆုံးအခက်ကြုံရသည့်အရာကို သူသိသည်။
“ဟုတ်ပါတယ်။ အစိုးရက အခွန်တွေလျှော့မပေးရင် သီးနှံအထွက်လျော့တဲ့ ဝန်ထုပ်ဝန်ပိုးက သာမန်လူတွေအပေါ် ကျလာပါတယ်။ လယ်သမားမိသားစုတစ်ခုလိုအပ်တဲ့ ရိက္ခာဟာ တစ်ဝက်လျော့သွားမယ်။ ဒီထက်ပိုဆိုးလာရင် ကိုယ့်သားသမီးကိုယ်ရောင်းရတဲ့အဆင့်ကို ရောက်သွားတယ်။ ဒီလိုပဲ ဖြစ်လာမှာပါပဲ”
အိမ်ထိန်းကျောက်က ပြန်ဖြေသည်။
“အစိုးရအခွန်တွေက အဲလောက်မြင့်လို့လား”
ပင်ဝူသိုင်းသမား ခေါင်းကုတ်သည်။ အတွေးရခက်နေသည်။ ပုံမှန်အားဖြင့် ထိုကိစ္စမျိုးကို သူအရေးမစိုက်။ ယနေ့ ဖုန်ချင်အန်းသာ မမေးခဲ့လျှင် ထိုကိစ္စမျိုးကို သူလုံးဝအရေးစိုက်မိမည်မဟုတ်။
“မြေခွန်၊ လူခွန်နဲ့ တာဝန်ခွန် စည်းကြပ်ခွန်အမျိုးမျိုးကို အစိုးရအရာရှိအဆင့်ဆင့်က သူတို့သဘောနဲ့သူတို့ သတ်မှတ်ကြတယ်။ သီးနှံအထွက်ကောင်းရင်တောင် သာမန်လူတွေဘဝက အသက်ဆက်နိုင်ရုံလောက်ပဲ။ ဒါပေမယ့် သီးနှံအထွက်နှုန်းလျော့သွားပြီး အခွန်တွေလျော့မသွားရင်တော့ ကိုယ့်သားသမီးတွေ ရောင်းလိုက်ဖို့ပဲ ရွေးချယ်စရာရှိပါတယ်”
အိမ်ထိန်းကျောက်က ဖြေးဖြေးချင်း ရှင်းပြသည်။ သူသည် သာမန်နောက်ခံမှလာသူဖြစ်သည်။ သာမန်လူတို့ဘဝ မည်မျှခက်ခဲသည်ကို နားလည်သည်။
ဖုန်ချင်အန်းလက်ခံထားသည့် တစ်ခြားသိုင်းသမားများလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ အူတူတူဖြစ်နေကြသည်။ ထိုသိုင်းသမားတို့၏နောက်ခံက သာမန်လူတို့အခက်အခဲကို နားလည်နိုင်သည့်အဆင့်မျိုးမဟုတ်။
ဓားသွားထက် ကလောင်သွားထက်သည်ဟူသည်မှာ စကားသက်သက်မဟုတ်။ ငယ်စဉ်ကတည်းက လေ့ကျင့်နိုင်ခဲ့သည့် သိုင်းသမားတစ်ယောက်သည် လူဆင်းရဲဖြစ်လေ့ သိပ်မရှိ။ ထူးထူးခြားခြား ကံကောင်းသူများမှလွဲလျှင် ဆင်းရဲသားသိုင်းသမားမျိုး မရှိသလောက်ရှားသည်။ ထိုသို့မဟုတ်လျှင် သိုင်းပညာလေ့ကျင့်မှုခရီးသည် အသက်ကိုပုံအော၍ လောင်းကြေးထပ်ရသည်။ ဘာမှဖြစ်မလာခင် လေ့ကျင့်ရင်း သေသွားမည်။
“ခင်ဗျားက ရှောက်ပြည်နယ် ပင်ဝူကောင်တီကနော်”
ဖုန်ချင်အန်းမျက်နှာ ပုံမှန်ပြန်ဖြစ်သွားသည်။ သို့သော် သူ့မျက်လုံးအတွင်းပိုင်းတွင် အေးစက်သည့်အလင်းတစ်မျိုးရှိနေသည်။
သူ့အကိုစာဖြေခရီးထွက်စဉ်က လမ်းတစ်လျှောက် အဘယ်ကြောင့် သတ်ဖြတ်ခဲ့သည်ကို သူနားလည်လာသည်။ လက်ထဲတွင် ဓားတစ်လက်ရှိပြီး ဓားသုံးနိုင်သည့်စွမ်းအားလည်းရှိလျှင် ထိုသဘာဝလွန်အင်အားစုများအပေါ် သတ်ဖြတ်လိုစိတ်ဖြစ်ပေါ်လာရန် မခဲယဉ်းလှ။ မမြင်ရမီကပင် သတ်ချင်စိတ်ပေါက်လာသည်။
“ဟုတ်ပါတယ်”
ပတ်ဝန်းကျင်လေထု နည်းနည်းမူမမှန်သည်ကို ပင်ဝူသိုင်းသမား သတိထားမိသည်။ သူထွက်သွားချင်သည်။ သို့သော် ဖြူနက်ဝံပုလွေနှစ်ကောင်ကိုကြည့်၍ မလှုပ်ရှားဖို့ ဆုံးဖြတ်လိုက်သည်။
“ခင်ဗျားဇာတိမြေထဲ ကျုပ်တို့ကို လိုက်ပြပေးနိုင်မလား”
ဖုန်ချင်အန်း ပြုံး၍မေးသည်။
ပင်ဝူသိုင်းသမား တုံ့ဆိုင်းနေသည်။ ခုနက နတ်မင်းများအကြောင်း ပြောခဲ့ကြသည်။ ထိုကိစ္စမျိုးနှင့် သူတကယ်ဝင်မပတ်သက်ချင်။ တစ်ယောက်ယောက် ဒုက္ခရောက်တော့မည်မှာ သေချာနေသည်။ ထိုသခင်လေး စိတ်ကျေနပ်အောင် မဆောင်ရွက်ပေးနိုင်လျှင် ထိုသိုင်းသမားများက ဒေါသဖွင့်ထုတ်ရန် သူ့ကိုပစ်မှတ်ထားလာနိုင်သည်။
“လိုက်မပြချင်လည်း နေပါစေတော့။ ရော့...ဒါက ကျုပ်မေးတာတွေ ဖြေပေးတဲ့အတွက် ဆုချတာပါ”
ဖုန်ချင်အန်း အတင်းမတိုက်တွန်း။ စာအုပ်ငယ်တစ်ခု သူအသာအယာပစ်ပေးလိုက်သည်။ ပင်ဝူသိုင်းသမား ဆီးဖမ်းသည်။ စာအုပ်အဖုံးတွင် “ယွင်လန်လျှို့ဝှက်ကျမ်း” ဟုရေးထားသည်။ ဖွင့်ဖတ်သည်။ ဓာတ်နှောအဆင့်ထိကျင့်ကြံနိုင်သည့် သိုင်းကျမ်းတစ်ခုဖြစ်နေသည်။
သူဝမ်းသာသွားသည်။ သို့သော် စာမျက်နှာအဆုံးထိ လှန်ကြည့်ပြီးနောက် သူ့အပြုံးများ ရပ်တန့်သွားသည်။ ရှေ့အဖုံးကို ပြန်လှန်ကြည့်သည်။ လျှို့ဝှက်ကျမ်းဟူသည့် စာလုံးဘေးတွင် “ပထမပိုင်း”ဟူသည့် စာလုံးလေးကို တွေ့ရသည်။
“ဒုတိယပိုင်းက ဘယ်မှာလဲ”
သူပြန်မေးသည်။ သိုင်းကျမ်းတစ်ဝက်သာပေးခြင်းသည် ရက်စက်ရာကျသည်။
“ခင်ဗျားဖြေတာတွေက နည်းနည်းဝေဝါးနေတယ်လေ။ သိုင်းကျမ်းတစ်ဝက်ရရင် ကျေနပ်သင့်တယ်မဟုတ်လား”
လောဘကြီးသည့် သိုင်းသမားကို ဖုန်ချင်အန်း အံ့ဩဟန်ဖြင့် ကြည့်လိုက်သည်။ မေးခွန်းနည်းနည်းဖြေရုံဖြင့် သိုင်းကျမ်းတစ်ဝက်ပေးလိုက်သည်မှာ သူအတော်ရက်ရောခဲ့ခြင်းဖြစ်သည်။
“ဒါပေမယ့် ဒါက...”
ပင်ဝူသိုင်းသမား မျက်နှာရှုံ့သွားသည်။ ဘာမှမပြောနိုင်တော့။ ဖုန်ချင်အန်းစကား မမှားပါ။ သို့သော် သိုင်းကျမ်းတစ်ဝက်တည်းနှင့် သိုင်းသမားအတွက်လည်း ဘာမှလုပ်မရ။ စိတ်ညစ်ရရုံသာရှိသည်။
“သခင်လေး၊ ကျုပ်အဖေ စားသောက်ပွဲတစ်ခု ပြင်ဆင်ထားတာ ကျုပ်အခုမှသတိရတယ်။ ကျုပ်တို့အိမ်ကို လာလည်ဖို့ သခင်လေးကိုဖိတ်ပါတယ်”
တောက်ပသည့်အနာဂတ်ကို မြင်နေရပြီဖြစ်သည်။ အစောပိုင်းက အကြောက်တရားများ ပင်ဝူသိုင်းသမားစိတ်တွင် မရှိတော့။ ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်မည်။
“ဟား၊ တော်တယ်။ ဒီကောင်လေး သင်လို့ရသားပဲ”
သိုင်းသမားလူငယ်၏ အမူအရာပြောင်းအလဲကိုကြည့်၍ အိမ်ထိန်းကျောက်ကျေနပ်သွားသည်။
“ငါတို့ရဲ့လမ်းပြလေးအတွက် မြင်းတစ်ကောင်သွားရှာလိုက်။ သူရှေ့ကသွားပါစေ”
“ဟုတ်”
ပင်ဝူသိုင်းသမားဦးဆောင်မှုဖြင့် ဖုန်ချင်အန်းတို့အဖွဲ့ အမြန်ခရီးဆက်ခဲ့သည်။ ပုံမှန်လမ်းကြောင်းအတိုင်းမသွား။ တောင်တန်းများကိုဖြတ်၍ အတိုဆုံးလမ်းကြောင်းကိုရွေးချယ်သည်။
ထို့ကြောင့် သုံးရက်အတွင်းမှာပင် ပင်ဝူကောင်တီသို့ ရောက်လာကြသည်။ တောထဲမှထွက်သည်နှင့် လူနေပတ်ဝန်းကျင်လက္ခဏာများကို မြင်ရသည်။ ဖုန်ချင်အန်း မျက်မှောင်ကျုံ့သွားသည်။
နွေဦးထွန်ယက်စိုက်ပျိုးရာသီလွန်ခဲ့သည်မှာ နှစ်လနီးပါးရှိပြီဖြစ်သည်။ သို့သော် လမ်းဘေးတစ်ဘက်လယ်ကွင်းထဲမှ ဂျုံပင်ပေါက်များ သန်စွမ်းမှုမရှိဘဲ အဝါရောင်သန်းနေသည်။ လယ်အလုပ်မလုပ်ဖူးသည့် သူသည်ပင် ထိုအပင်ပေါက်များ ဆက်လက်ရှင်သန်နိုင်ခြေ နည်းပါးကြောင်း သိသည်။ နောက်လအထိပင် ရှင်သန်ဖို့မလွယ်။
“ကျိုးယိယန်”
ပင်ဝူသိုင်းသမားကို ဖုန်ချင်အန်း ခေါ်လိုက်သည်။
“ဟုတ်၊ ရှိပါတယ်သခင်လေး”
ကျိုးယိယန် သွားဖြဲ၍ ရောက်လာသည်။ ဖြတ်လမ်းက လာခဲ့သဖြင့် ဖုန်ချင်အန်းတစ်ယောက်သာ မြင်းစီးရသည်။ တစ်ခြားလူများက ခြေကျင်လျှောက်သည်။
“ဘာကူညီရမလြ သခင်လေး”
“နွေဦးစိုက်ပျိုးချိန်စကတည်းက မိုးဘယ်နှစ်ကြိမ်ရွာခဲ့လဲ မှတ်မိလား”
“ကျုပ်မမှတ်မိပါဘူး”
ကျိုးယိယန် အသဲအသန်စဉ်းစားသော်လည်း မရ။ ထိုမျှအသေးစိတ်ကျသည့် အချက်များကို သူမသိ။ အကယ်၍ ကောင်တီပြည့်တန်ဆာရုံမှ ကချေသည်တို့အကြောင်းမေးလျှင်မူ သူကောင်းကောင်းမှတ်မိမည်။
“ခုနစ်ကြိမ် ရှစ်ကြိမ်လောက်ရှိမယ်”