← Chapters

ချီတက်ခြင်း

Vol. 18 Ch. 256

ချီတက်ခြင်း

Vol. 18 Ch. 256

“ဆရာကဘယ်သူလဲခင်ဗျာ”

အဘိုးအို ဖုန်ချင်အန်း မယုံမရဲကြည့်၍ မေးသည်။ ကျိုးသခင်လေးခေါ်လာသည့်ဧည့်သည် ဆိုသော်လည်း ကျိုးသခင်လေးတို့မိသားစုသည်ပင် ကောင်တီတရားသူကြီးသတ်မှတ်သည့် စည်းမျဉ်းများကို ဝင်စွက်ဖက်ခွင့်မရှိ။

“ကျုပ်က သိပ်မကြာသေးခင်ကမှ စာမေးပွဲအောင်လာတဲ့ လူငယ်ပညာရှင်ပါ။ သာမန်လူနဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် ကျုပ်အကိုကတော့ အစိုးရပိုင်းကိုဝင်ပြီး ပြည်နယ်မြို့စားရာထူး ရထားပါတယ်။ ခင်ဗျားတို့ ကောင်တီတရားသူကြီးက ကျုပ်ပြောတဲ့စကားကို အလေးအနက်ထားမှာပါ”

ဖုန်ချင်အန်း ရယ်ကျဲကျဲမျက်နှာဖြင့် ပြောသည်။ သူ့အကိုသည် နယ်စပ်သို့ စေလွှတ်ခြင်းခံရသည်။ ပုံမှန်အတိုင်းပြောလျှင် နယ်စပ်အရာရှိဖြစ်သည် လက်ထဲတွင် စစ်တပ်အင်အားကို ထိန်းချုပ်ထားသည်။ နယ်စပ်မှာပင် ထိုအင်အားမျိုး ထိန်းချုပ်ခွင့်မရလျှင် အများလှောင်ရယ်စရာ ဖြစ်ပေလိမ့်မည်။

“ပြည်နယ်မြို့စားဆိုတဲ့ရာထူးက ဘယ်လောက်မြင့်သလဲဗျာ”

အဘိုးအိုက နားမလည်ဟန်ဖြင့် ထပ်မေးသည်။

“သူ့ထက်မြင့်တဲ့လူဟာ အင်ပါယာမင်းကြီးတစ်ယောက်ပဲရှိပါတယ်။ အင်ပါယာကပဲ ကျုပ်အကိုကို ထိန်းချုပ်နိုင်ပါတယ်”

စကားအဖြစ်သာ ပြောရခြင်းဖြစ်သည်။ အင်ပါယာသည် သူ့အကိုကို ထိန်းချုပ်နိုင်ခြင်းရှိမရှိ သူသေချာမသိ။ ထိန်းချုပ်နိုင်လျှင် နယ်စပ်သို့ ပို့စရာအကြောင်းမရှိ။ အရွယ်မရောက်မီကတည်းက ကြီးမားသည့်လုပ်ပိုင်ခွင့်အာဏာကို ပေးထားစရာ အကြောင်းမရှိ။

“ဒါဆိုရင်တော့ သခင်လေးက တကယ်မြင့်မြတ်တဲ့မျိုးနွယ်ပါပဲ။ ကျုပ်တို့ကို ကူညီပါဦး။ ကျုပ်တို့ နောက်ထပ်ရှင်သန်ဖို့ တကယ်မတတ်နိုင်တော့ပါဘူး”

ဖုန်ချင်အန်းနောက်ခံကို နားလည်သွားပြီးနောက် အဘိုးအို ရုတ်တရက် ခြုံးပွဲချငိုကျွေးလေသည်။ ဖုန်ချင်အန်းရှေ့တွင် ဒူးထောက်ပြန်သည်။

သူ့နောက်မှလိုက်လာသည့် ယောက်ျားမိန်းမ သက်ကြီးရွယ်အို ကလေးသူငယ်များ အားလုံး တစ်ပြိုင်တည်း ဒူးထောက်ကြသည်။

“ကျုပ်တို့ကို ကူညီပေးပါ အရာရှိမင်း”

“ကောင်တီတရားသူကြီးကို နားချပေးပါ သခင်လေး”

“ကျုပ်တို့ကိုငဲ့ညှာပြီး အကောက်ခွန်ကို လျှော့ပေးပါ။ ကျုပ်မိန်းမဟာ သားသမီးတွေတိုက်ကျွေးဖို့ နို့ရည်တောင်ကောင်းကောင်းမထွက်တော့ပါဘူး”

ငိုယိုဟစ်ကြွေးသံများ လယ်ကွင်းထဲတွင် ဖုံးလွှမ်းသွားသည်။ ကြားရသူတိုင်း စိတ်မကောင်းဖြစ်ကြသည်။

“ဒီခွေးသားအရာရှိတော့ကွာ”

ဖုန်ချင်အန်းနောက်တွင်ရပ်နေသည့် သိုင်းသမားကြီးတစ်ယောက် လက်သီးကိုတင်းတင်းဆုပ်ထားသည်။ မျက်လုံးတွင် ဒေါသရိပ်များပြည့်နေသည်။

“ခင်ဗျားတို့ကို ကူညီပေးလို့တော့ရပါတယ်။ ဒါပေမယ့် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျုပ်ကို အရင်ပြောဦးမှပေါ့”

ဖုန်ချင်အန်း နည်းနည်းစိတ်ညစ်လာသည်။

“သခင်လေး၊ ကျုပ်တို့ ကောင်တီတရားသူကြီးဟာ စိတ်နှလုံး အလွန်ယုတ်ညံ့ပါတယ်။ ကျုပ်တို့ရဲ့ လယ်ကွင်းတွေ အခြေအနေကို သခင်လေးမြင်မှာပါ။ နဂါးဘုရင်က မိုးရွာမပေးပါဘူး။ ကျုပ်တို့သီးနှံတွေ ဒီလောက်အမြင့်ရောက်အောင် ကျုပ်တို့ သေမတတ် အလုပ်လုပ်ခဲ့ရတာပါ။ ဒီနှစ် သီးနှံရိတ်သိမ်းနိုင်မလားဆိုတာ သေချာမသိသေးပါဘူး။ ဒါပေမယ့် ကောင်တီအစိုးရရုံးတော်က ကျုပ်တို့ကို အခွင့်အရေးမပေးဘူး။ ကောင်တီတရားသူကြီးက ပုံမှန်အခွန်တွေအပြင် မြောင်းခွန်ရေခွန်တွေပါ ကောက်နေပါတယ်”

မျက်နှာတွင်အရေးအကြောင်းများ ပြည့်နေသည့်အဘိုးအိုက ရှင်းပြသည်။ သူ့စကားသံတွင် စိတ်ပျက်အားငယ်မှုနှင့် နာကျည်းရိပ်တို့ ရောယှဥ်နေသည်။

သီးနှံအထွက်ကောင်းသည့်နှစ်များမျာပင် အခွန်ဆောင်နိုင်အောင် ရုန်းကန်ကြိုးစားရသည်။ ယခု သီးနှံအထွက်လျော့သည်။ အခွန်က လျော့မသွားဘဲ တိုးလာသည်။ ဘယ်သူမှ ခံနိုင်ရည်မရှိ။

“မြောင်းခွန်ရေခွန်တဲ့လား”

“ဒါတွေက ကျုပ်တို့ကြိုးစားပြီးရှာထားတဲ့ ငွေတွေကို အရာရှိတွေက လိုချင်လို့ နာမည်တပ်တဲ့ ဆင်ခြေတွေပါ။ ဒီအခွန်ငွေဟာ မိုးခေါင်ရေရှားတာကို ကြိုတင်ကာကွယ်ဖို့အတွက် လယ်မြေတွေဆီ ရေမြောင်းသွယ်ပေးဖို့လို့ ပြောကြတယ်။ ရေလှောင်ကန်တွေ တူးမြောင်းတွေ တည်ဆောက်ဖို့အတွက်လို့ ပြောကြတယ်”

“အကြောင်းပြချက်ကတော့ ဟုတ်သလိုလိုပါပဲ”

နားကြား၍ကောင်းသည်။ သို့သော် ထိုသတ်မှတ်ချက်ကြောင့် လယ်သမားများ ကိုယ့်သားသမီးကို ရောင်းချရသည့်အဆင့်သို့ ရောက်လာသည်။ တကယ့်ပြဿနာကြီးဖြစ်လာသည်။

“ဒါပေမယ့် အခွန်ငွေ့တော့ ကောက်သွားတယ်။ ဘာရေလှောင်ကန် ဘာတူးမြောင်းမှ မမြင်ရပါဘူး။ ရေစိုနေတဲ့မြေသားကိုတောင် မမြင်ရပါဘူး။ ဘာမှရှင်းလင်းချက်မပေးဘဲ ကျုပ်တို့ဆီက အခွန်ကောက်နေတာပါ”

“ဒါတင်မကသေးပါဘူး။ ကောင်တီအစိုးရ အရာရှိတွေက ကျုပ်တို့ကို လုပ်အားဆင့်ခေါ်ဖို့စီစဉ်နေတယ်လို့ ကြားပါတယ်။ ရေလှောင်ကန်တွေ တူးမြောင်းတွေတည်ဆောက်ဖို့ ကျောက်တုံးတွေသယ်ရမယ်တဲ့”

“ကျုပ်တို့က အခွန်ဆောင်ပြီးသားပါ။ ဘာလို့များ ရေလှောင်ကန်ဆောက်ဖို့ အလုပ်လုပ်ရဦးမှာလဲ။ အခွန်ငွေတွေက ဘယ်ရောက်သွားလဲ”

တစ်ယောက်တစ်ခွန်း ဝင်ပြောကြသည်။ သူတို့မျက်လုံးမှ ဒေါသရိပ်က တစ်ထပ်တည်းကျသည်။ သူတို့ရင်ထဲမှ နာကျည်းချက်များ ပွင့်အန်လာသည်။

လူထုနာကျည်းချက်။

“ခင်ဗျားတို့ကောင်တီတရားသူကြီး ရုံးထိုင်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်အချိန်ကစပြီး ဒီအခွန်တွေကောက်တာလဲ”

ဖုန်ချင်အန်း လေသံပျော့ပျော့ဖြင့်မေးသည်။

“လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး ရုံးထိုင်တာပါ။ အရင်တရားသူကြီးက ရာထူးတိုးသွားပါပြီ”

“အရင်တရားသူကြီးက သဘောကောင်းပါတယ်။ သူဘာလို့ ဆက်မလုပ်တော့တာလဲ”

“ဟုတ်ပါတယ်။ သူသာရှိနေရင် ကျုပ်တို့အခွန်ငွေကို လျှော့ပေးလောက်တယ်”

လယ်သမားများ အချင်းချင်းပြောဆို ဆွေးနွေးနေကြပြန်သည်။ ရာထူးတိုးသွားသည့် ယခင်ကောင်တီတရားသူကြီးကို တောင့်တကြသည်။

နှိုင်းယှဉ်ကြည့်ရုံဖြင့် ကွဲပြားချက်က ထင်ရှားနေသည်။ ဆုံးရှုံးသွားပြီးမှ အတိတ်ကကောင်းကွက်များ ပိုထင်ရှားလာသည်။ သူတို့သည် လယ်သမားများသာဖြစ်သည်။ သူတို့လယ်မြေအတွက်သာ စိတ်ပူကြသည်။

တရားသူကြီးအသစ်ရုံးထိုင်ပြီးနောက် ယခင်တရားသူကြီး၏ ကောင်းကွက်များကို နားလည်လာသည်။ စိတ်ထင်ရာ အခွန်မကောက်ခဲ့သည့်အဖြစ်ကို သဘောပေါက်လာသည်။

သို့သော် ဝမ်းနည်းနေလည်း အကျိုးမရှိ။ ရာထူးတိုးသွားသည့် တရားသူကြီးသည် ပင်ဝူကောင်တီသို့ ပြန်လာတော့မည်မဟုတ်။

“ဒီကုန်သွယ်ခွန်တွေ မြောင်းခွန် ရေခွန်တွေအတွက် ခင်ဗျားတို့ကောင်တီတရားသူကြီးက ဘယ်လောက်စီ ကောက်ခံသလဲ။ ပြောပြပါဦး”

“ကုန်သွယ်ခွန်က သီးနှံစုစုပေါင်းရဲ့ တစ်ဝက်ကောက်ပါတယ်။ မြောင်းခွန် ရေခွန်က လူတစ်ဦးကို ငွေနှစ်တုံးဆီ ကောက်ခံပါတယ်။ မွေးကင်းစကလေးကစလို့ အခွန်ဆောင်ရပါတယ်”

“ငွေနှစ်တုံး...။ များလှချည်လား”

ဆင်းရဲသည့်ဘဝမှ လာသူဖြစ်၍ သာမန်လယ်သမားမိသားစုအတွက် ငွေနှစ်တုံး မည်မျှတန်ဖိုးရှိသည်ကို ဖုန်ချင်အန်း နားလည်သည်။

ပြည်နယ်မြို့တော်တွင် ငွေနှစ်တုံးသည် တစ်နပ်စာအတွက်ပင် မလုံလောက်သော်လည်း ကျေးလက်မြို့ရွာများတွင် မိသားစုငါးယောက်စာ ကောင်းကောင်းစားလောက်သည်။

ပိုဆိုးသည်က ထိုအပိုဆောင်းအခွန်များကို မိသားစုတစ်ခုချင်းစီ ကောက်ခံခြင်းမဟုတ်။ လူတစ်ဦးစီ ကောက်ခံခြင်းဖြစ်သည်။ ထို့ကြောင့် သားသမီးများသည့် ပုံမှန်မိသားစုတစ်ခုအတွက် ပျမ်းမျှ ငွေဆယ်တုံး အခွန်ဆောင်ရမည်။ ထိုထက် သားသမီးပိုများလျှင် အခွန်ပမာဏ တိုးလာမည်။ ထို့ကြောင့်လည်း ကိုယ့်သားသမီးများကို ရောင်းရသည့်အခြေအနေ ရောက်လာခြင်းဖြစ်သည်။

All Chapters