← Chapters

ယင်နှင့်ယန်ကို ခံစားခြင်း (၂)

Vol. 18 Ch. 261

ယင်နှင့်ယန်ကို ခံစားခြင်း (၂)

Vol. 18 Ch. 261

“ဒါဆို ပင်ဝူတရားသူကြီးကရော ဘယ်လိုဖြစ်တာလဲ။ သူ့ကိုကျတော့ မင်းတို့စောင့်မကြည့်ဘူးလား”

ဖုန်ချင်အန်းမျက်နှာမှအပြုံး ပျောက်ကွယ်သွားသည်။ သူ့မျက်နှာထားကြောင့် ဝတ်ရုံနက် ဦးခေါင်းပို၍ ညွှတ်သွားသည်။

“ကျုပ်တို့က စောင့်ကြည့်ရုံပဲ တာဝန်ယူရပါတယ်။ ပင်ဝူတရားသူကြီးကိစ္စကို ကျုပ်တို့ သတင်းပို့ထားတာ ကြာပါပြီ”

ဝတ်ရုံနက် တည်ငြိမ်သည့်လေသံဖြင့်ဖြေသည်။ သူ့တာဝန်သူ ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။ ထိုသခင်လေး စဉ်းစားဉာဏ်ရှိလျှင် သူ့ကိုအပြစ်တင်မည်မဟုတ်။

“မင်းက သတင်းပို့ထားတယ်။ ဒါပေမယ့် ဘယ်သူမှ လာမဖြေရှင်းဘူး။ ပင်ဝူကောင်တီမှာ သူ့လိုအရာရှိတွေ အများကြီးရှိနေလို့လား။ ဒါမှမဟုတ် တရားသူကြီးက အဆက်အသွယ်တွေကောင်းလို့ ဘယ်သူမှ သူ့ကိုမထိရဲတာလား”

“တာ့ကျင်းရဲ့ ဒေသအသီးသီးမှာ ပင်ဝူတရားသူကြီးလို အခွန်မတရားကောက်တဲ့ အရာရှိတွေ အများကြီးပါပဲ။ ဒါပေမယ့် သူ့လိုအလွန်အကြူးလုပ်တဲ့လူတွေက နည်းပါတယ်။ ဒါပေမယ့် သူ့ထက်ဆိုးတဲ့လူတွေလည်းရှိတယ်”

“တကယ်လား၊ အဲလိုလူမျိုး ဘယ်မှာရှိသေးတာလဲ”

ဖုန်ချင်အန်း မျက်လုံးမှေးစင်းသွားသည်။ ပင်ဝူတရားသူကြီးကိုပင် သူအတော်မြင်ကပ်နေပြီဖြစ်သည်။ ယခု ထိုဝက်မျက်နှာနှင့်လူကို ကောင်တီရုံးတော်ဂိတ်တံခါးတွင် ကြိုးဖြင့်ဆွဲ၍ ကြာပွတ်ဖြင့် အရိုက်ခိုင်းထားသည်။ တစ်ခြားအရာရှိများကိုလည်း ထိုနည်းတူ အပြစ်ပေးထားသည်။

“အဲဒီ့လူက ခေါင်းဖြတ်ခံရပြီးပါပြီ”

“ဘယ်လို”

“သူက ပြည်သူတွေရဲ့ဒေါသကို သွားဆွလို့။ ဒေသခံလူတွေ အုံကြွလာပြီး ကောင်တီရုံးတော်ကို ဝင်တိုက်ခိုက်ခဲ့ပါတယ်”.

“ဒါဆို အဲလို သွားတိုက်ခိုက်ပြီးတော့ ဘာဆက်ဖြစ်သွားလဲ”

“နယ်စပ်ကို နှင်ထုတ်လိုက်ပါတယ်”

ဝတ်ရုံနက် အသံခဏတိတ်နေပြီးနောက် ဖြေးညှင်းစွာ ပြောသည်။

ဖုန်ချင်အန်း ခပ်ညှင်းညှင်းရယ်လိုက်သည်။ သူလုံးဝမအံ့ဩမိပါ။

“ဒါဆို ညာဉ့်နက်အပိုင်းအချိန် မင်းငါ့ဆီလာလည်တာ ဘာကိစ္စရှိလို့လဲ”

“သခင်လေးက ကောင်တီတရားသူကြီးကို ကွပ်မျက်ချင်တာ ကျုပ်သိပါတယ်”

“ဟုတ်တယ်။ မနက်ဖြန် ပြည်သူတွေ့ရှေ့မှာ ငါသူ့ကိုကွပ်မျက်မယ်”

ဖုန်ချင်အန်း ခပ်အေးအေးလေသံဖြင့် ဝန်ခံသည်။ ထို့နောက် ကြေးမျက်နှာဖုံးအောက်မှ မျက်လုံးများကို တိတ်ဆိတ်စွာ အကဲခတ်နေသည်။ ကောင်တီတရားသူကြီးကို သူကွပ်မျက်မည်။ ချမ်းသာပေးစရာ အကြောင်းမရှိ။

“မင်းက သူ့အတွက် တောင်းပန်ချင်တာလား”

“သခင်လေး ဒီအရာရှိကိုသတ်ချင်ရင် ဒါလေးကိုလက်ခံဖို့ တောင်းဆိုချင်ပါတယ်”

ဝတ်ရုံနက်က ရွှေတံဆိပ်တစ်ခုထုတ်၍ ဖုန်ချင်အန်းကို ရိုရိုသေသေပေးလိုက်သည်။

“ဒါကဘာလဲ”

ဖုန်ချင်အန်း ရွှေတံဆိပ်ကိုကြည့်သည်။ “စစ်ဆေးခြင်း”ဟူသည့်စာလုံးကို ရှင်းလင်းစွာ ထွင်းထုထားသည်။

“ဒါက ညကင်းရုံးတော်ရဲ့ စစ်ဆေးခြင်းတံဆိပ်ပြားပါ။ ဒီတံဆိပ်ပိုင်ရှင်မှန်သမျှ နေရာစုံက အကျင့်ပျက်အရာရှိတွေကို အရင်သတ်ပြီး နောက်မှအစီရင်ခံနိုင်တဲ့ အခွင့်အရေးမျိုးရပါတယ်”

ဝတ်ရုံနက်က လေးလေးစားစေားရှင်းပြသည်။

“”ဒါဆို ငါ့မှာ ဒီတံဆိပ်ရှိရင် တာ့ကျင်းရဲ့ ဘယ်နေရာမှာမဆို ငါသဘောမကျတဲ့အရာရှိတွေတွေ့တာနဲ့ ငါသတ်လို့ရတယ်ပေါ့”

ဖုန်ချင်အန်း တံဆိပ်ကိုလက်ခံလိုက်သည်။ မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာသည်။ တံဆိပ်နောက်ကျောတွင် ရှင်းလင်းစွာ ထုလုပ်ထားသည့် ခြင်္သေ့လိုလို ကျားလိုလို သားရဲတစ်ကောင်ပုံပါသည်။

“အဲလိုတော့မဟုတ်ပါဘူး။ အရင်သတ်ပြီး နောက်မှအစီရင်ခံလို့ရတယ်ဆိုတာလည်း သင့်တင့်မျှတတဲ့ အကြောင်းပြချက်ရှိရပါမယ်။ ဥပမာ ပင်ဝူကောင်တီတရားသူကြီး မတရားအခွန်ကောက်တာဟာ ကြီးလေးတဲ့ပြစ်မှုပါ။ သခင်လေး သူ့ကိုကွက်မျက်တာက ဘာပြဿနာမှမရှိဘူး။ နောက်မှ အစီရင်ခံလို့ရပါတယ်”

ဖုန်ချင်အန်း၏ ခပ်အေးအေးစကားသံကြောင့် ဝတ်ရုံနက် ချွေးပျံလာသည်။

ထိုလူငယ်သည် စိတ်အားတက်ကြွသည်။ မကောင်းမှုကို အလွန်တရာမုန်းတီးသည်။ ထိုအဖြစ်က မဆန်းလှ။ သို့သော် စိတ်မကြည်တိုင်း တိုက်ခိုက်ဖျက်ဆီးသည့်စွမ်းအားမျိုး အမှန်တကယ် ပိုင်ဆိုင်ထားသည်ဆိုလျှင် အတော်ကြောက်စရာကောင်းနေပေလိမ့်မည်။

“အစီရင်ခံစာလား။ ငါအဲဒါမျိုး မရေးတတ်ဘူး။ ဘယ်လိုလုပ်ရမလဲ”

ဖုန်ချင်အန်း လက်ထဲမှ တံဆိပ်ကိုမြှောက်ပင့်ကစားရင်း လွှင့်ပစ်ရန်ပြင်သည်။

“သခင်လေး သူ့ကို သွားကွပ်မျက်လို့ရပါတယ်။ အစီရင်ခံစာကို ကျုပ်ရေးပေးပါ့မယ်”

“မင်းက အစီရင်ခံစာရေးတတ်တယ်ပေါ့။ ကောင်းပြီလေ၊ ရေးပြီးရင်တော့ ငါ့ကိုပြပါဦး”

“ဟုတ်ကဲ့”

“အင်း..ဒါဆို အချိန်မဖြုန်းနဲ့တော့။ အခုပဲ စရေးလိုက်ပါ။ ..ကဲ..တစ်ယောက်လောက် ငါ့ကို စုတ်တံနဲ့စက္ကူ ယူလာပေးပါဦး”

ဖုန်ချင်အန်း ငြင်းပယ်ခွင့်မပေး။ ဝတ်ရုံနက် အသံတိတ်နေသည်။ ရှေ့ရောက်လာသည့် စုတ်တံနှင့်မင်ကိုကြည့်၍ ဝတ်ရုံနက် သက်ပြင်းတစ်ချက်ချသည်။ ဖုန်သခင်လေးအတွက် အစီရင်ခံစာအကြမ်း စရေးသည်။

“အရင်သတ်ပြီး နောက်မှ အစီရင်ခံတဲ့လား။ ဟားဟားဟား”

ဖုန်ချင်အန်း ရွှေတံဆိပ်ကို လက်ထဲတွင်မြှောက်၍ ကစားနေသည်။ စိတ်ထဲတွင် ကျေနပ်နေသည်။ အဖြစ်အပျက်များက သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသည်။

သူ့တန်ဖိုးကို တာ့ကျင်းနိုင်ငံသိအောင် သက်သေပြနိုင်သွားပုံရသည်။ သူ့အကိုလုပ်ခဲ့သည့် ကိစ္စကြီးများကြောင့်လည်း ဖြစ်နိုင်သည်။

ထို့ကြောင့်လည်း အကျင့်ပျက်ကောင်တီအရာရှိကို ကွပ်မျက်ရန် ကြံနေချန်တွင် မည်သူမှ အရာရှိအတွက် အသနားမခံပေးခဲ့ကြခြင်းဖြစ်မည်။ ကောင်တီတရားသူကြီး၏နောက်ကွယ်မှ ထောက်ခံသူများပင် အသံတိတ်နေကြခြင်းဖြစ်မည်။

တစ်ယောက်ယောက်က လမ်းစဉ်အတိုင်းမဟုတ်ဘဲ ဖုန်ချင်အန်းကို ကွပ်မျက်ခွင့်လာပေးနေသည်။ သာမန်ပြည်သူတစ်ယောက်က တော်ဝင်ဥပဒေကို စိန်ခေါ်ခြင်းမျိုးမဟုတ်တော့။ အင်ပါယာဥပဒေအတိုင်း စစ်ဆေးရေးအရာရှိက တာဝန်ထမ်းဆောင်နေသလိုဖြစ်သွားသည်။

“မင်းတို့ကိုယ်တိုင် ငါ့လက်ထဲ လက်နက်ထည့်ပေးတာကို ငါအသုံးမပြုဘူးဆိုရင် မင်းတို့စေတနာကို အလေးမထားရာကျသွားမှာပေါ့”

နောက်တစ်နေ့တွင် အမြန်ဆောက်လုပ်ထားသည့် ကွပ်မျက်ခြင်းစင်မြင့်ထက်တွင် ဖုန်ချင်အန်း ဝတ်ရုံဖြူဝတ်လျက် ကိုယ်ဟန်ဖြောင့်မတ်စွာထိုင်သည်။ အသံကိုမြှင့်၍ မနေ့ညကအသစ်ရထားသည့် သူ့ရာထူးကို ကြေညာသည်။

“ကျုပ်ဟာ ညကင်းရုံးတော်ရဲ့ စစ်ဆေးရေးအရာရှိပဲ။ အရာရှိအားလုံးကို စုံစမ်းစစ်ဆေးဖို့ တာဝန်ယူထားတယ်။ အကျင့်ပျက်တဲ့ ဒါမှမဟုတ် ဥပဒေဖောက်ဖျက်တဲ့ အရာရှိတွေ တွေ့တာနဲ့ ကျုပ်ချက်ချင်းအရေးယူမယ်။ နောက်မှ အစီရင်ခံမယ်”

သူ့စကားကြောင့် လူအုပ်ထဲ တအံ့တဩရေရွတ်သံများ ဆူညံလာသည်။ ထို့နောက် ချက်ချင်းပြန်ငြိမ်ကျသွားသည်။ နယ်စားတစ်ယောက်၏ညီငယ် အရင်သတ်၍ နောက်မှအစီရင်ခံခွင့်ရထားသည်မှာ မဆန်းလှ။

“ကောင်တီတရားသူကြီးဟာ မတရားအခွန်တွေ ကောက်ခဲ့တဲ့အတွက် ပြည်သူတွေကြားမှာ မကျေနပ်မှုတွေဖြစ်ခဲ့တယ်။ ဘဝတွေ ခက်ခဲခဲ့တယ်။ ဒီနေ့ကစလို့ သူ့ကိုရာထူးကနေဖယ်ရှားလိုက်ပြ။ သူဟာသာမန်လူ ပြန်ဖြစ်သွားပြီ။ ကြီးလေးတဲ့ သူ့ပြစ်မှုတွေကြောင့် ပြည်သူတွေရဲ့ဒေါသကို ပြေပျောက်စေဖို့အတွက် ဒီနေ့ ခန္ဓာကိုယ်အပိုင်းပိုင်းခုတ်ဖြတ်ပြီး သူ့ကိုကွပ်မျက်မယ်”

ဖုန်ချင်အန်း အချိန်ကုန်မခံတော့။ ကိုယ်ပိုင်စုံစမ်းစစ်ဆေးပြီး ပြစ်မှုနှင့်ပြစ်ဒဏ်ကို ကြေညာလိုက်သည်။ သူအမိန့်ချမှတ်ပြီးနောက် ကွပ်မျက်စင်ဘေးပတ်လည်မှ ပြည်သူများအားလုံး ပျော်ရွှင်စွာ အော်ဟစ်အားပေးကြသည်။ နှစ်သစ်ကူးပွဲ ကျင်းပနေသလိုပင်ဖြစ်သည်။

“သက်ညှာပေးပါသခင်၊ ကျုပ်အမှားကိုသိပါပြီ”

တစ်ညလုံး ကြာပွတ်ဒဏ်ခံရသဖြင့် တစ်ကိုယ်လုံး သွေးချင်းချင်းနီရဲနေသည့် ကောင်တီတရားသူကြီး တောင်းပန်တိုးလျိုးနေသည်။ သူ့စိတ်ဓာတ်များ အလုံးစုံပြိုလဲနေပြီဖြစ်သည်။

ဘေးပတ်လည်မှ အော်ဟစ်အားပေးသံများသည် သူ့အတွက် ကောင်းကျိုးမရှိ။ ဘယ်သူမှ သူ့ကိုဂရုမစိုက်ကြ။ ထိုသေဒဏ်အပြစ်ကို သူလက်မခံနိုင်။ ထိုသခင်လေး ထူးထူးဆန်းဆန်းနည်းလမ်းများကို သုံးနေမှန်း သူသိသည်။ သူ့လို အသိဉာဏ်နည်းပြီး ပျင်းရိသည့်လူပင် ကြာပွတ်ဒဏ်ရာကို သတိလစ်မေ့မျောခြင်းမရှိဘဲ တစ်ညလုံးခံခဲ့ရသည်မှာ ပုံမှန်မဟုတ်မှန်းသိသည်။

ယခုသေဒဏ်သည်လည်း ထိုသို့ပင်ဖြစ်မည်. သူ့ကိုယ်မှ အသားစိုင်များအားလုံး ခုတ်လှီးခံရပြီးမှသာ သေပေလိမ့်မည်။ တွေးကြည့်ရုံဖြင့်ပင် သက်ပြင်းချသည်။

သူမလွတ်မြောက်နိုင်တော့။ ထိုသခင်လေးကလည်း သူ့ကိုအလွတ်ပေးမည်မဟုတ်။ ယခင်က နောက်ကွယ်မှ သူ့ကိုထောက်ခံပေးခဲ့သည့် လူများကလည်း သူ့ကိုကယ်တင်မည့်ပုံမပေါ။

ပြောစရာစကားလည်းမရှိတော့။ သူတစ်ယောက်တည်း ပြစ်ဒဏ်ခံရခြင်းသည် တရားမျှတမှုမရှိ။ နောက်ကွယ်မှလူများကိုလည်း ငရဲသို့ အတူခေါ်သွားမည်။

“သခင်၊ ကျုပ်အစီရင်ခံချင်ပါတယ်။ ကျုပ် ပင်ဝူကောင်တီတရားသူကြီး ရထူးရကတည်းက ရှောက်ပြည်နယ် ဒုတရားသူကြီးဆီကို ငွေတုံးဆယ်သန်းကျော်၊ ရွှေတုံးငါးထောင် ပို့ခဲ့ရပါတယ်...”

“ပါးစပ်ပိတ်ထားစမ်း”

ကွပ်မျက်စင်ပေါ်မှ ပင်ဝူကောင်တီတရားသူကြီးက နာမည်တစ်ခု ထုတ်ပြောလိုက်သဖြင့် ဝိုင်းကြည့်နေသည့် ပရိတ်သတ်များတွင် တီးတိုးရေရွတ်သံများ ပေါ်လာသည်။ လူအုပ်ထဲမှ တစ်ယောက်က ထိတ်လန့်တုန်လှုပ်သွားသည်။သွားပြီး တရားသူကြီး၏လည်ပင်းဆီ ဓားတစ်လက် ပစ်လွှတ်လိုက်သည်။ နှုတ်ပိတ်ရန် ကြိုးစားသည်မှာ ထင်ရှားနေသည်။

“ငါ့ရှေ့မှာ လာစမ်းရဲတယ်ပေါ့”

ဓားပျံ လေကိုထိုးခွဲလာစဉ်မှာပင် ကန်းရှချီစွမ်းအင်လက်တစ်ဘက်ပေါ်လာပြီး ဓားကိုအစိတ်စိတ်အမွှာမွှာ ဖျက်ဆီးလိုက်သည်။ ထို့နောက် ကန်းရှသိုင်းသမားက ဓားပစ်သူရှေ့တွင် ချက်ချင်းပေါ်လာသည်။ မျက်နှာက မခိုးမခန့်ပြုံးနေသည်။

သို့သော် ထိုလူ့လည်ပင်းကို ဖမ်းချုပ်လိုက်ချိန်မှာပင် ထိုလူ သေဆုံးသွားသည်။ အနက်ရောင်သွေးများ ပါးစပ်နှင့်နှာခေါင်းများမှ ထွက်လာသည်။

သို့သော် ကန်းရှသိုင်းသမား ဒေါသထွက်ခြင်းမရှိ။ စန္ဒကူးနံ့သင်းပျံ့သည့် နတ်မင်းတစ်ပါးက ကြောက်လန့်နေသည့် ဓားပစ်သူဝိညာဉ်ကို ကြိုးတစ်ချောင်းဖြင့် ဆွဲချည်ယူထားသောကြောင့်ဖြစ်သည်။

“သူဘာတွေသိထားလဲဆိုတာ ကျုပ်စစ်ဆေးမေးမြန်းပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ်”

**************************************************

All Chapters