← Chapters

ချီတက်ခြင်း (၂)

Vol. 18 Ch. 257

ချီတက်ခြင်း (၂)

Vol. 18 Ch. 257

ရှိသမျှပစ္စည်းပေါင်နှံလျှင်ပင် သူတို့မတတ်နိုင်ကြ။ အခွန်ရှောင်၍မရ။ ထို့ကြောင့် မိသားစုအရေအတွက်ကိုသာ လျှော့ချရန် ဆုံးဖြတ်ကြရသည်။

ထိုအခွန်များဆောင်ခိုင်းသည့် တရားသူကြီးသည် သားရဲတိရစ္ဆာန်နှင့်မခြား။

“ဟုတ်ပါတယ်။ အခွန်ငွေက မြင့်လွန်းပါတယ်။ ကျုပ်တို့သားသမီးတွေ ရောင်းတာတောင် အခွန်ငွေဆောင်ဖို့ မတတ်နိုင်ကြပါဘူး”

အဘိုးအို မျက်ရည်လည်ရွဲဖြင့်ပြောသည်။

“စိတ်မပူပါနဲ့အဘိုး၊ ကောင်တီအစိုးရရုံးတော်ကိုသွားပြီး ခင်ဗျားတို့တရားသူကြီးနဲ့ ကျုပ်ဆွေးနွေးလိုက်ပါ့မယ်။ အဲဒီအခွန်တွေကို ဖျက်သိမ်းပေးနိုင်မှာပါ”

ဖုန်ချင်အန်း ပြုံး၍နှစ်သိမ့်လိုက်သည်.

“သခင်လေး၊ ကောင်တီတရားသူကြီးကို အခွန်ငွေဖျက်သိမ်းပေးဖို့ တကယ်ဖျောင်းဖျလို့ရပါ့မလား”

လယ်သမားတစ်ယောက်က မယုံမရဲဖြစ်မေးသည်။ ပျော်နေသော်လည်း ရုတ်တရက် အပြည့်အဝမယုံရဲသေး။

“ရမရဆိုတာ နှစ်ရက်သုံးရက်နေရင် သိရမှာပါ။ ခင်ဗျားတို့ကလေးတွေကိုခေါ်ပြီး အိမ်ပြန်ကြပါ။ အခွန်ငွေ ဖျက်သိမ်းပြီးရင်တော့ ကလေးတွေကို ကောင်းကောင်းပြုစုပျိုးထောင်ကြပါ”

“ကျေးဇူးကြီးလှပါတယ် သခင်လေး”

“သခင်လေးကို အားလုံးဦးညွှတ်အရိုအသေးပေးကြပါ”

သံသယမကင်းသေးသော်လည်း လယ်သမားများ ဘာမှဆက်ပြောစရာမရှိတော့။ သုံးလေးရက် စောင့်ကြည့်ရုံသာရှိသည်။ ဦးညွှတ်အရိုအသေပြုကြပြီးနောက် ဖုန်ချင်အန်းတို့အဖွဲ့ ဖြတ်သွားနိုင်စေရန် လမ်းဖယ်ပေးသည်။

“သခင်လေး၊ သောက်သုံးမကျတဲ့ အဲဒီကောင်တီတရားသူကြီးနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ အခုချက်ချင်း ကောင်တီရုံးတော်ကို သွားကြမလား”

လယ်သမားများနှင့် ဝေးလာပြီးနောက် ကျိုးယိယန်က မေးသည်။ သူနေ့တိုင်းမြင်နေရသည့် သာမန်လူတို့ဘဝ မည်မျှခက်ခဲကြောင်း သူနားလည်လာသည်။

“မသွားသေးဘူး။ အနီးအနားကရွာတွေဆီ ကျုပ်ကို အရင်ခေါ်သွားပေးပါ။ အခြေအနေမှန်ကို ကျုပ်ကြည့်ချင်တယ်”

“ဟုတ်ကဲ့ပါ သခင်လေး”

ယခု ကျိုးယိယန် ဖုန်ချင်အန်း၏လမ်းပြအဖြစ် လိုလိုလားလားလုပ်ဆောင်ပေးရန် ဆုံးဖြတ်လိုက်သည်။

သာမန်လူတို့ဒုက္ခကို သူသတိမပြုမိခဲ့။ ယခုလက်တွေ့မြင်ရသည်။ သူအတော် စိတ်မကောင်းဖြစ်မိသည်။

သူ့မိသားစုသည် ဤနယ်မြေတွင် ဩဇာညောင်းသည့် မိသားစုဖြစ်သည်။ သို့သော် မည်မျှဩဇာညောင်းသည်ဖြစ်စေ အစိုးရအခွန်ကိစ္စကို ဝင်စွက်ခွင့်မရှိ။ မတရားအခွန်များ သူတို့မိသားစုထံ လာမကောက်ခံဖို့သာ တားဆီးနိုင်သည်။ ထို့ကြောင့် ဖုန်သခင်လေး ထိုအခွန်ငွေကိစ္စကို ဖျက်သိမ်းပေးနိုင်ဖို့သာ သူဆုတောင်းနေသည်။

ထိုနေ့မှာပင် ပင်ဝူကောင်တီထဲမှာ တစ်ခြားရွာများသို့ ဖုန်ချင်အန်းတို့အဖွဲ့ လှည့်လည်စစ်ဆေးသည်။ ရွာသားများထံ စနည်းနာသည်။ ဒေသခံ ကျိုးသခင်လေးလည်း အတူပါလာသဖြင့် စုံစမ်းမေးမြန်းရာတွင် ချောမွေ့သည်။

“သောက်ရေးမပါတဲ့ အရာရှိ။ တကယ်သောက်သုံးမကျတဲ့ကောင်ပဲ”

“သူသေသင့်တယ်”

အခြေအနေကို အကြမ်းဖျင်းနားလည်ပြီးနောက် ဖုန်ချင်အန်း၏ အဖွဲ့သားအားလုံး ဒေါသထွက်လာသည်။ ကျိန်ဆဲကြသည်။ နှစ်နှစ်ရာသက်တမ်းရှိသည့် အိမ်ထိန်းကျောက်ပင် လက်ထဲမှ ရေမီးတုတ်တံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ကောင်တီတရားသူကြီးသည် ထိုအခွန်ငွေများကောက်ခံရုံမျှဖြင့် ရပ်မည်မဟုတ်ကြောင်း ဖုန်ချင်အန်း ခန့်မှန်းမိသည်။ လူအများစုက လယ်သမားများဖြစ်သော်လည်း တစ်ခြားလုပ်ငန်းလုပ်ကိုင်သူများလည်း ရှိသေးသည်။

တောင်တန်းပေါ် ထင်းခုတ်သည့် ထင်းခုတ်သမားက ထင်းခွန်ဆောင်ရသည်။ ရေထဲတွင်လုပ်စားသည့် တံငါသည်များက ငါးခွန်ဆောင်ရသည်။ သစ်သီးခြံလုပ်ငန်းလုပ်သူများက သစ်သီးခွန်ဆောင်ရသည်။ ဝိုင်ချက်သူများက ဝိုင်ခွန်ဆောင်ရသည်။ ဈေးဆိုင်ဖွင့်သူများက ဈေးခွန်ဆောင်ရသည်။ မိသားစုများကို ဆက်လက်ရှင်သန်ခွင့် လုံးဝမပေးသည့် မတန်တဆတောင်းသည့်အခွန်ကိစ္စကို ဖုန်ချင်အန်း လက်တွေ့မြင်လာရသည်။

ဒေသခံလူများအား အသုံးချနေသည့်အဖြစ်ကို ဒေါသထွက်သော်လည်း လက်တွေ့လှုပ်ရှားဖို့က ဖုန်ချင်အန်းအပေါ်တွင်သာ မူတည်သည်။ သိုင်းသမားတို့၏ဦးနှောက်အတွေးက အတော်ရှင်းလင်းသည်။ လတ်တလောဒေါသကြောင့် ဆင်ခြင်ဉာဏ် ကင်းမဲ့သွားခြင်းမရှိ။

ကောင်တီတရားသူကြီး ဒေါသခံများကို အသုံးချနေသော်လည်း အပြင်လူတစ်ယောက်က သူ့ကိုသွားစိန်ခေါ်လျှင် အစိုးရအာဏာကို စိန်ခေါ်ရာရောက်သည်။ တာ့ကျင်းဥပဒေကို ချိုးဖောက်ရာရောက်သည်။ ဓာတ်နှောအဆင့်သိုင်းသမားများသည်ပင် အမဲလိုက်ခံရမည်။

“ခင်ဗျားတို့ အသက်အရွယ်နဲ့ဆို မောက်မာထောင်လွှားပြီး ထိန်းမနိုင်သိမ်းမရဆိုးသွမ်းတဲ့ သခင်လေးတွေအများကြီး ကြုံခဲ့ဖူးကြတယ်မဟုတ်လား”

ဒေါသထွက်နေသည့် သိုင်းသမားများကို ဖုန်ချင်အန်း ပြုံး၍မေးလိုက်သည်။

“ဟုတ်ကဲ့ မြင်ဖူးပါတယ် သခင်လေး။ သခင်လေးက ဘယ်လိုစီစဉ်ထားလဲ”

အိမ်ထိန်းကျောက်က မျှော်လင့်ရိပ်သန်းနေသည့်မျက်နှာဖြင့် မေးသည်။

“ကျုပ်အကို နန်းတွင်းစာမေးပွဲမှာ ပထမရတုန်းက အစားအသောက်အတွက် စိတ်ပူစရာမလိုတဲ့ အရာရှိငယ်လေးဖြစ်ချင်တယ်လို့ ကျုပ်ပြောခဲ့ဖူးတယ်။ ကျုပ်စကားကြားတော့ ကျုပ်မိဘတွေနဲ့ ကျုပ်ဆရာက ကျုပ်ကို ဆူပူကြိမ်းမောင်းခဲ့တယ်။ ကျုပ်စိတ်ကူးလည်း ပျက်စီးသွားတယ်။ ဒါပေမယ့် ဒီနေ့ကျတော့ အဲဒီ့စိတ်ကူးမျိုး ရုတ်တရက် ပြန်ပေါ်လာတယ်။ အရာရှိငယ်ဖြစ်ချင်လာတယ်။ ကျေးလက်တောရွာမှာ ပြဿနာရှာတာက သိပ်ပြဿနာမရှိပါဘူး။ ကောင်တီရုံးတော်မှာ ကျုပ်ပွဲကြမ်းချင်တယ်။ ခင်ဗျားတို့ ကျုပ်ရဲ့သစ္စာခံစစ်သည်တွေအဖြစ် တာဝန်ထမ်းဆောင်ချင်သလား”

ဖုန်ချင်အန်း ဖြေးဖြေးချင်း ဆက်ပြောသည်။ အစက ထိုပြဿနာကို သိပ်အလေးမထားခဲ့။ စကားဖြင့် ဖျောင်းဖျဖို့ စိတ်ကူးခဲ့သည်။ သို့သော် လက်တွေ့အခြေအနေကို နားလည်လာပြီးနောက် ဆိုးသွမ်းသည့် သခင်လေးအဖြစ် တစ်ကြိမ်လောက် လုပ်ဆောင်သင့်သည်ဟု သူခံစားရသည်။

“သခင်လေးဆန္ဒအတိုင်း ကျုပ်တို့လုပ်ပါ့မယ်။ မငြင်းဆန်ရဲပါဘူး”

အိမ်ထိန်းကျောက်က ပြုံးလျက် ဦးညွှတ်အရိုအသေပြုလိုက်သည်။ တစ်ခြားသိုင်းသမားများလဲ လက်သီးလက်ဝါးများကို ပွတ်နေကြသည်။ သူတို့မျက်နှာတွင် စိတ်အားတက်ကြွသည့်အမူအရာများ ပေါ်နေသည်။

“သခင်လေးအတွက် လှုပ်ရှားပေးခွင့်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ”

“ကျုပ်က လူတွေကို ရိုက်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်သခင်လေး။ ကောင်တီရုံးကိုရောက်တဲ့အခါ အားမနာတမ်းသာ အမိန့်ပေးပါ”

“ကျုပ်လည်း သခင်လေးရဲ့ သစ္စာခံစစ်သည်ဖြစ်ချင်ပါတယ်”

ကျိုးသခင်လေးမျက်လုံးတွင်လည်း စိတ်အားတက်ကြွသည့် အမူအရာများ ပေါ်လာသည်။ ကောင်တီရုံးတော်ကို ဝင်စီးဖို့ဆိုသည်မှာ သူ့အတွက် စိတ်ပင်မကူးရဲသည့်အလုပ်ဖြစ်သည်။ ပုန်ကန်သည့်သဘောဖြစ်သွားမည်။ သို့သော် သူ့ရှေ့မှ သခင်လေးကတော့ ချွင်းချက်ဖြစ်သည်။

“ကောင်းပြီ၊ ဒါဆိုခင်ဗျား ဘာတွေစောင့်နေသေးတာလဲ။ ခင်ဗျားရဲ့အိမ်တော်ဆီ ကျုပ်ကိုခေါ်သွားပေးပါ။ အားလုံးအတွက် မြင်းကောင်းတစ်ကောင်စီ စီစဉ်ပါ။ ခိုင်ခံ့တဲ့ဝတ်ရုံတွေ လဲဝတ်ပါ။ စစ်သည်ဟာ စစ်သည်ပုံမျိုးဖြစ်နေရမယ်”

“ဟုတ်ကဲ့သခင်လေး”

ကျိုးမိသားစုအိမ်တော်သည် ကောင်တီမြို့ထဲတွင် မဟုတ်။ မြို့ပြင်မှ တောင်ကုန်းငယ်အတော်များများကို လွှမ်းခြုံတည်ဆောက်ထားသည့် အိမ်တော်ကြီးတစ်ခုဖြစ်သည်။ အိမ်ထဲသို့ ဝင်သည်နှင့် သပ်ရပ်သန့်ရှင်းစွာဝတ်ဆင်ထားသည့် ကလေးများ သူတို့အနားမှ ရယ်မောအော်ဟစ်ရင်း ဖြတ်ပြေးသွားသည်။ အစေခံများက အော်ဟစ်မာန်မဲလျက် ထိုကလေးများနောက်မှ လိုက်လာသည်။

“သခင်လေး”

ကျိုးယိယန်ကိုမြင်သည်နှင့် အစေခံများ ခြေလှမ်းရပ်၍ လေးလေးစားစားနှုတ်ဆက်ကြသည်။

“င့ါကို အရေးစိုက်စရာမလိုဘူး။ ဟိုခွေးသူတောင်းစားလေးတွေကိုပဲ ကြည့်ထိန်းထား။ ပြဿနာမရှာစေနဲ့။ ထိခိုက်ဒဏ်ရာမရစေနဲ့”

ကျိုးယိယန် လက်ကိုဝှေ့ယမ်းပြလိုက်သည်။ အစေခံများက ကလေးများနောက်သို့ ဆက်လိုက်သွားသည်။

“ဒါ ခင်ဗျားတို့မိသားစုက ကလေးတွေလား၊ ကျိုးမိသားစုက တကယ်စည်ကားတာပဲ”

သိုင်းသမားတစ်ယောက်က မျက်စိတစ်ဆုံးကျယ်ပြန့်သည့် အိမ်တော်ဝင်းနှင့် နေရာတိုင်းတွင် ပျော်ရွှင်စွာကစားနေသည့် ကလေးများကိုကြည့်၍ တအံ့တဩ မှတ်ချက်ပေးသည်။

“အဲလိုမဟုတ်ပါဘူး။ ဒီကလေးတွေကို ဘေးအနီးအနား ရွာကလူတွေ ပို့ထားတာပါ။ ကျုပ်အဖေ ဘယ်လောက်စွမ်းဆောင်ရည်ကောင်းကောင်း ဒီလောက်သားသမီးအများကြီး ဘယ်မွေးနိုင်ပါ့မလဲ’

ကျိုးယိယန်က ရှင်းပြသည်။

“လယ်သမားတွေ ရောင်းစားတဲ့ ကလေးတွေကို ခင်ဗျားတို့မိသားစုက ဒီလိုပြုစုပျိုးထောင်ပေးတဘ်ပေါ့”

အိမ်ထိန်းကျောက်ကလည်း တအံ့တဩမေးသည်။

“ဟား၊ ဒါတွေက အငယ်ပိုင်းတွေပဲရှိသေးတယ်။ အသက်နည်းနည်းကြီးတဲ့ ကလေးတွေအတွက် အဖေက ကိုယ်ပိုင်ကျောင်းက ဆရာတစ်ယောက်နဲ့ သိုင်းဆရာတစ်ယောက် စီစဉ်ပေးထားတယ်။ စာပေကိုလေ့လာမလား သိုင်းပညာလေ့လာမလားဆိုတာ သူတို့အပေါ်ပဲ မူတည်တယ်”

ကျိုးယိယန်က ပုံမှန်လေသံဖြင့် ပြန်ဖြေသည်။

“ခင်ဗျားတို့မိသားစုက မိဘမဲ့ဂေဟာလို ဖွင့်ထားတာလား။ ဒီလောက်လူတွေအများကြီးကို ကျွေးမွးထောက်ပံ့နိုင်ရဲ့လား”

သိုင်းသမားတစ်‌ယောက်က စပ်စုပြန်သည်။

“အင်း..ဒါက အဲလောက်ပြဿနာမရှိပါဘူး။ ကလေးတွေအများကြီးရှိနေတယ်လို့ ခင်ဗျားတွေးကောင်းတွေးလိမ့်မယ်။ ဒါပေမယ့် ကလေးတစ်ဒါဇင်စားသောက်တာက သိုင်းသမားတစ်ယောက်စာတောင်မရှိပါဘူး။ အဲလောက် ငွေသိပ်မကုန်ဘူး”

ကျိုးယိယန်က ရှင်းပြသည်။

“တကယ်တော့ ကျုပ်အဖေက သူတု့ကို အမြဲတမ်း ထောက်ပံ့ထားဖို့ မရည်ရွယ်ပါဘူး။ အဖေ ကျုပ်ကိုပြောတယ်။ သူတို့မိဘတွေ အခက်အခဲတွေဖြတ်ကျော်ပြီး သူတို့သားသမီးကို ပြန်ခေါ်ချင်ရင် ခေါ်သွားခွင့်ပေးမယ်တဲ့”

“ကျိုးယိယန်”

ကျိုးအိမ်တော်အတွင်း လမ်းလျှောက်၍ ကစားနေသည့်ကလေးများကိုကြည့်ရင်း ဖုန်ချင်အန်း လှမ်းခေါ်လိုက်သည်။

“ဟုတ်ကဲ့သခင်လေး၊ ဘာအလိုရှိလို့လဲ’

“ဖမ်းလိုက်”

ဖုန်ချင်အန်း လက်တစ်ဘက်ဝှေ့ယမ်းလိုက်သည်။ စားအုပ်ငယ်နှစ်အုပ် ကျိုးယိယန်လက်ထဲသို့ ရောက်သွားသည်။ ကျိုးယိယန်က ဖတ်ကြည့်သည်။ “ယွင်လန်လျှို့ဝှက်ကျမ်း” ဒုတိယပိုင်းနှင့် တတိယပိုင်း မိတ္တူများဖြစ်သည်။

“စာအုပ်က သုံးပိုင်းရှိတာပေါ့”

ကျိုးယိယန် အံ့အားသင့်သွားသည်။ လူ့စိတ်သဘော ရှုပ်ထွေးဆန်းပြားမှုကို သူနားလည်လာသည်။ သို့သော် တွေးရလည်းခက်နေသည်။

“သခင်လေး ကျုပ်ကိုဘာလို့ ဆုချီးမြှင့်နေတာလဲ”

“ခင်ဗျားက ထိုက်တန်လို့ပေါ့”

All Chapters