ဓားပဲ့တင်သံ (၂)
Vol. 18 Ch. 263
စောင့်နေသည့် နတ်မင်းများ နတ်ဘုရားများရှိသည်။ ရှောက်ပြည်နယ်၏ရုံးတော်သို့မဝင်မီ ဖုန်ချင်အန်း မြို့တော်နတ်ဘုရားဘုံကျောင်းသို့ အရင်သွား၍ နတ်လောကကို တပ်လှန့်ခဲ့သည်။
အကျင့်ပျက်အရာရှိများကို လူသားဥပဒေဖြင့် အပြစ်ပေးခြင်းထက် စန်းမြောင်၏ နတ်ဆိုးစွမ်းအားကို တိုးမြှင့်၍ ဝိညာဉ်နှုတ်ကာ သက်ဆိုင်ရာနတ်မင်းများ နတ်ဘုရားများလက်တွင်းသို့ ထည့်ပေးလိုက်သည်က ပိုကောင်းကြောင်း ဖုန်ချင်အန်း နားလည်လာသည်။ နတ်ဝိညာဉ်လောက် အပြစ်ပေးနည်းများက ပို၍အမျိုးမစားစုံလင်သည်။
“မင်းအတော်အတင့်ရဲပါလားကွ”
ဖုန်ချင်အန်းက ဒုတရားသူကြီးကို ဓားဖြင့်ချက်ချင်းခုတ်သတ်လိုက်သဖြင့် ပြည်နယ်တရားသူကြီး ဒေါသတကြီးအော်ငေါက်လိုက်သည်။
မျိုးနွယ်တူများ သေကြေပျက်စီးသည်ကို မြင်ရလျှင် စိတ်နှလုံးထိခိုက်ရသည်သာဖြစ်သည်။ လုပ်ပိုင်ခွင့်အာဏာနှင့် အကျိုးအမြတ်အတွက်သာ အလေးထားခဲ့သော်လည်း အပြိုင်အဆိုင်ဖြစ်နေသဖြင့် အပေါ်ယံဖော်ရွေမှုမျိုးတော့ ထိန်းသိမ်းထားကြသည်။ ဒုတရားသူကြီးကို ရုံးတော်ဂိတ်တံခါးတွင် ခေါင်းဖြတ်သတ်လိုက်သည့် အပြုအမူက ရိုင်းစိုင်းရဲတင်းလွန်းသည်။
ဆယ်စုနှစ်တစ်ခုစာ ပင်ပင်ပန်းပန်းလေ့လာခဲ့ရပြီး ဆယ်စုနှစ်နှစ်ခုစာ မရပ်မနားကြိုးစားရယူခဲ့သည့် ရာထူးတစ်ခုက ဓားတစ်ချက်ဖြင့် အားလုံးပျက်စီးသွားသည်။
ယုံနိုင်စရာပင်မရှိ။
“ခင်ဗျား နားကန်းနေတာလား။ မှတ်ဉာဏ်မကောင်းတာလား။ သူကျူးလွန်တဲ့ပြစ်မှုတွေ ခုနက ကျုပ်ကြေငြာပြီးပြီလေ။ ကျုပ်ထပ်ပြောနေရဦးမှာလား”
“သူပြစ်မှုကျူးလွန်ခဲ့တယ်ဆိုရင်တောင် တရားရုံးတော်ကပဲ အပြစ်စီရင်သင့်တယ်။ မင်းမောက်မောက်မာမာ အစွမ်းပြပြီး စီရင်တာမျိုး မဖြစ်သင့်ဘူး”
တရားသူကြီး ဒေါသထွက်နေသည်။ ဖုန်ချင်အန်း လုပ်ရပ်များကို ကျေနပ်ပုံမရ။
“တော်ဝင်နန်းတော်က ချီးမြှင့်ထားတဲ့ အမြန်ဆုံး သုတ်သင်ခွင့်အာဏာပဲ။ ခင်ဗျားက ဒါကိုလက်မခံချင်တာလား”
မြေပေါ်ပစ်ချထားသည့် ရွှေတံဆိပ်ကို ဖုန်ချင်အန်း လက်ညှိုးထိုးပြသည်။
“နန်းတော်အာဏာတဲ့လား။ မင်းမျက်လုံးထဲမှာ နန်းတော်အာဏာကိုရော ရုံးတော်ကိုရော လေးစားတဲ့အရိပ်အယောင်မျိုး ငါမတွေ့မိပါဘူး”
တရားသူကြီးက အစိတ်စိတ်အမွှမွှာဖြစ်နေသည့် ရုံးတော်တံခါးကို တစ်ချက်လှမ်းကြည့်သည်။ မျက်နှာအတော်ပျက်နေသည်။
“သာမန်ပြည်သူတွေကိုအသုံးချတဲ့ ခင်ဗျားတို့အရာရှိတွေက လေးစားဖို့ ထိုက်တန်လို့လား။ တကယ့်ဟာသပဲ”
“ရိုင်းစိုင်းတဲ့ကောင်”
“ဆိုရိုးစကားရှိတာပဲ။ သူတော်ချင်းချင်း သတင်းလွေ့လွေ့တဲ့။ ဒုတရားသူကြီးတောင် ဒီလောက်ဆိုးဝါးနေရင် တရားသူကြီးက ဘယ်လောက်များကောင်းနိုင်မှာမို့လဲ”
ဖုန်ချင်အန်း မခိုးမခန့်ရယ်၍ ပြောလိုက်သည်။
“မင်းကများငါ့ကို အပုပ်ချရဲတယ်ပေါ့”
“တော်စမ်းပါ။ ကျုပ်က ခင်ဗျားလို ကပ်ပါးကောင်တွေအတွက် အချိန်သိပ်မရဘူး။ လိုရင်းကိုပဲ ပြောကြတာပေါ့”
ဖုန်ချင်အန်း တစ်ဘက်တွင်ရပ်နေသည့် အရာရှိတစ်ယောက်ကို လှည့်ကြည့်သည်။ ထိုအရာရှိနောက်တွင် နတ်မင်းများရှိနေသည်။ တစ်ယောက်က ရုန်းကန်နေသည့် အဘိုးအိုကို တုပ်နှောင်ထားသည့် သံကြိုးကိုဆွဲထားသည်။ ရုန်းကန်နေသူက ဒုတရာားသူကြီးဖြစ်သည်။
“ဒီတရားသူကြီး ရုံးထိုင်တာ ဘယ်လောက်ကြာပြီလဲ”
“ခြောက်နှစ်ရှိပါပြီ”
“အကျင့်ပျက်ခြစားတဲ့လုပ်ရပ်မျိုး ရှိခဲ့လား”
“ရှိတာပေါ့”
သူ သက်ပြင်းချသည်။ တာကျင်းအနှံ့ နတ်မင်းများ နတ်ဘုရားများ ရှိနေသော်လည်း နှစ်ပေါင်းများစွာအတွင်း မည်သို့ စုစည်းလာခဲ့သည်ကို လူသားများ တွေးမိခဲသည်။ တစ်ချို့ကောင်တီ မြို့တော်နတ်ဘုရားဘုံကျောင်းတွင် စောင့်ရှောက်နေသည့် နတ်မင်းများ နတ်ဘုရားများ မရှိ။
“မင်းဘယ်သူနဲ့ စကားပြောနေတာလဲ”
မမြင်ရသည့် လူတစ်ယောက်နှင့် ဖုန်ချင်အန်း စကားပြောနေသည်ကို ရိပ်စားမိသဖြင့် တရားသူကြီး မှင်သက်မိသွားသည်။သက်မိသွားသည်။ နတ်မင်းများ နတ်ဘုရားများရှိကြောင်း သူသိသော်လည်း အပြင်လောကတွင် ကြုံကြိုက်ခဲသည်။ အများအားဖြင့် အိပ်မက်ထဲတွင်သာတွေ့သည်။
“ဘယ်သူနဲ့ ပြောရမှာလဲ။ နတ်တွေဟာ လူတွေထက် သုံးပေပိုမြင့်တယ်တဲ့။ ခင်ဗျားလုပ်ရပ်တွေအားလုံးကို သူတို့မြင်တယ်လေ”
အရာရှိများ ကြောက်သွားကြသည်။
အမှန်တော့ နတ်များက သူတို့လုပ်ရပ်ကိုမြင်လျှင်ပင် လွှမ်းမိုးထိန်းချုပ်နိုင်စွမ်းမရှိ။ လူသားအရာရှိများကို ဒုက္ခမပေးနိုင်။ တရားဝင်တိုင်တန်းမှုမျိုးပင် မလုပ်နိုင်ကြ။
ယခု နတ်မင်းများ နတ်ဘုရားများကို ဆင့်ခေါ်နိုင်သည့် လူကြမ်းတစ်ယောက်ပေါ်လာသည်။ အကျင့်ပျက်အရာရှိများကို အပြစ်ပေးသည်။ ဒုတရားသူကြီးကို ခေါင်းဖြတ်ပစ်သည်။ အရိုးထဲမှ စိမ့်တက်လာသည်အထိပင် ကြောက်လန့်ကြသည်။
“မင်းက အတော်စိတ်ကြီးဝင်နေတာပဲ။ ယင်နဲ့ယန်ရဲ့ အစီအစဉ်တွေကို ကမောက်ကမဖြစ်အောင် လုပ်နေတယ်ပေါ့”
“ခင်ဗျားပြောလို့ပြီးပြီလား၊ ပြောပြီးရင် နှုတ်ထွက်ဖို့ပြင်တော့။ ခင်ဗျားရာထူးကို လက်လွှတ်ဖို့ အချိန်ကျပြီ”
ဖုန်ချင်အန်း အရယ်အပြုံးမရှိသည့်မျက်နှာဖြင့် ပြောသည်။ သူ့ဓားကိုလည်း ဆွဲထုတ်ခြင်းမရှိ။
တရားသူကြီးချုပ်သည်။ ထိုက်တန်သည့် အကျိုးဆောင်မှုတစ်ချို့ ရှိခဲ့သည်။ တံတားပြင်ရန် လမ်းဖောက်ရန် မကြာခဏကြိုးပမ်းခဲ့သည်။ မိဘမဲ့ဂေဟာများ သက်ကြီးအိမ်ယာများ ဆောက်သည်။ စွန့််ပစ်ကလေးငယ်များ သက်ကြီးရွယ်အိုများအတွက် နေစရာပေးသည်။ သာမန်ပြည်သူတို့အတွက် အကျိုးကျေးဇူးကြီးမားသည့် လုပ်ရပ်များဖြစ်သည်။
သို့သော် အရာရှိများ အကျင့်ပျက်သည့်အမှုတွင် သူ့စနစ်မကင်း။ တိုက်ရိုက်လာဘ်မတောင်းသော်လည်း အတော်များများလက်ခံခဲ့သည်။ သူ့လက်အောက်ခံများ လာဘ်ပေးလာဘ်ယူလုပ်နေသည်ကို မမြင်ချင်ယောင်ဆောင်ခဲ့သည်။ ပင်ဝူကောင်တီမှ ထူးခြားသည့်အခြေအနေများကိုလည်း သူအရေးမစိုက်ခဲ့။
အသတ်ခံလိုက်ရသည့် ဒုတရားသူကြီး အခွန်တိုးကောက်မှန်းလည်း သူသိသည်။ အကောက်ခွန်ငွေအများစုကို ဒုတရားသူကြီးက သူ့ကိုကပ်ဖားယပ်ဖားလုပ်ရန် သုံးခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် သူမသိကျိုးကျွံ ပြုနေခဲ့သည်။
တရားသူကြီးအမြင်တွင် အရာရှိများလာဘ်စားသည်မှာ မဆန်း။ လာဘ်မယူချင်သည့် အရာရှိဟူ၍ မရှိနိုင်။ လက်အောက်ခံများကို လာဘ်မစားရန်တားမြစ်ဖို့ မဖြစ်နိုင်။ ကိုယ်ရတာကိုယ်ယူ၍ ကိုယ့်ဒေသကိုယ် ကောင်းကောင်းတာဝန်ယူဖို့သာ ပြောရုံရှိသည်။
“ငါ့ကို နှုတ်ထွက်ဖို့ တောင်းဆိုနေတာလား”
တရားသူကြီး မယုံနိုင်အောင်ဖြစ်သွားသည်။
“ကိုယ့်ကိုယ်ကို တရားသူကြီးကောင်းတစ်ယောက်လို့ အခုထိယုံကြည်နေတုန်းလား။ ခင်ဗျားလက်အောက်ခံတွေ အရာရှိတွေကြောင့် မတရားနှိပ်စက်လို့ ပြည်သူတွေက ကိုယ့်သားသမီးတွေကိုတောင် ရောင်းနေရပြီ။ ကိုယ့်ကိုယ်ကို အရာရှိကောင်းလို့ ထင်နေတုန်းလား”
“သားသမီးတွေကို ရောင်းရတယ်တဲ့လား။ မဖြစ်နိုင်တာပဲ”
“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ဝူချီလန် မြင့်မြတ်လွန်းတဲ့ ဒီတရားသူကြီးကို ပင်ဝူကောင်တီကို ခေါ်သွားလိုက်ပါ။ လူတွေရဲ့ဒုက္ခကို လက်တွေ့ကြည့်ခိုင်းလိုက်ပါ”
“ဟုတ်ကဲ့သခင်လေး”
တရားသူကြီး ရုန်းကန်နေသည်ကို အရေးမစိုက်ဘဲ ဝူချီလန် မြင်းပေါ်တင်၍ ကောင်တီရုံးထဲမှ ဆွဲခေါ်သွားသည်။
“သခင်လေး၊ ဒီအရာရှိတွေရဲ့ကိစ္စ မရှင်းသေးခင် လှိုင်းမြစ်သခင်နှင့် ကိစ္စသွားရှင်းချင်လား”
ဘေးမှ နတ်မင်းတစ်ပါးက ရိုရိုသေသေမေးသည်။
“လှိုင်းမြစ်ကမ်းကို လိုက်ပြပါ”
နတ်မင်းများ ပျော်ရွှင်သွားသည်။ ထိုသခင်လေးသည် လှိုင်းမြစ်သခင်နှင့် ညှိနှိုင်းဆွေးနွေးနိုင်သူဟု ယုံကြည်ကြသည်။
သိပ်တော့မျှော်လင့်မထား။ လှိုင်းမြစ်သခင် မိုးကိုပုံမှန်အတိုင်းရွာပေးပြီး သီးနှံအထွက်နှုန်း ပုံမှန်ပြန်ဖြစ်လာဖို့သာ သူတို့မျှော်လင့်ထားသည်။
နတ်မင်းများ ဦးဆောင်မှုဖြင့် ဖုန်ချင်အန်းတို့အဖွဲ့ ရုံးတော်မှ ထွက်ကြသည်။ သူတို့ထွက်သွားပြီးနောက် လူတစ်ယောက်က အမိန့်စာဖြင့် ရုံးတော်ကို ချက်ချင်းလွှဲယူသည်။ အနှောက်အယှက်အားလုံး အချိန်တိုအတွင်း ရှင်းသွားသည်။ အားလုံး ပုံမှန်ပြန်ဖြစ်လာသည်။
“ဒီနေရာက သိပ်မထိခိုက်ဘူးပဲ”
မြစ်ဘေးမှ စိမ်းစိုနေသည့် ဂျုံခင်းများကို သူမြင်သည်။ လေယူရာယိမ်းနေသည့် ဂျုံခင်းများကို ကြည့်ရသည်က မျက်စိပသာဒဖြစ်စရာကောင်းသည်။ သို့သော် ယခုဖုန်ချင်အန်း မျက်မှောင်ကျုံ့နေသည်။
“ဟုတ်ပါတယ်၊ ဒီနေရာက မြစ်နဲ့နီးတော့ ရေမြောင်းသွယ်ဖို့ အရမ်းအဆင်ပြေပါတယ်။ မိုးရွာရွာ မရွာရွာ ပြဿနာသိပ်မရှိပါဘူး။ ဒါပေမယ့် မြစ်နဲ့ဝေးလေ မိုးရေကို အားကိုးရလေပါပဲ။ တစ်ချို့ကောင်တီတွေက မိုးရေကိုပဲ အဓိကအားထားရတာပါ”
နတ်မင်းများက ရှင်းပြသည်။
“မြစ်နဲ့နီးတဲ့ ဂျုံခင်း၊ စပါးခင်းတွေက ဘာမှမထိခိုက်သလောက်ပဲဆိုပေမယ့် ရှောက်ပြည်နယ်သီးနှံအထွက်နှုန်းက နှစ်ဆယ်ရာနှုန်းနီးပါး လျော့သွားပါတယ်။ တစ်ချို့ကောင်တီတွေရဲ့ သီးနှံအထွက်နှုန်းကို ပျမ်းမျှတွက်ထားပေမယ့် တကယ်တော့ ဟိုအရင်နှစ်တွေကနဲ့ယှဉ်ရင် သူတို့အထွက်နှုန်းက တစ်ဝက်လောက်လျော့သွားတယ်ပေါ့”
ဖုန်ချင်အန်းမျက်နှာ လေးနက်လာသည်။ တစ်ချို့နေရာများ၏ အခြေအနေက သူထင်သည်ထက် ပိုဆိုးသည်။ စုစုပေါင်း အထွက်နှုန်းကိုကြည့်၍သာ မသိသာဟု ထင်ရခြင်းဖြစ်သည်။
သဘာဝ မိုးရေပျံ့နှံ့မှုက လုံးဝမညီမျှခဲ့။ တစ်ချို့နေရာတို့တွင် မိုးများလွန်း၍ ရေကြီးရေလျှံမှုများဖြစ်သည်။ တစ်ချို့နေရာတို့တွင် မိုးခေါင်လွန်းသဖြင့် မိုးရေတစ်ပေါက်ပင် မမြင်ရ။
ရေငွေ့ဖြန့်ဝေမှု မညီညာ။ မြစ်သခင်၏တာဝန် အရေးပါမှုက ထင်ရှားနေသည်။
“ဟုတ်ပါတယ်၊တစ်ချို့နေရာတွေမှာ သီးနှံအထွက်နှုန်းက တစ်ဝက်လောက်လျော့သွားပါတယ်။ အခြေအနေက ဒီနှစ်ပိုဆိုးလာပါတယ်”
“တစ်ချို့နေရာတွေမှာ သီးနှံတောင်လုံးဝစိုက်လို့မရတော့ဘူး”
ဖုန်ချင်အန်း လှိုင်းမြစ်ဆီ လှမ်းကြည့်နေသည်။ အဖြူရောင်ရေလှိုင်းများ လှုပ်ရှားနေသည်။ ပင်ဝူကောင်တီတွင် သူမြင်ခဲ့ရသည့် ခြောက်သွေ့သည့် ဂျုံခင်းများကို သူပြန်မြင်ရောင်လာသည်။ လယ်သမားများ လူချမ်းသာတစ်ယောက်မြင်သည်နှင့် သူတို့သားသမီးကို ဆွဲခေါ်လာပြီး တောင်းပန်၍ ရောင်းချနေသည့်မြင်ကွင်းကို ပြန်မြင်ယောင်လာသည်။
"ရွှီး”
ဓားအော်သံတစ်ချက် လေထဲတွင် ပျံ့နှံ့သွားသည်။ ဖုန်ချင်အန်း စိတ်ကိုစုစည်း၍ လက်ကိုဝှေ့ယမ်းလိုက်သည်။ သူအသုံးပြုလေ့မရှိသည့် ရှေးဆန်သည့်ဓားရှည်က လက်ထဲတွင် ပေါ်လာသည်။
ရိုးရှင်းသည့်ဓားရှည်မှ အနီရောင်စွမ်းအင်တစ်ခု ခပ်မှိန်မှိန် ထိုးထွက်လာသည်။န နီညိုရောင်ဖြစ်သည်။ အနီရောင်နဂါးတစ်ကောင် ဓားအိမ်ကို ခွေပတ်နေသလိုရှိသည်။ နဂါးအော်သံမျိုး ထွက်လာသည်။
“သခင်လေး ဘာလုပ်နေတာလဲ”
ဓားကိုမြင်သည်နှင့် နတ်မင်းများ ခြေလှမ်းအတော်များများ နောက်ဆုတ်သွားကြသည်။
“ဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့။ လှိုင်းမြစ်သခင်ကို ခေါ်လိုက်ပါ။ ငါသူနဲ့စကားပြောချင်တယ်”
ဖုန်ချင်အန်း ပြုံး၍ပြောလိုက်သည်။ ယခုသူ ထိုဓားကို ထုတ်သုံးနိုင်ပြီဟု ယုံကြည်မှုရှိလာသည်။