ဓားသွားထက်က အမှန်တရား (၂)
Vol. 18 Ch. 265
“သရဲဝံပုလွေပဲ”
တောင်နက်ကိုကြည့်၍ တစ်ချို့နတ်မင်းများ တအံ့တဩ အော်ဟစ်ကြသည်။ ဖုန်ချင်အန်းကို ပို၍လေးစားလာကြသည်။ ကြောက်စရာနတ်ဆိုးမျိုးနွယ်ဖြစ်သည်။ မဟာနတ်ဆိုးဖြစ်လာနိုင်ခြေရှိသည်။ ထိုသားရဲမျိုးက ဖုန်ချင်အန်းနောက်သို့ သစ္စာခံခွေးတစ်ကောင်လို လိုက်နေသည်။
“အာဝူး...”
ပိုင်ယော်လည်း အော်သံတစ်ချက်ပြု၍ အသွင်ပြောင်းလိုက်သည်။ အကြည့်အားလုံး ပိုင်ယော်ထံ ရောက်လာသည်။ ပုံစံအစစ်သို့ ပြောင်းလိုက်သည်။
တောင်နက်ထက် အရွယ်အစားမသေးသော်လည်း တောင်နက်က ခံ့ညားကြမ်းတမ်းသည့်ဟန်ပန်ရှိသည်။ ပိုင်ယော်၏ကိုယ်ဟန်က သွက်လက်ပေါ့ပါးသည်။
“ဝိညာဉ်သားရဲပါလား”
နတ်မင်းများ အံ့ဩသထက် အံ့ဩသွားသည်။ ပိုင်ယော်သရုပ်မှန်ကို မြင်ပြီးနောက် ကျင့်ကြံခဲ့သည့်လမ်းကြောင်းကို ခန့်မှန်းမိကြသည်။ ထွက်လာသည့် တော်ထဲမှသတ္တဝါအားလုံးနှင့် ရင်းနှီးကျွမ်းဝင်နေသည့် စွမ်းအင်ရောင်မျိုးသည် အတုလုပ်၍မရ။
နတ်ဆိုးမျိုးနွယ်တို့သည် စိတ်ထင်ရာပြုမူတတ်သည်။ ထို့ကြောင့် အကောင်းအဆိုး ခွဲခြားနိုင်စွမ်း နည်းပါးသည်။ သို့သော် ဝိညာဉ်သားရဲတို့က ထိုသို့မဟုတ်။ အေးစက်မောက်မာတတ်သော်လည်း ဝိညာဉ်များကို လုံးဝအန္တရာယ်မပေး။
“သခင်လေးဘေးမှာရှိတဲ့တောင်နက်က အရမ်းစွမ်းအားကြီးတာပဲ။ ငါသူ့ကို မယှဉ်နိုင်လောက်ဘူး”
ဝံပုလွေနှစ်ကောင် အရွယ်အစားအတူတူဖြစ်သော်လည်း တောင်နက်သည် ပိုစွမ်းအားကြီးကြောင်း သိုင်းသမားများ ချက်ချင်းရိပ်စားမိသည်။ တောင်နက်ခန္ဓာကိုယ်နှင့် တစ်သားတည်းလိုဖြစ်နေသည့် စွမ်းအင်ရောင်က သူတို့အပေါ် ကြီးမားသည့်ဖိအားတစ်ခု သက်ရောက်နေသည်။ အပ်ဖြင့်ထိုးခံနေရသလို ခံစားရသည်။
"ဘုန်း”
လှိုင်းမြစ်ရေပြင် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ရေလုံးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။ ရေအောက်မှ ကြီးမားသည့်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်မှ နက်ပြာရောင်သွေးစက်တစ်ချို့ ကျလာသည်။
“ဝုန်း”
ပတ်ဝန်းကျင် အနည်းငယ်တုန်ခါသွားသည်။ အကောင်အထည်ကို ရှင်းလင်းစွာ မြင်လာရသည်။ စိမ်းပြာရောင်ကြေးခွံ အစိမ်းရောင်မျက်နှာနှင့် အစွယ်ထွက်နေသည့် သရဲ(ယတ်ရှာ) တစ်ကောင်ဖြစ်သည်။
နတ်ဝိညာဉ်ဘုံကျောင်းတွင် သေမျိုးယင်ချီဓာတ်တို့ကြား တာဝန်ထမ်းဆောင်သည့် သရဲနတ်မင်းများနှင့်မတူ။ ယခုသရဲက ကိုယ်လုံးကိုယ်ထည် အတော်ကြီးသည်။ မြေပေါ်လှဲနေချိန်မှာပင် ဆယ်ပေခန့်မြင့်သည်။ သာမန်လူများအတွက် လှေခါးထောင်တက်မှ သူ့ကျောကုန်းပေါ် ရောက်နိုင်မည်။
“ဒါ လှိုင်းမြစ်ရဲ့ ကင်းလှည့်စစ်သူကြီးပဲ”
မကြာမီ ထိုသရဲကို နတ်မင်းများ မှတ်မိသွားကြသည်။ ပို၍အံ့ဩမိလာသည်။ ထိုသရဲမည်မျှစွမ်းအားကြီးကြောင်း သူတို့သိထားသည်။
သရဲခန္ဓာကိုယ်ကို ကြည့်ရုံဖြင့် သိသာသည်။ အရွယ်အစားသည် ခွန်အားကို အကဲဖြတ်လျှင် မတိကျနိုင်သော်လည်း အများအားဖြင့် ထိုသို့သာသုံးသပ်သည်။ အရွယ်အစားထိုမျှကြီးလျှင် အရမ်းအားနည်းနေမည်တော့မဟုတ်။
“စွမ်းအားကြီးလှချည်လား”
မြစ်အောက်တွင် ရေသရဲစစ်သူကြီးတစ်ယောက်ကို အနိုင်ယူတိုက်ခိုက်၍ ကုန်းပေါ်သို့ ပစ်တင်ရခြင်းသည် တိုက်ရိုက်သတ်ဖြတ်သည်ထက် ပိုခက်ခဲသည်။ အင်အားများစွာလိုအပ်သည်။
“ဒီလူက ဘယ်အဆင့်မျိုးလဲ၊ စွမ်းအားကြီးလှချည်လား”
“ဒီလိုစွမ်းအားမျိုးရှိတာတောင် စီးတော်ယဉ်အဖြစ် လိုက်လာတယ်ဆိုရင် ဖုန်သခင်လေးက ပိုပြီးခန့်မှန်းရခက်တာပဲ”
“ငါတို့ သိပ်စိုးရိမ်စရာမလိုလောက်ဘူး။ ဒီသခင်လေးက မြစ်သခင်ကို ဖျောင်းဖျနိုင်လောက်ပါတယ်”
“ဟုတ်တယ်။ ငါတို့ရှောက်ပြည်နယ်ကို ကယ်တင်နိုင်ပြီ။ ဒီနှစ် အချိန်မီ မိုးရွာလာရင် ငါတို့ပြည်နယ်ကလူတွေ မငတ်နိုင်တော့ဘူး”
သူတို့ပျော်နေစဉ်မှာပင် ဖုန်ချင်အန်းက ရေသရဲစစ်သူကြီးဆီ လျှောက်သွားသည်ကို မြင်ရသည်။ ဓားဟောင်းကို ခါးတွင်ချိတ်ထားသည်။ နောက်ထပ် နှင်းဖြူရောင်ဓားရှည်ကိုထုတ်၍ ဓားသွားကို အပြင်သို့ဆွဲထုတ်လိုက်သည်။
“ဘာလုပ်နေတာလဲ ဖုန်သခင်လေး”
“ပြန်စဉ်းစားပါဦး သခင်လေး”
နတ်မင်းများ တားဆီးလိုလျှင်ပင် နောက်ကျသွားပြီဖြစ်သည်။ ဖုန်ချင်အန်းက လက်ထဲမှ နတ်စိမ်းဓားကို ဝှေ့ယမ်းလိုက်သည်။ အဖြူရောင်ဓားအလင်း ဖြတ်သွားသည်။ ရေသူရဲ၏ဦးခေါင်း ပြတ်ထွက်သွားသည်။
"ဖျောင်း”
ခေါင်းပြတ်သွားသည့်လည်ပင်းမှ နက်ပြာရောင်သွေးများ ပန်းထွက်လာသည်။ သို့သော် ရေသရဲက ချက်ချင်းမသေသေး။ ပြင်းထန်လွန်းသည့် ဝေဒနာကြောင့် ခေါင်းမဲ့ခန္ဓာကိုယ် အလိုလို ထရပ်လာသည်။
အာရုံငါးပါးမသိသည့် ခန္ဓာကိုယ်က အလိုလိုလှုပ်ရှားလာသည်။ ခြေလှမ်းလှမ်းတိုင်း မြေကမ်းစပ်တွင် ကြီးမားသည့်ခြေရာက မြေပြင်ထဲတွင် နစ်ဝင်၍ကျန်ခဲ့သည်။ သို့သော် ထိုခြေရာများကို မမြင်နိုင်သည့် စွမ်းအားတစ်ခုက ချက်ချင်းပြုပြင်ပေးသည်။
ခေါင်းမဲ့ရေသရဲ လက်ကိုဝှေ့ယမ်း၍ သူ့ဦးခေါင်းသူရှာနေသည်။ ပြတ်သွားသည့်ဦးခေါင်းက နာကျင်စွာ အော်ဟစ်နေသည်။ ပြင်းထန်သည့်အသံလှိုင်းကို ခေါင်းမဲ့ခန္ဓာက အာရုံခံမိသွားသည်။
သို့သော် ခေါင်းမဲ့ခန္ဓာက ခေါင်းပြတ်ဆီ လက်လှမ်းလိုက်စဉ်မှာပင် နောက်ထပ် ဓားရောင်တစ်ချက် လက်သွားသည်။ ကြီးမားသည့်လက်နှစ်ဘက် တံတောင်ဆစ်နေရာမှ ပြတ်ကျသွားသည်။ ခေါင်းပြတ် နာကျင်စွာအော်ဟစ်သည်။
“အဆင့်မြင့်နတ်ဆိုးပဲ”
ခေါင်းဖြတ်ခံရပြီး မသေသေးသည့်ရေသူရဲကိုကြည့်၍ အိမ်ထိန်းကျောက် တုန်ရင်သည့်အသံဖြင့် ရေရွတ်လိုက်သည်။ သိုင်းသမားတစ်ယောက်ဖြစ်၍ ထိုအဆင့်မျိုးသို့ရောက်ရန် သူအိပ်မက်မက်ခဲ့သည်။
ဓာတ်နှောအဆင့်ရောက်လျှင် စွမ်းအားကြီးနတ်ဆိုးများကို တိုက်ခိုက်နိုင်သည်။ ပြတ်သွားသည့်ခြေလက်များကို အသစ်ဖန်တီးနိုင်သည်။ ခေါင်းပြတ်သွားလျှင်ပင် အချိန်မီပြန်ဆက်လျှင် အသက်မသေအောင် ထိန်းထားနိုင်သည်။ ကြောက်စရာကောင်းလွန်းသည့် ထိုအသက်ဓာတ်မျိုး ရှိနေသဖြင့်လည်း စွမ်းအားမြင့်နတ်ဆိုးများကို တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။
“စိတ်မကောင်းစရာပဲ”
အကြောဆွဲနေသည့် ခေါင်းမဲ့လက်ပြတ်ခန္ဓာကိုယ်ကို ဖုန်ချင်အန်း တစ်ချက်ကြည့်သည်။ ထို့နောက် ခေါင်းပြတ်ကို ငုံ့ကြည့်သည်။ ပွင့်နေသည့် မျက်လုံးများထဲတွင် ပြင်းထန်သည့် နာကျည်းမှုနှင့် အမုန်းတရားကို မြင်နေရသည်။
“ခန္ဓာကိုယ်ပြန်တည်ဆောက်ဖို့ဆို မင်းရဲ့ခေါင်းပြတ်ကို ပြန်ဆက်ဖို့လိုမယ်။ ဒါပေမယ့် မင်းအတွက် ဒုတိယဦးခေါင်း ပေါက်လာခွင့်ရမှာမဟုတ်တော့ဘူး”
ပြောနေရင်းမှ ခေါင်းပြတ်ကို လှမ်းဆွဲလိုက်သည်။ ထို့နောက် ဓားကို ရှေ့သို့ ထိုးစိုက်လိုက်သည်။ ထက်မြက်သည့် ဓားရိပ်ချီက ရေသရဲ၏ရင်ဘတ်ထဲသို့ စိုက်ဝင်သွားသည်။ အသားနှင့်သွေးများက ဒဏ်ရာကုသရန် စုဝေးလာကြသော်လည်း လျင်မြန်စွာလျော့ကျသွားသည့် အသက်ဓာတ်ကို ထိန်းမထားနိုင်တော့။
လည်ပင်းပြတ်နေရာတွင်လည်း သွေးနီရောင်အသားများ စုဝေးလှုပ်ရှား၍ ဒုတိယဦးခေါင်းတည်ဆောက်ရန် ကြိုးစားနေသည်။ သို့သော် အသက်ဓာတ်ဆုံးရှုံးမှုက မြန်လွန်းသည်။ ခန္ဓာကိုယ်ကို မထောက်ပံ့နိုင်တော့။ ကြာကြာခံတော့မည်မဟုတ်။
ဖုန်ချင်အန်း၏မျက်လုံးက အေးစက်စက်။ ရေသရဲ အသက်ဓာတ်ကုန်ဆုံးပြီးနောက် မြစ်ကမ်းစပ်တွင် လဲကျသွားသည်။ နက်ပြာရောင်သွေးများ ဝေးဝေးမစီးဆင်းနိုင်မီ သိုင်းသမားများက ဝမ်းသာအားရ သွေးများကို စုစည်းယူကြသည်။
“သခင်လေး ဘာလို့ သူ့ကိုသတ်လိုက်တာလဲ”
နတ်မင်းများ ဖုန်ချင်အန်းဆီ လျှောက်လာကြသည်။ ရေသရဲအလောင်းကို စိုးရိမ်နေဟန်ဖြင့် ကြည့်နေကြသည်။ ရန်သူ၏စစ်သူကြီးကို သတ်လိုက်သည်။ ထိုရန်သူကို မိုးရွာပေးဖို့ အသာတကြည်ဖျောင်းဖျနိုင်စရာ အကြောင်းမရှိတော့။
“ရှင်းနေတာကို မေးဖို့လိုသေးလား။ သူ့ကိုယ်ပေါ်မှာ နာကျည်းဒေါသစွမ်းအင်တွေ ဖုံးလွှမ်းနေတာ မမြင်ဘူးလား”
ဖုန်ချင်အန်းက အပြုံးအရယ်မရှိသည့်မျက်နှာဖြင့် ပြန်ပြောသည်။
သူဘာကြောင့် ရေသရဲကို တွေ့တွေ့ချင်းသတ်လိုက်သနည်း။ ရိုးရှင်းပါသည်။ သူ့ဓားက အလိုလိုတုံ့ပြန်မှုပြသောကြောင့်ဖြစ်သည်။ ထိုရေသရဲသည် လူသားများကို ဒုက္ခပေး၍ ဝါးမျိုခဲ့သည့် ရေသရဲဖြစ်သည်။ ဘာမှပြောဆိုဆွေးနွေးနေစရာ အကြောင်းမရှိ။
မြစ်သခင်လည်း ထိုကိစ္စအတွက် တန်ဖိုးတစ်ခု ပေးဆပ်ရမည်။ လူသားများကို ဝါးမျိုသည့် ရေသရဲက အသက်ဖြင့် ပေးဆပ်ရမည်။
“ဒါပေမယ့် လှိုင်းမြစ်သခင်နဲ့ စကားပြောဖို့ စိတ်ကူးထားတာမဟုတ်ဘူးလား။ သရဲစစ်သူကြီးကိုသာ အသက်ရှင်လျက်ထားရင်....”
“ဒါကို စံနမူနာပြတဲ့အနေနဲ့သုံးပြီး မြစ်သခင်ကို ထိန်းချုပ်မယ်။ မိုးပုံမှန်ရွာအောင် ခြိမ်းခြောက်လိုက်မယ်လေ။ အဲလိုဆို ဖြစ်နိုင်မယ်ထင်လား”
ဖုန်ချင်အန်း ရယ်မော၍ ပြန်ပြောလိုက်သည်။ ထိုနတ်မင်းများကို သူအပြစ်မတင်ပါ။ မိုင်တစ်ထောင်ရှည်သည့်မြစ်ကို ထိန်းချုပ်ထားသည့် မြစ်သခင်၏ဩဇာက တကယ်ကြီးမားလွန်းသည်။ မြစ်သခင်က သူတို့လိုနတ်မင်းများကို အဖက်လုပ်၍စကားပင်ပြောမည်မဟုတ်။
“အဲလိုရည်ရွယ်ထားတယ်ဆိုရင်တောင် ဒီရေသရဲစစ်သူကြီးကို သတ်လိုက်တာကတော့ လုံးဝမကောင်းဘူး”
“မကောင်းဘူးတဲ့လား။ လှိုင်းမြစ်သခင်နဲ့ စေ့စပ်ညှိနှိုင်းဖို့ ငါ့ယုံကြည်ချက်တွေ ဘယ်ကရလာတယ်ထင်လဲ”
ဖုန်ချင်အန်း မခိုးမခန့်ပြုံးလိုက်သည်။
နတ်မင်းများ ပါးစပ်ပိတ်သွားသည်။
ဖုန်ချင်အန်းက ခါးမှ ရှေးဟောင်းဓားရှည်လက်ကိုင်ရိုးကို ခပ်တင်းတင်းဆုပ်လျက် နတ်မင်းအားလုံးကို မျက်လုံးဝေ့ကြည့်သည်။
“ငါ့ယုံကြည်ချက်က ငါ့လက်ထဲက ဓားသွားပဲ”