ယင်နှင့်ယန်ကို သာယာခံစားခြင်း
Vol. 18 Ch. 260
စန္ဒကူးနံ့ ဖုန်ချင်အန်း နှာခေါင်းဝဆီ လွင့်ပျံလာသည်။ ဘေးသို့လှည့်ကြည့်လိုက်သည်။ လူအုပ်ကြားထဲတွင် မြင့်မားထင်ရှားသည့် သဏ္ဌာန်တစ်ခုကို တွေ့ရသည်။
ပင်ဝူကောင်တီနတ်ဘုရား ဖြစ်သည်။
“ကျုပ်တို့ဟာ သေမျိုးလောကရဲ့ကိစ္စတွေကို ဝင်စွက်ခွင့်မရှိပါဘူး။ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ”
ဖုန်ချင်အန်း လှည့်ကြည့်လာသည်ကို မြင်သဖြင့် ပင်ဝူကောင်တီနတ်ဘုရားက အခြေအနေလာကြည့်သည့် တစ်ခြားနတ်မင်းများနှင့်အတူ ဦးညွှတ်အရိုအသေပြုသည်။
“အင်း..”
ဖုန်ချင်အန်း ခေါင်းငြိမ့်လိုက်သည်။ နတ်မင်းအုပ်စုကို သူအရေးမစိုက်တော့။ လူသားများ ရှိခိုးပူဇောသည့် ထိုန်မင်းများသည် မကောင်းဆိုးဝါးဝိညာဉ်များ သရဲများကို ဖမ်းဆီးနိုင်ကြသည်။ သို့သော် လူသားများအပေါ် သူတို့စွမ်းအားဖြင့် မလွှမ်းမိုးနိုင်ကြ။
အကောက်ခွန်ကိစ္စသည် သူတို့နှင့်မဆိုင်။ ဘေးကြည့်ပရိတ်သတ်အဖြစ်သာ နေရသည်။
“ဖြောင်း”
ကောင်တီရုံးတော်အရာရှိအားလုံး တရားသူကြီးနှင့်အတူ ဂိတ်တံခါးထုပ်တန်းတွင် ကြိုးဖြင့်ဆွဲထားခံရသည်။ ကြာပွတ်သမားဝူချီလန်ကလည်းမညှာ။ အေးစက်စက်သွားဖြဲပြုံး၍ ဆက်တိုက်ရိုက်သည်။ နာကျင်စွာအော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။ ထိုအကျင့်ပျက်အရာရှိများကို သူလုံးဝမသနား။
ဖုန်ချင်အန်း အိမ်ထိန်းကျောက်ကိုလှည့်ကြည့်သည်။
“ရုံးတော်က သတ်မှတ်ထားတဲ့ ပုံမှန်မြေခွန်နဲ့ လူခွန်တွေကလွဲလို့ ကျန်တဲ့အပိုခွန်တွေအားလုံး ဒီနေ့ကစလို့ ဖျက်သိမ်းရမယ်လို့ သူတို့ကိုပြောလိုက်ပါ”
“ဟုတ်ကဲ့”
“ကျိုးယိယန်”
“အမိန့်ရှိပါ သခင်လေး”
“ခင်ဗျားတို့ ကျိုးမိသားစုက စာရင်းကိုင်တွေအားလုံးခေါ်ပြီး ကောင်တီရုံးကကောက်ထားတဲ့ အခွန်ငွေတွေကို တွက်ချက်ပေးပါ”
“သခင်လေးက...”
“ဒါတွေက သာမန်ပြည်သူတွေရဲ့ ချွေးနဲစာပဲ။ ဒီဝက်က မညှာမတာ တောင်းယူထားတာ။ လူတွေကို ဆက်ပြီးမရပ်တည်နိုင်အောင်လုပ်တယ်။ ဒီငွေတွေကို ပြည်သူတွေဆီ ပြန်မပေးရင် သူတို့ရှေ့လျှောက် ဘယ်လိုရပ်တည်မှာလဲ”
“ဒီကိစ္စက ညတွင်းချင်းတော့ မပြီးလောက်ဘူးသခင်လေး”
ဖုန်ချင်အန်းအတွေးကို ကျိုးယိယန် သဘောကျသော်လည်း နည်းနည်းအခက်တွေ့နေသည်။ နားလည်အောင် ရှင်းပြချင်သည်။ သို့သော် မည်သို့ စပြောရမှန်းမသိ။ လူ့စရိုက်ကို ဖုန်ချင်အန်း ကောင်းကောင်းမြင်ဖူးသေးပုံမပေါ။
အရာရှိများ မတရားကောက်ယူထားသည့် ရွှေငွေများကို ပြည်သူများဆီ ပြန်ပေးခြင်းသည် တကယ်ကောင်းပါသည်။ သို့သော် မျှမျှတတ ပုံမှန်အတိုင်း ပြန်ပေးနိုင်ဖို့ ခက်ခဲသည်။
အရာရှိများက မတရားကောက်ထားသည့် အခွန်များအတွက် စာရင်းပြုစုထားခြင်းမရှိ။ တစ်မိသားစုချင်းစီ ပြန်ပေးလိုလျှင် ပမာဏမည်မျှသတ်မှတ်မည်နည်း။ မိသားစုတစ်ခုချင်းစီ သွားမေးပြီး ပြန်ပေးရမည်လား။ ထိုသို့လုပ်လျှင် မိသားစုအားလုံး ငွေမရသေးမီ ကောင်တီရတနာတိုက်တစ်ဝက်ကျော် ကုန်သွားပေလိမ့်မည်။
“ဒါဆို အချိန်ပိုယူပေါ့”
ဖုန်ချင်အန်း ပြုံးလိုက်သည်။ ထို့နောက် သူ့မျက်နှာ နည်းနည်းအေးစက်စက်ဖြစ်လာသည်။
“ပြဿနာတစ်ခုခုရှိရင် ကျုပ်ကိုပြောပါ။ တကယ်ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုရင် လူတစ်ယောက်ကို နမူနာအနေနဲ့သတ်ပြလိုက်လို့ရပါတယ်”
“ကျုပ်တို့ ကျိုးမိသားစုစာရင်းကိုင်တွေက ငွေကြေးတွက်ချက်တာတော့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဆောင်ထားရတဲ့ အခွန်ငွေကို အတိအကျ ဘယ်လိုပြန်ပေးမှာလဲ။ သူတို့အပြောနဲ့တော့ ပြန်ပေးလို့မဖြစ်ဘူး”
“ဒီကိစ္စကိုတော့ ကျုပ်တို့ကူညီပေးနိုင်ပါတယ်”
စန္ဒကူးနံ့က ရုတ်တရက် ပို၍သင်းပျံ့လာသည်။ ကောင်တီနတ်မင်းများ ရှေ့တိုးလာကြသည်။
“လူတွေပြောတဲ့စကား အမှန်ဟုတ်မဟုတ်ဆိုတာ ကျုပ်တို့ ခွဲခြားပေးနိုင်ပါတယ်”
“ဒါဆိုရင်တော့ ခင်ဗျားတို့ကိုပြ ဒုက္ခပေးရတော့မယ်”
နတ်မင်းများက စတင်ကမ်းလှမ်းလာသဖြင့် ဖုန်ချင်အန်း အတော်ကျေနပ်သွားသည်။ နတ်မင်းများသည် မုသားဟုတ်မဟုတ် ခွဲခြားနိုင်စွမ်းရှိကြသဖြင့် လူကောင်းကို ချီးမြှောက်၍ လူဆိုးကို အပြစ်ပေးနိုင်ကြသည်မှာ သဘာဝကျပါသည်။
လူအုပ်ကြီးထံမှ အသံဗလံများ ပို၍ဆူညံလာသည်။ အိမ်ထိန်းကျောက်က မတရားအခွန်ကိစ္စ ဖျက်သိမ်းကြောင်း ကြေညာလိုက်သောကြောင့်ဖြစ်သည်။
ကြားကြားချင်း မယုံကြည်ကြသေး။ ထို့နောက်တွင် အားလုံး ပျော်ရွှင်စွာ အော်ဟစ်နေကြလေသည်။ ကောင်တီတရားသူကြီးကိုပင် ကြိုးနှင့်ဆွဲထားပြီးဖြစ်သည်။ အခွန်ဖျက်သိမ်းသည့်ကိစ္စလည်း မဖြစ်နိုင်စရာ မရှိတော့။
ခံစားချက်မျိုးစုံ ပြည့်လျှံထွက်နေကြသဖြင့် လူအုပ်ကြီးထံမှ အော်ဟစ်ချီးကျူးသံများ ပေါ်လာသည်။ သို့သော် နည်းနည်းရဲတင်းသူများက ဖုန်ချင်အန်း၏နောက်ခံကို အိမ်ထိန်းကျောက်ထံမှ လာစုံစမ်းကြသည်။
“အဘိုး၊ အဘိုးတို့ရဲ့သခင်လေးက ဘယ်သူလဲ”
“ကျုပ်သခင်လေးရဲ့အကိုက နယ်စားတစ်ယောက်ပါ”
အိမ်ထိန်းက ဖုန်ချင်အန်း၏အကိုနာမည်ကို တမင်ချန်လှပ်၍ပြောသည်။ “နယ်စား”ဟူသည့် ရာထူးကို သိပ်မရင်းနှီးကြသဖြင့် ကြောာင်တောင်တောင်ဖြစ်သွားကြသည်။ နောက်ဆုံးတွင် နားလည်သူတစ်ယောက်က ပြန်ရှင်းပြသည်။ လူအုပ်ကြီး၏အပျော်စိတ်များ ပို၍ပင် တိုးပွားလာလေသည်။
“သခင်လေး၊ ကျုပ်မိသားစုက စာရင်းကိုင်တွေ သွားခေါ်တော့မယ်”
“အင်း..သွားပါ”
ဖုန်ချင်အန်း မြင်းကို ရှေ့သို့နှင်လိုက်သည်။ တောင်နက်နှင့်ပိုင်ယော်ကို ဦးဆောင်၍ ကောင်တီရုံးတော်ထဲသို့ ဝင်သည်။ တရားသူကြီးကို ရိုက်နှက်၍ ဒေါသဖွင့်ထုတ်ပြီးသော်လည်း ပြဿနာများမရှင်းရသေးဘဲ သူထွက်မသွား။
နေဝင်သွားပြီးနောက် မှောင်စပျိုးလာသည်။
“သခင်လေး၊ လူတစ်ယောက် သခင်လေးကို တွေ့ချင်လို့တဲ့။ ညကင်းရုံးတော်ကလို့ ပြောပါတယ်”
ဖုန်ချင်အန်း ရုံတော်နောက်ဘေးခြံဝန်းထဲတွင် ကောင်တီမှတ်တမ်းများကို ဖတ်ရှုနေစဉ် အိမ်ထိန်းကျောက် လာသတင်းပို့သည်။ ဖုန်ချင်အန်းမျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာသည်။ ထိုသို့ဖြစ်လာမည်ကို သူမျှော်လင့်ထားပြီးဖြစ်သည်။
“သူ့ကို ဝင်ခွင့်ပေးလိုက်ပါ”
“ဟုတ်ကဲ့”
သိပ်မကြာမီ အိမ်ထိန်းက ကြေးဝါမျက်နှာဖုံးတပ်ထားသည့် လူတစ်ယောက်ကို ခြံဝင်းထဲသို့ ခေါ်လာသည်။ လျှို့ဝှက်စွမ်းအင်ရောင်တစ်မျိုး ထိုလူထံမှ ထွက်ပေါ်နေသဖြင့် ဖုန်ချင်အန်း သေချာအကဲခတ်မိသည်။
“ညကင်းအရာရှိ မာလု ဖုန်သခင်လေးကို ဂါရဝပြုပါတယ်”
“မာလုတဲ့လား။ ဒီနာမည် မင်းကိုဘယ်သူပေးခဲ့တာလဲ”
မာလုဆိုသည်မှာ မှောင်မိုက်စိုစွတ်သည့်ပတ်ဝန်းကျင်တွင်နေထိုင်သည့် ကင်းခြေများတစ်မျိုး ဖြစ်သည်။ ထိုလူ့နောက်ခံနှင့် နာမည်က အတော်လိုက်ဖက်သည်ဟု ဆိုရမည်။
“ဒါက ကျုပ်ရဲ့ နာမည်ဝှက်တစ်ခုပါ”
ကြေးဝါမျက်နှာဖုံးရှင်က လေးစားမှုအပြည့်ဖြင့် ပြန်ဖြေသည်။
“ဒါဆို မင်းတို့ညကင်းအရာရှိတွေက ဘယ်လိုတာဝန်မျိုး ထမ်းဆောင်တာလဲ”
ဖုန်ချင်အန်း ဝတ်ရုံနက်ကို စိုက်ကြည့်နေသည်။ ထိုနေရာတွင်သာ ထိုလူရပ်မနေလျှင် ရှိသည်ကိုပင် သိမည်မဟုတ်။ စွမ်းအင်ရောင်က လျှို့ဝှက်လွန်းသည်။ ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေသည်။ လုံးဝမသိသာ။
“ဖုန်သခင်လေး၊ ညကင်းရုံးတော်ကို မဟာဘိုးဘေးအင်ပါယာက အရာရှိတွေကိုစောင့်ကြည့်ဖို့အတွက် ဘိုးဘေးအင်ပါယာက တည်ထောင်ခဲ့တာပါ”