← Chapters

အရေးမစိုက်

Vol. 18 Ch. 259

အရေးမစိုက်

Vol. 18 Ch. 259

အားလုံးစောင့်မျှော်နေစဉ်မှာပင် ဝက်သတ်သည့်အချိန်ပေါ်လာသည့် အော်သံကဲ့သို့ ဒေါသတကြီးအော်သံ ကြုံးဝါးသံ တောင်းပန်တိုးလျိုးနေသံများ ပေါ်လာသည်။ ထို့နောက် မျက်နှာတစ်ခုလုံး ဖူးရောင်စုတ်ပြတ်နေသည့် လူတစ်ယောက်ကို ကောင်တီရုံးထဲမှ ဆွဲထုတ်လာကြသည်။

“ဟာ”

ထိုလူကိုမြင်သည်နှင့် အားလုံးအံ့ဩသွားကြသည်။ အပြာရောင် အရာရှိဝတ်စုံကို ချက်ချင်းမှတ်မိကြသည်။ သို့သော်ယခု ထိုဝတ်စုံသည် ဩဇာမရှိတော့။ လှောင်ရယ်စရာဝတ်စုံဖြစ်နေသည်။

“အဲဒါ ကောင်တီတရားသူကြီးမဟုတ်လား”

“ဘာတရားသူကြီးလဲ...ထွီ...အဲဒီကောင်ပုံစံကို ကြည့်လိုက်ဦး။ အသတ်ခံရတော့မယ့်ဝက်လို ဖြစ်နေပြီလေ”

“ဟုတ်တယ်ကွ။ သူက ဝက်နဲ့တကယ်တူနေပြီ”

လူအုပ်ထဲတွင် ရယ်မောသံများ လွင့်ပျံလာသည်။လာသည်။ နှစ်နှစ်ကြာအောင် နှိပ်စက်ခဲ့သည့် ကောင်တီတရားသူကြီးကို ယခုပုံစံမျိုး မြင်ရသဖြင့် အတော်များများ ကျိတ်ပျော်နေကြသည်။ လက်ခုပ်တီး၍ အားပေးကြသည်။ သို့သော် စိုးရိမ်နေသူတစ်ချို့လည်းရှိသည်။

“ဒီလူ့နောက်ခံကဘာလဲ။ ကောင်တီတရားသူကြီးကို ဒီလိုလုပ်ရင် သူဇာတ်သိမ်းကောင်းမှာမဟုတ်ဘူး”

“ဘာတွေစိုးရိမ်နေတာလဲ။ ကျိုးသခင်လေးတောင် ဒီလူ့အတွက် အလုပ်လုပ်ပေးနေတာပဲ။ ကောင်တီတရားသူကြီးကို သူဘာလို့အရေးစိုက်နေမှာလဲ။ သူက အဆင့်မြင့်မိသားစုတစ်ခုခုက သခင်တစ်ယောက် ဖြစ်မှာပေါ့”

ပွဲကြည့်ပရိတ်သတ်များကြားတွင် တစ်ချို့က ပျော်ကြသည်။ တစ်ချို့က စိုးရိမ်ကြသည်။ တစ်ချို့က ပြဿနာကြီးတစ်ခု ဖြစ်လာတော့မည်ဟု ယူဆကြသဖြင့် ဓားခုတ်ရာလက်ဝင်လျှိုသလိုမဖြစ်အောင် အမြန်ထွက်သွားကြသည်။

“မင်းဘယ်သူလဲ”

ကြိုးတုပ်၍ ဆွဲခေါ်ခံလာရသည့် တရားသူကြီးက ဖုန်ချင်အန်းကို မေးသည်။ လူအုပ်ကြီးက သူ့အကြောင်းအတင်းပြော၍ လှောင်ပြောင်နေကြသဖြင့် အရှက်ကြီးရှက်ကာ မျက်နှာတစ်ခုလုံး နီရဲနေသည်။

သူသည် အဆင့်ခုနစ် ကောင်တီတရားသူကြီးဖြစ်သည်။ ထိပ်တန်းအရာရှိဖြစ်သည်။ အဆင့်နိမ့်ပြည်သူများရှေ့တွင် ထိုသို့အရှက်ခွဲခံရမည်ထင်မထား။ သူအရှက်ကွဲသည်ကိုပင် လူများက လှောင်ပြောင်ရယ်မောနေကြသေးသည်။

ယခုအဖြစ်ဆိုး ကျော်လွန်သွားလျှင် ထိုအောက်တန်းစားများကို သူပြန်လက်စားချေမည်။ ရုံးတော်အာဏာဖြင့် သင်ခန်းစာပေးမည်။

သို့သော်ယခု ထိုပြည်သူများက အရေးမကြီး။ သေးကျဉ်းသည့် သူ့မျက်လုံးများက မြင်းတစ်ကောင်ပေါ်ထိုင်နေသည့် ဝတ်ရုံဖြူလူငယ်ကိုသာ စိုက်ကြည့်နေသည်။ ထိုမျက်နှာကို နည်းနည်းရင်းနှီးနေသလို သူခံစားရသည်။ တစ်နေရာရာတွင် မြင်ခဲ့ဖူးသလိုလိုရှိသည်။ သို့သော် စဉ်းစားမရ။

“ခင်ဗျားက ပင်ဝူကောင်တီတရားသူကြီးလား”

ဖုန်ချင်အန်းက မြင်းပေါ်မှအေးစက်စက်စိုက်ကြည့်၍ ပြန်မေးသည်။

“ဟုတ်ပါတယ် ဆရာ၊ ကျုပ်တို့ချင်း အရင်က တစ်ခါမှမတွေ့ဖူးပါဘူး။ နားလည်မှုလွဲတာတစ်ခုခု ရှိနေပြီထင်တယ်။ ဆရာက ရုံးတော်ကို စိန်ခေါ်ပြီး တာ့ကျင်းဥပဒေကို မထေမဲ့မြင်လုပ်နေတာပဲ။ ဒါဟာ ပုန်ကန်မှုပါ။ ကျုပ်ကိုချက်ချင်းလွှတ်ပေးဖို့ ဆရာ့လူတွေကို အမိန့်ပေးပါ”

ကောင်တီတရားသူကြီးက ပြုံး၍ပြောသည်။ နှစ်နှစ်ကြာအောင် ဝိုင်နှင့်မိန်းမများနှင့် အချိန်ကုန်ခဲ့သဖြင့် သူလေ့လာဖူးသည့်စာပေများ မေ့လျော့နေသည်။ သို့သော် ထိုလူငယ်မျက်နှာကို သူမြင်ဖူးသည်။ တစ်နေရာရာတွင် မြင်ဖူးသည်။ သူစော်ကား၍မရသည့် အဆင့်မြင့်ပုဂ္ဂိုလ်မှန်းသိသည်။

“ကောင်းပြီလေ၊ သူ့ကို ကြိုးနဲ့ဆွဲထားလိုက်”

ဖုန်ချင်အန်းစကားကြောင့် ကောင်တီတရားသူကြီး ထိတ်လန့်တကြားအော်လိုက်သည်။ ကြမ်းတမ်းသည့် သိုင်းသမားနှစ်ယောက် မခိုးမခန့်ပြုံး၍ သူ့ဆီလျှောက်လာသည်။ ကြိုးတစ်ချောင်း ရုံးတော်ဂိတ်တံခါးထုပ်တန်းပေါ် ပစ်တင်၍ တရားသူကြီးကို လေထဲတွင် တွဲလောင်းဆွဲထားသည်။ ယခုပုံစံက ဝက်နှင့်ပိုတူသွားသည်

“ဆရာ၊ ဆရာ ကျုပ်ကိုချမ်းသာပေးပါ။ ကျုပ်မှားမှန်းသိပါပြီ။ ကျုပ်ကို ပြုပြင်ဖို့အခွင့်အရေးလေး ပေးပါဦး”

တရားသူကြီး ချက်ချင်းလေသံပြောင်းသွားသည်။ ရုံတော်ဂုဏ်သရေနှင့် ဥပဒေများအကြောင်း မပြောရဲတော့။ ထိုလူငယ်သည် ဘာကိုမှအရေးမစိုက်မှန်း သူသိသည်။

“ဪ ဟုတ်လား။ ဒါဆို ခင်ဗျားဘယ်နေရာမှာ မှားသွားတာလဲ”

ဖုန်ချင်အန်း လှောင်ပြုံးပြုံး၍ ပြန်မေးသည်။ မတရားအခွန်အခများကို ဤဝက်က သူ့ဘာသာ ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့သော် ကောင်တီရုံးတော်မှ တစ်ခြားရာရှိများလည်း ထိုစိတ်ကူးကို ကူညီအကောင်အထည် ဖော်ခဲ့ကြသည်။ တစ်ယောက်မကျန် ကိုင်တွယ်ရှင်းလင်းရမည်။

“ကျုပ်မှားသွားတာက..”

တရားသူကြီး ဘာဖြေရမည်မသိဖြစ်သွားသည်။ ယခုမှ ထိုလူငယ်နှင့် ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ သူမည်သည့်နေရာတွင် သွားစော်ကားမိသည်မသိ။

“ခင်ဗျားကကျုပ်ကို လှည့်စားဖို့ကြံနေတယ်ပေါ့။ အတော်ရဲတင်းတာပဲ”

ဖုန်ချင်အန်းမျက်လုံးများ ချက်ချင်းအေးစက်သွားသည်။ လက်ကိုမြှောက်လိုက်သည်။

“သူ့အရာရှိဝတ်စုံကို ချွတ်လိုက်။ ဝူချီလန်၊ ခင်ဗျား ကြာပွတ်ကောင်းကောင်းသုံးတတ်တယ်မဟုတ်လား။ သူ့အမှားသူနားလည်လအောင် ကူညီပေးလိုက်ပါဦး”

ဝူချီလန်ဟူသည့် နောက်လိုက်သိုင်းသမားမျက်နှာ ပြုံးရောင်သန်းလာသည်။ စိတ်အားတက်ကြွလာဟန်ရှိသည်။

သို့သော် ထိုအပြုံးသည် ကောင်တီတရားသူကြီးဖက်တီး၏မျက်လုံးထဲတွင် ကြောက်စရာဘီလူးအပြုံးမျိုးဖြစ်သည်။ သရဲသဘက်အပြုံးမျိုးဖြစ်သည်။ ဝူချီလန်လက်ထဲမှ သံမဏိကြာပွတ်ပေါ်တွင် ဆူးသီးလေးများလည်း ပါသည်။ ကောင်တီတရားသူကြီး လေထဲတွင် ကြောက်လန့်တကြားရုန်းကန်၍ အော်ဟစ်တောင်းပန်နေသည်။

“ဆရာ၊ မှားသွားပါတယ်။ ကျုပ်မှားသွားပါတယ်။ ကျုပ်ကိုချမ်းသာပေးပါ။ နောက်ထပ်မလုပ်တော့ပါဘူး”

“ခင်ဗျားဘယ်နေရာမှာမှားသွားတာလဲ”

“မသိဘူး။ ကျုပ်တကယ်မသိပါဘူး။ ဆရာကိုယ်တိုင်ပဲ ကျုပ်ကိုပြောပြပေးပါ။ ကျုပ်အမှားကိုပြင်ပါ့မယ်။ နောက်ထပ်လုံးဝမလုပ်တော့ပါဘူး”

“ဟား..”

ဖုန်ချင်အန်း အေးစက်စက်ပြုံးလျက် ဝူချီလန်ကို လှမ်းကြည့်လိုက်သည်။

“ဘာတွေစောင့်နေသေးတာလဲ”

"ရွှီး...”

“ဖြောင်း”

“အားးးးး”

အဆီလွန်ကဲ၍ ဖြူဖွေးနေသည့် ကျောကုန်းသားပေါ်အောင် တရားသူကြီး၏အင်္ကျီကို သိုင်းသမားတစ်ယောက် ဆုတ်ဖြဲထားပြီးဖြစ်သည်။ ကြာပွတ်သံက ကြက်သီးထစရာကောင်းသည့် အသံမျိုးဖြင့် လေထုကို ထိုးခွဲသွားသည်။ တရားသူကြီး၏ ပုခုံးပေါ်သို့ကျသည်။

ဖြူဖွေးနူးညံ့သည့်အသားစိုင်များ ချက်ချင်းဟက်တက်ကွဲသွားသည်။ သွေးများစိမ့်ထွက်လာသည်။ မချိမဆန့်အော်သံ လေထဲတွင် ပဲ့တင်ထပ်သွားသည်။

“ကောင်းတယ်”

“မှတ်စမ်းကွ”

“ဆက်ရိုက်ပါ၊ မရပ်နဲ့”

ပွဲကြည့်ပရိတ်သတ်များကလည်း ဝမ်းသာအားရ အော်ဟစ်အားပေးနေကြသည်။

ဝူချီလန် ကျေနပ်စွာ ပြုံးလိုက်သည်။ ကြာပွတ်သံ နောက်တစ်ချက်ပေါ်လာသည်။

“ဖြောင်း”

ကောင်တီတရားသူကြီးတစ်ယောက်ကို ကြာပွတ်ဖြင့်ရိုက်ရသည့် အရသာမျိုး တာ့ကျင်းသိုင်းသမားတိုင်း ကြုံခွင့်ရသည်မဟုတ်။ ယနေ့ ဝူချီလန် ကြုံခွင့်ရသည်။

ဒုတိယတစ်ချက်သာ ရိုက်ရသေးသည်။ ကောင်တီတရားသူကြီး ဝေဒနာကြောင့် သတိလစ်သွားသည်။ မျက်ခွံလန်သွားသည်။

“ဆက်ရိုက်ပါ”

ဖုန်ချင်အန်း ဝူချီလန်ကို ဆက်ရိုက်ရန် အချက်ပြသည်။ သူစီးနေသည့် စန်းမြောင်၏မျက်လုံးများ အစိမ်းရောင်သန်းလာသည်။ ကောင်တီတရားသူကြီး သတိပြန်လည်လာအောင် လှုပ်နှိုးသည်။ သို့မှသာ တရားသူကြီး ကြာပွတ်ဒဏ်ကို အပြည့်အဝခံစားရမည်။ သတိမေ့နေလျှင် ထိုသို့နာကျင်ခံစားရမည်မဟုတ်။ သက်ညှာလွန်းရာကျသည်။

“ဟုတ်ကဲ့”

“တစ်ခြားအရာရှိတွေကိုလည်း သွားဆွဲထုတ်ခဲ့ပါ”

ဖုန်ချင်အန်းအမိန့်ဖြင့် သိုင်းသမားများ ရုံးတော်ထဲ အတင်းဝင်သွားပြီး အရာရှိများကို ရိုက်နှက်ကန်ကျောက်၍ ဆွဲထုတ်လာပြန်သည်။

တရားသူကြီးပင် ထိုသို့ဆိုးဝါးနေလျှင် သူ့လက်အောက်ခံများလည်း လူကောင်းသူကောင်းရှိမည်မဟုတ်။ ရွှံနွံထဲမှ ကြာပေါက်နိုင်သော်လည်း ချီးပုံထဲတွင် ပိုးလောက်များသာ ရှိပေလိမ့်မည်။

“သခင်လေး၊ “မဆုံးမဘဲသတ်တယ်ဆိုတာ ရက်စက်မှုပဲ”လို့ ပညာရှိစကားရှိပါတယ်။ ကျုပ်တို့ကို အပြစ်ပေးချင်တယ်ဆိုရင်တောင် ဘယ်နေရာမှာ ကျုပ်တို့မှားသွားတယ်ဆိုတာတော့ အရင်ဆုံးပြောပြပါဦး”

နည်းနည်းသတ္တိကောင်းသည့် အရာရှိတစ်ယောက်က ဖုန်ချင်အန်းကို အော်ဟစ်၍ပြောသည်။

“မင်းတို့က သာမန်လူတွေကို ဖိနှိပ်ပြီး အခွန်တွေကောက်ခဲ့လို့ မိသားစုတွေ တကွဲတပြားဖြစ်ရတယ်။ သေကြေပျက်စီးရတယ်။ ဒါမင်းတို့ကျူးလွန်တဲ့ ပြစ်မှုပဲ”

ဖုန်ချင်အန်းက အသံတိတ်နေသည်။ ဘေးတွင်ရပ်နေသည့် အိမ်ထိန်းကျောက်က အေးစက်စက်လေသံဖြင့် ဝင်ပြောသည်။

“ဒါတရားမျှတမှုကို တလွဲအသုံးချနေတာပါ ဆရာ”

“ဒီကိစ္စ ကျုပ်တို့နဲ့ လုံးဝမပတ်သက်ပါဘူး”

သာမန်ပြည်သူများကို ဂရုစိုက်သည့် အဆင့်မြင့်အရာရှိတစ်ယောက် ပင်ဝူကောင်တီသို့ ရောက်လာသည်ဟု ရုံးတော်အရာရှိများ တစ်ယောက်တစ်မျိုး ဆင်ခြေဆင်လက်ပေး၍ တောင်းပန်နေကြလေသည်။

သူတို့သည် နောက်လိုက်များဖြစ်သည်။ အမိန့်အတိုင်းသာ လုပ်ရသည်။ တရားသူကြီးကဲ့သို့ ကြိုးဖြင့်ဆွဲ၍ ကြာပွတ်ဖြင့်ရိုက်ခံရလျှင် တရားမျှတမှုမရှိဟု ယူဆသည်။

“အားလုံးကို ကြိုးနဲ့ဆွဲလိုက်”

ဖုန်ချင်အန်း သူတို့ပြောသည့်ဆင်ခြေများကို ဆက်နားမထောင်ချက်တော့။

မြစ်သခင်သည် မိုးရေကိုလျှော့ချခဲ့သော်လည်း အလွန်အကြူးမလုပ်ခဲ့။ သို့သော် တစ်ချို့လူများက ထိုအခြေအနေကို အခွင့်ကောင်းယူ၍ သာမန်လူများထံမှ အခွန်တိုးကောက်သည်။ လယ်သမားများ အံကြိတ်၍တင်းခံကြသော်လည်း နောက်ဆုံးတွင် သားသမီးများကို ရောင်းရသည့်အခြေအနေရောက်လာသည်။

လှိုင်းမြစ်သခင်ကို သတ်ပစ်ဖို့လိုသည်။

သို့သော် လောဘကြီးပြီးအကျင့်ပျက်သည့် ထိုအရာရှိများကိုလည်း အလွတ်မပေးနိုင်။

အရင်လို ဖုန်မိသားစုမှ လူငယ်စာသင်သားတစ်ယောက်သာ ဖြစ်နေမည်ဆိုလျှင် ယခုကဲ့သို့ အကျင့်ပျက်အရာရှိများနှင့်ကြုံလျှင် ဘာမှလုပ်နိုင်မည်မဟုတ်။ အံတင်းတင်းကြိတ်၍ နောက်ကွယ်တွင် မကျေမနပ် ကျိန်ဆဲရုံသာ တတ်နိုင်မည်။ ယခု ပြည်နယ်အုပ်ချုပ်သူ(နတ်မင်းများ)၏ ထောက်ခံမှု ရထားသည်။ သရဲနိုင်ငံမှ တုန်ဟွမ်းလည်း ရှိနေသည်။ သူ့လက်ထဲတွင်လည်း စွမ်းအားရှိသည်။ ဘာမှကြောက်နေစရာ မကြောင်းမရှိ။

ယခု ကောင်တီတရားသူကြီးကို သူသတ်လိုက်လျှင် ဘာဖြစ်လာမည်နည်း။

တရားဝင်ခန့်အပ်ထားသည့် တရားသူကြီးကိုသတ်လိုက်သဖြင့် တာ့ကျင်းဥပ‌ဒေကို စိန်ခေါ်သူ ရာဇဝတ်သားအဖြစ် သတ်မှတ်မည်လား။ သို့မဟုတ် လိုအပ်ချက်အတိုင်း ဆောင်ရွက်ခဲ့သူဟု ချီးကျူးမည်လား။

All Chapters