ဓားသွားထက်က အမှန်တရား
Vol. 18 Ch. 264
“သခင်လေး၊ လှိုင်းမြစ်သခင်နဲ့ တကယ်စကားပြောမလို့လား”
နတ်မင်းက ဖုန်ချင်အန်းလကထဲမှဓားကိုကြည့်၍ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ မြစ်သခင်ပေါ်လာသည်နှင် ထိုသခင်လေး ဓားကိုဆွဲထုတ်ပြီးခုတ်ချမည်သာဖြစ်သည်။
“ဘာဖြစ်လို့လဲ”
ဖုန်ချင်အန်း သူ့ဝတ်ရုံသူငုံ့ကြည့်သည်။ ဘာအမှားအယွင်းမှ မရှိပါ။
သို့သော် နတ်မင်း၏ ကြောက်ရွံ့နေသည့်မျက်နှာကိုကြည့်ပြီးနောက် သူရယ်လိုက်သည်။
“အဆင့်အတန်းရှိတဲ့ ပညာရှင်တစ်ယောက် ဓားဆောင်ထားတာ ဖြစ်သင့်တယ်မဟုတ်လား”
“ဟုတ်ကဲ့၊ မှန်ပါတယ် သခင်လေး”
နတ်မင်း ခေါင်းငြိမ့်သည်။ သို့သော် စိတ်ထဲက သိပ်မယုံရဲ။ နှစ်ပေါင်းရာချီ ရှင်သန်ခဲ့သည့် သူ့လိုနတ်မင်းပင် ထိုမျှရဲတင်းလွန်းသည့် စာပေပညာရှင်မျိုး မမြင်ဖူးပေ။
နေ့ခင်းကြောင့်တောင် ရုံးတော်ကို လက်နက်ကိုင်၍ဝင်မွှေသည်။ ဒုတရားသူကြီးကိုသတ်၍ တရားသူကြီးျုပ်ကို နှုတ်ထွက်ခိုင်းသည်။ အင်ပါယာထိုက်ဇုလက်ထက် ညကင်းရုံးတော်၏တန်ခိုးအာဏာ ထိပ်ဆုံးအဆင့် ရောက်နေချိန်မှာပင် ထိုမျှရဲရဲတင်းတင်းမလုပ်ဖူးကြ။
“ဒါဆို ရေသခင်ကို မင်းဆင့်ခေါ်နိုင်လား”
“ဒါ ဒါတော့ ကျုပ်မတတ်နိုင်ပါဘူးသခင်လေး”
နတ်မင်း ချက်ချင်းအမူအရာပြောင်းသွားသည်။ သူသည်ပြည်နယ်မြို့တော်၏ စာပေနတ်မင်းဖြစ်သော်လည်း မြို့တော်နတ်ဘုရားကိုယ်တိုင်လာလျှင်ပင် မြစ်သခင်က အရေးစိုက်မည်မဟုတ်။
နတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်ချင်း တူညီသော်လည်း လူသားပူဇော်မှုနှင့် တန်ခိုးထွားလာသည့် နတ်ဝိညာဉ်နှင့် တောင်တန်းမြစ်ချောင်းများကို အုပ်ချုပ်သည့် မြေဝိညာဉ်များ အခြေခံမတူညီက။ တစ်ယောက်ကိုတစ်ယောက် မနာလိုဖြစ်ကြသည်။ အထင်သေးရှုံ့ချကြသည်။
ဝိညာဉ်နတ်တို့စွမ်းအားသည် အားလုံးနီးပါး လူသားတို့ပူဇော်မှုမှ ရလာခြင်းဖြစ်သည်။ ပူဇော်မှုမရလျှင် နတ်အဆင့်လျော့ပါးသွားသည်။ ထို့ကြောင့် နတ်ဝိညာဉ်တို့၏ရာထူးနေရာသည် အပြောင်းအလဲများသည်။
မြေဝိညာဉ်တို့က တောင်တန်းနှင့်မြစ်များအပေါ်တွင်သာ အဓိကမှီတည်အားထားသည်။ နတ်အဆင့်များက တည်ငြိမ်သည်။ အများအားဖြင့် အပြောင်းအလဲမရှိ။ နှစ်ရာချီထောင်ချီ၍ တည်မြဲနေသည်။ ပိုစွမ်းအားတိုးစေရန် ပူဇော်ပသမှုများကိုသာ မျှော်လင့်ရသည်။
သို့သော် မြေဝိညာဉ်တို့ မည်မျှကြိုးစားအားထုတ်သည်ဖြစ်စေ မြို့နေနတ်မင်းများနတ်ဘုရားများလောက်တော့ အပူဇော်မခံရ။
ထို့ကြောင့် နတ်ဝိညာဉ်နှင့် မြေဝိညာဉ်တို့ အချင်းချင်း မနာလိုတိုရှည်ဖြစ်ကြသည်။ သို့သော် တစ်ယောက်ကိုတစ်ယောက်လည်း အထင်သေးရှုတ်ချကြသည်။
လှိုင်းမြစ်သခင်က ထိုသို့မဟုတ်။ မြစ်ပြင်ကို ထိန်းချုပ်ခွင့်ရသလို လူသားတို့၏ ပူဇော်ပသမှု ရထားသူဖြစ်သည်။ ထို့ကြောင့် သူ့ဘဝက အလွန်တရာစိုပြေဖွံ့ဖြိုးသည်။
ပူဇော်မှုသက်သက်ကို အားထားနေသည့် နတ်ဝိညာဉ်များကို သူအထင်မကြီး။
“မင်းမခေါ်နိုင်ဘူးလား”
ဖုန်ချင်အန်း ပြည်နယ်မြို့တော် စာပေနတ်မင်းကို တစ်ချက်ကြည့်လိုက်သည်။ မြို့တော်နတ်ဘုရားကိုယ်တိုင် ပေါ်မလာသည်ကို သူနားလည်လာသလိုရှိသည်။ မြစ်သခင်ကို သူလည်း မဆင့်ခေါ်နိုင်သောကြောင့်ဖြစ်မည်။
“သခင်လေး၊ ကျုပ်စမ်းကြည့်ပါ့မယ်”
စန်းမြောင်က ပြောသည်။ မြစ်သခင်ကို ဖုန်ချင်အန်း သတ်လိုကြောင်း ရိပ်စားမိသဖြင့် ဝမ်းမြောက်ဝမ်းသာ ကူညီလိုခြင်းဖြစ်သည်။
“မင်းက မြစ်ကြမ်းပြင်ကို မွှေနှောက်မလို့လား”
ဝိညာဉ်စာချုပ်မှတစ်ဆင့် စန်းမြောင်၏အတွေးများကို ဖုန်ချင်အန်း ရိပ်မိသည်။ တောင်နက်နှင့် အလင်းနဂါးတို့၏ စိတ်အတွေးလောက် ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သည်။
“ဟုတ်ပါတယ်”
“ညရောက်တဲ့ထိ စောင့်ပါဦး။ မြစ်ရေပြင်ပေါ်မှာ တစ်ခုခုဖြစ်ခဲ့ရင် ညအမှောင်ကို အသုံးချပြီး လူတွေအထိတ်တလန့်မဖြစ်အောင် ဖုံးကွယ်လို့ရတာပေါ့”
သေမျိုးကမ္ဘာစည်းမျဉ်းများကို ဖုန်ချင်အန်း လိုက်နာသည်။ သာမန်လူများသည် သူတို့ဘေးမှ နတ်ဝိညာဉ်များ သရဲများကိုမမြင်ရ။ ထိုအရာသည်လည်း အကာအကွယ်အတားအဆီးတစ်မျိုးသာဖြစ်သည်။
မမြင်ရသဖြင့် ထိုဝိညာဉ်များနှင့် အတူယှဉ်တွဲနေထိုင်နိုင်ခြင်းဖြစ်သည်။ ကြောက်လန့်စရာမရှိ၊ ထိတ်လန့်စရာမရှိ။ မလိုအပ်သည့်ဒုက္ခများ မခံစားရတော့။ မည်သို့ဆိုစေ သရဲများ နတ်ဝိညာဉ်များ၏ အဆင်းသဏ္ဍာန်သည် သာမန်လူများလက်ခံနိုင်သည့်အနေအထားထက် များစွာကျော်လွန်နေသည်။
နေလုံးဝင်သွားပြီးနောက် အမှောင်ကျလာ။ တစ်နေကုန် လယ်လုပ်ရသည့် လယ်သမားများ နေညိုသည်နှင့် အိမ်ပြန်ကြသည်။ လှိုင်းမြစ်ကမ်းနှစ်ဘက် ချက်ချင်းငြိမ်ကျသွားသည်။ လူသားအရိပ်အယောင် မတွေ့တော့။
ရှောက်ပြည်နယ်နတ်မင်းများ စိတ်ဝင်တစားစောင့်ကြည့်နေသည်။ မြင်းတစ်ကောင် လှိုင်းထနေသည့် မြစ်ပြင်ပေါ်သို့ တက်သွားသည်။ ရေပြင်ကို မြင်းခွာထိသည်နှင့် လှိုင်းထနေသည့်ရေပြင် ငြိမ်ကျသွားသည်။ လှုပ်ရှားသံပင် မကြားရတော့။
စန်းမြောင်ဖြတ်သွားရာတလျှောက် ထိုသို့ဖြစ်ကျန်ခဲ့သည်။ တည်ငြိမ်သည် ရေလမ်းကြောင်းတစ်ခု ဖြစ်နေသည်။ ထိုလမ်းကြောင်းက မြစ်အောက်ခြေအထိ ဆန့်ထွက်သွားသည်။
စန်းမြောင်၏အစွမ်းကြောင့်တည်ငြိမ်နေသည့် ရေလမ်းကြောင်းက မြစ်ပြင်၏အဆက်မပြတ်ရိုက်ခတ်မှုအောက် ပြန်လည်ပြိုပျက်သွားပြန်သည်။ မြစ်ရေလှိုင်းများက ဝါးမျိုသွားပြန်သည်။
“သခင်လေးရဲ့မြင်းက အဆင်ပြေပါ့မလား”
အိမ်ထိန်းကျောက် နည်းနည်းစိုးရိမ်နေသည်။ ဖုန်ချင်အန်း နေ့တိုင်းစီးခဲ့သည့်မြင်းက ရေထဲသို့ ဆင်းသွားသောကြောင့်ဖြစ်သည်။ ထိုမြင်းသည် သေသူကိုအသက်သွင်းပြီး အသားကို အရိုးဖြစ်အောင်ပြောင်းလဲ၍ မြစ်ရေကိုထိန်းချုပ်နိုင်သည့်အစွမ်းမျိုးရှိကြောင်း သူမသိ။
တွေးနေရင်း ဖုန်ချင်အန်းဘေးတွင်ထိုင်နေသည့် ဖြူနက်ဝံပုလွေနှစ်ကောင်ကို အိမ်ထိန်းကျောက် လှမ်းကြည့်မိသည်။ မြင်းသည်ပင် ထိုနတ်စွမ်းအားမျိုးရှိသည်။ ထိုဝံပုလွေနှစ်ကောင်လည်း သာမန်မဟုတ်နိုင်။
“အာဝူး...”
ထိုစဉ် တောင်နက် ခပ်တိုးတိုးအော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က သာမန်အရွယ်အစားမှ ချက်ချင်းကြီးထွားလာသည်။ သိုင်းသမားများ တအံ့တဩကြည့်နေစဉ်မှာပင် သာမန်အရွယ်အစားမှ မျှော်စင်တစ်ခုအရွယ်အစားမျိုး ပြောင်းသွားသည်။ ခြေလက်နှင့်ခန္ဓာကိုယ်ကို အပြာရောင်မီးတောက်များ ဖုံးလွှမ်းနေသည်။
အစောကတည်းက ခြေလှမ်းဆုတ်သွားသည့် နတ်မင်းများ နောက်ထပ်ခြေလှမ်းဆုတ်သွားပြန်သည်။ ဝိညာဉ်စားမီးတောက်ကို သူတို့ ကြောက်ရွံ့မုန်းတီးကြသည်။