← Chapters

ဓားပဲ့တင်သံ

Vol. 18 Ch. 262

ဓားပဲ့တင်သံ

Vol. 18 Ch. 262

"ဘုန်း”

ရှောက်ပြည်နယ်မြို့တော်တွင် အရုဏ်ဦးနှင်းများ မကွဲသေး။ မနက်ခင်းအလင်းက မိုးကုတ်စက်ဝိုင်းတွင် စပေါ်ချိန်ဖြစ်သည်။ ရှောက်ပြည်နယ်၏ အဓိပဓိအာဏာ၏ အမှတ်သညာ တရားရုံးတော်ဂိတ်တံခါး တစ်စစီပြန့်ကျဲသွားသည်။

အံ့ဩနေသည့် စစ်သည်အစောင့်များ၏မြင်ကွင်းရှေ့သို့ ဝတ်ရုံဖြူလူငယ်တစ်ယောက် ဖြူနက်ဝံပုလွေနှစ်ကောင်ဦးဆောင်၍ အတင်းဝင်လာသည်။ သူ့နောက်တွင် ခွန်အားနှင့်အသက်ဓာတ် အပြည့်လွှမ်းခြုံနေသည့် သိုင်းသမားတစ်ယောက်ပါလာသည်။

“မင်းတို့ ဒုတရားသူကြီး ဘယ်မှာလဲ။ သူဘာလို့ ရုံး‌တော်မှာ မရှိတာလဲ”

“ဒုနယ်စားမင်းက ယုန်လဲ့အိမ်တော်ဝင်းထဲမှာ နေပါတယ်”

သိပ်မကြာမီ ကြောက်လန့်တကြားအော်ဟစ်သံများ ပေါ်လာသည်။ နယ်မြေဒုတရားသူကြီးကို အပြင်ဘက်မှ ဒရွတ်တိုက်ဆွဲခေါ်လာပြီး ရုံးတော်ဂိတ်တံခါးတွင် ကြိုးချည်ထားသည်ကို မြင်ကြရသည်။ သံမဏိကြာပွတ်ရိုက်ချက်များကြား ဒုနယ်စားမင်း၏ အော်သံများက ပဲ့တင်ထပ်နေသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်ကို အားလုံးရှင်းလင်းစွာသိကြသည်။

အာဏာအလွဲသုံးစားလုပ်ခြင်း၊ လာဘ်စားခြင်း၊ ကောင်တီတရားသူကြီးထံမှ လာဘ်ငွေကိုယူ၍ ရာထူးကို အကာအကွယ်ပေးထားခြင်း၊ ကောင်တီတရားသူကြီးကို အခွန်ငွေတိုးကောက်စေခဲ့ခြင်း။ ထို့ကြောင့် နောက်ဆုံးတွင် အတိဒုက္ခရောက်သည့်ပြည်သူများ မကျေမနပ်ဖြစ်လာကြခြင်း။

အရာရှိများသည် ထိုသို့ပင် ပြုမူကြသည်လားမသိ။ အချင်းချင်းကာကွယ်ကြသည်။ အကြီးပိုင်းများက လက်အောက်ခံများကို ကာကွယ်ပေးသည်။အဆင့်နိမ့်အရာရှိများကလည်း နေရာတည်မြဲ၍ ရာထူးတိုးအခွင့်အလမ်းများရအောင် နည်းလမ်းစုံသုံး၍ ကပ်ဖားယပ်ဖားလုပ်ကြသည်။

ထိုအပြုအမူအမျိုး အရာရှိများကြားတွင် မရှားလှ။ ရှားပါးသည်က ယခုလို အရာရှိတစ်ယောက် လူမြင်ကွင်းတွင် ကြိုးဖြင့်ဆွဲ၍ ကြာပွတ်ဖြင့်ရိုက်ခံရသည့် မြင်ကွင်းမျိုးဖြစ်သည်။

ရုံးတော်အစောင့်စစ်သားများလည်း ထိုခံယူချက်မျိုးသာရှိသည်။ တိုးကောက်သည့်အခွန်များက သူတို့အပေါ် အကျိုးအကျေးဇူးနည်းနည်းရှိသည်။ ထိုသို့မရှိခဲ့လျှင် သူတို့လည်း အပြင်လူများနှင့်အတူ အော်ဟစ်အားပေးနေပေလိမ့်မည်။

“မင်းဘယ်သူလဲ။ တာ့ကျင်းဥပဒေတည်တဲ့ ရုံးတော်ထဲမှ စိတ်ထင်ရာလုပ်ရဲတယ်ပေါ့”

ဖုန်ချင်အန်း အပြုအမူအကိုမြင်သဖြင့် အပြေးရောက်လာသည့် အရာရှိတစ်ယောက်က ဆူပူငေါက်ငမ်းသည်။ အသံဗလံများက ဆူညံလွန်းသဖြင့် မြို့တော်ကာကွယ်ရေးတပ်ဖွဲ့များပင် စုဝေးရောက်ရှိလာကြသည်။ ချီတက်လာသည့် စစ်သည်များ၏ ခြေသံကြောင့် အရာရှိများ ပို၍အားတက်လာကြသည်။

“ဥပဒေတဲ့လား။ ငါက ဥပဒေကို ကိုယ်စားပြုတဲ့လူပဲ”

ဖုန်ချင်အန်း ရွှေတံဆိပ်ကိုထုတ်၍ ကြောက်လန့်နေသည့် နယ်မြေတရားသူကြီးခြေရင်းသို့ ပစ်ချပေးလိုက်သည်။

“ညကင်းရုံးတော်။ ဒါဆို ခင်ဗျားက..”

တံဆိပ်ကိုကြည့်၍ အရာရှိတစ်ယောက် တအံ့တဩရေရွတ်လိုက်သည်။ ဖုန်ချင်အန်းကိုကြည့်သည့် မျက်လုံးများက နာကျည်းမှု ရွံရှာမှုတို့ ပြည့်နေသည်။ အရာရှိအားလုံးကို အပေါ်စီးမှကြည့်နေသည့် ညကင်းရုံးတော်သည် အုပ်ချုပ်ရေးပိုင်းမှ လူအားလုံးအတွက် ကျိန်စာကဲ့သို့ ဖြစ်နေသည်။

“ညကင်းအဖွဲ့ဝင်ဖြစ်ရင်တောင် ဒုတရားသူကြီးကို ဒီလိုပုံစံမျိုး ဆက်ဆံခွင့်မရှိဘူး။ သူ့ကို အခုချက်ချင်းလွှတ်လိုက်။ မင်းနာမည်ဘယ်လိုခေါ်လဲ။ မင်းအကြောင်း ငါနန်းတော်ကို သတင်းပို့မယ်”

မောက်မာထောင်လွှားသည့် ဖုန်ချင်အန်းဟန်ပန်ကြောင့် ရုံးတော်မှလူများ ပို၍ဒေါသထွက်သွားကြသည်။ မြို့တော်ကာကွယ်ရေးတပ်ဖွဲ့ကလည်း ဝိုင်းထားသဖြင့် အရာရှိများ ယုံကြည်မှုမြင့်တက်လာသည်။

“ကျုပ်အကြောင်းတိုင်ချင်လို့လား။ ကျုပ်နာမည် ဖုန်ချင်အန်းတဲ့။ မွေးကတည်းက မပြောင်းဘူး”

တစ်ဘက်က ခြိမ်းခြောက်လာသဖြင့် ဖုန်ချင်အန်း မခိုးမခန့်ပြုံးလိုက်သည်။ သို့သော် သတိပေးဖို့လည်း သူမမေ့ပါ။

“ဒါနဲ့ စကားမစပ်၊ကျုပ်အကိုက ဖုန်ချင်ပင်းပါ။ ကန်းကျိုးနယ်စား သခင်ချမ်ဝမ်လို့လည်း သိကြတယ်။ ကျုပ်အကြောင်းတိုင်ချက်ဖွင့်ချင်ရင် တိုင်လိုက်ပါ”

ရုံးတော်တစ်ခုလုံး ငြိမ်ကျသွားသည်။ ဖုန်ချင်အန်းကို စွပ်စွဲတိုင်တန်းရန် ရည်ရွယ်ထားသည့် အရာရှိလည်း ချက်ချင်း ခေါင်းငုံ့သွားသည်။

တပ်ဖွဲ့ဖြင့် ဝိုင်းတိုက်၍ ဒုတရားသူကြီးကို ကယ်တင်ရန် ပြင်နေသည့် တပ်ဖွဲ့ခေါင်းဆောင်လည်း ချီတုံချတုံဖြစ်သွားသည်။ တပ်ဖွဲ့ကို တားသည်။ ဖုန်ချင်အန်းနှင့် စိတ်အားတက်ကြွနေပုံရသည် ကန်းရှသိုင်းသမားများကို တစ်ချက်လှမ်းကြည့်သည်။ အထူးသဖြင့် ပျင်းရိပျင်းတွဲပုံပေါက်နေသည့် ဝံပုလွေနှစ်ကောင်ကိုကြည့်သည်။ ထို့နောက် ရုံးတော်ထဲမှ ဖြေးဖြေးချင်း တပ်ဆုပ်သွားကြသည်။

“ဖုန်သခင်လေး၊ စကားနဲ့ကောင်းကောင်းပြောလို့ရပါတယ်။ ဒုတရားသူကြီးကို ဒီလိုအရှက်ခွဲဖို့ မလိုပါဘူး”

ရှောက်ပြည်နယ်၏အမြင့်ဆုံး အရာရှိဖြစ်သည့် တရားသူကြီးချုပ် ဒုတရားသူကြီးကို တစ်ချက်ကြည့်၍ ဖုန်ချင်အန်းကို လေသံပျော့ဖြင့် လှမ်းပြောသည်။ ဒုတရားသူကြီး ကြာပွတ်ဒဏ် ဆယ်ချက်ကျော် အရိုက်ခံရပြီးဖြစ်သည်။ သေတော့မသေသေး။

“အရှက်ခွဲတယ်တဲ့လား”

ဖုန်ချင်အန်း ဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။ သူ့လက်ထဲတွင် နှင်းဖြူရောင်ဓားတစ်လက်ပေါ်လာသည်။

“ညာဉ့်နက်ပိုင်းကျမှ ကျုပ်ဘာလို့ ရှောက်ပြည်နယ်ကို အမြန်ခရီးနှင်ခဲ့တယ်ထင်လဲ”

“ဖုန်သခင်လေး”

ဖုန်ချင်အန်းလက်ထဲမှ ဓားကိုကြည့်၍ တရားသူကြီးလန့်သွားသည်။ တစ်ခြားအရာရှိများလည်း နောက်သို့ ခြေလှမ်းဆုတ်သွားသည်။ အပြင်ဘက်မှ စစ်သားမျာကလည်းဝင်မလာကြ။ ဆက်၍သာ ဆုတ်ခွာသွားသည်။ ရူးသွပ်နေသူတစ်ယောက်ကို ရင်ဆိုင်ရဲသည့်သတ္တိမရှိ။

‘ရွှီး”

ဓားက ဓားအိမ်မှထွက်လာသည်။ ဓားရောင်တစ်ချက် လင်းလက်သွားသည်။ ဓားရိပ်တစ်ခု ပျံထွက်သွားသည်။ တစ်ခြားပြင်ပစွမ်းအားများ သုံးမထား။ ရုပ်ခန္ဓာစွမ်းအားနှင့် ဓားပညာသက်သက်သာဖြစ်သည်။

ထိုထက်ပြင်းသည့် ဓားချက်မျိုးကိုလည်း သူမထုတ်။ မလိုအပ်သောကြောင့်ဖြစ်သည်။ သူ့ပစ်မှတ်က ကြာပွတ်ရိုက်ချက်ကြောင့် သေလုမျောပါးဖြစ်နေသည့် အဘိုးအိုတစ်ယောက်သာဖြစ်သည်။ အပြာရောင်အရာရှိဝတ်ရုံကြောင့်သာမဟုတ်လျှင် ဖုန်ချင်အန်း သူ့ကိုလှည့်ပင်မကြည့်။

"ဖျောင်း”

ဒုတရားသူကြီး၏လည်ပင်းမှ သွေးများပန်းထွက်လာသည်။ ဖုန်ချင်အန်း ဓားထုတ်လာကတည်းက စန်းမြောင်လည်း ဒုတရားသူကြီး၏အသက်ဓာတ်ကို ထိန်းမထားတော့။ အသက်ဓာတ်များ ချက်ချင်းယိုစီးထွက်သွားသည်။

မနက်ခင်းနေလုံးက ထွက်မလာသေး။ ရှောက်ပြည်နယ်မှ အဆင့်မြင့်အရာရှိတစ်ယောက် အိပ်မပျော့်တပျော်အနေအထားတွင် သူ့လည်ပင်းပေါ် ဓားကျလာသည်။

ထိုအရာသည် အဆုံးသတ်မဟုတ်သေး။ အစသာဖြစ်သည်။ သူ့အသက်ဓာတ်ဆုံးသည်နှင့် လူသားဘဝ ကုန်ဆုံးသွားသည်။ ငေးကြောင်နေသည့် သူ့ဝိညာဉ်ကို စောင့်ကြိုနေသည်က ဝိညာဉ်ချုပ်သံကြိုးများဖြစ်သည်။

All Chapters