နဂါးမ (၂)
Vol. 19 Ch. 271
ဖုန်ချင်အန်းစကားကြောင့် နတ်ထိုင်ခုံတွင်ထိုင်နေသည် လူသားအသွင်လိပ်တစ်ကောင်က ချက်ချင်းနှစ်သိမ့်သည်။
“သခင်ကွေ့၊ ဆက်မပြောပါနဲ့တော့။ ကျုပ်က ရေစွမ်းအင်ကြောနဲ့ ဘယ်တော့မှ မချည်နှောင်ပါဘူး”
လိပ်အဘိုးအိုကိုကြည့်၍ ဖုန်ချင်အန်း သက်ပြင်းချသည်။ ထို့နောက် ပြန်မေးသည်။
“ကျုပ်ခင်ဗျားကို နောက်တစ်ကြိမ် ထပ်မေးသည်။ ရေစွမ်းအင်ကြောကို ထိန်းချုပ်ဖို့ ဆန္ဒရှိသလား။ ခင်ဗျားခေါင်းတစ်ချက်ငြိမ့်တာနဲ့ မြစ်သခင်ရာထူးနေရာမှာ ခင်ဗျားကိုထိုင်ခွင့်ပြုလို့ရတယ်နော်”
မျိုးစိတ် - ဝိညာဉ်လိပ်
ဗီဇ - လိပ်၊ ဝိညာဉ်၊ ရေ၊ ကောင်းကင်
စွမ်းရည် - သခင်၊ အလတ်တန်းဆင့်
တိုက်ခိုက်စွမ်းအား - မိုနာ့၊ အခြေခံအဆင့်
“ဒီမေးခွန်း သခင်လေးကျုပ်ကိုမေးတာ ခြောက်ကြိမ်မြောက်ပဲ။ ကျုပ်အသက်ကြီးပါပြီ။ မြစ်သခင်တာဝန်တွေကို ထမ်းဆောင်ဖို့ စွမ်းအင်သိပ်မရှိတော့ဘူး။ သခင်လေး စိတ်မဝင်စားရင် တစ်ခြားတစ်ယောက်ကိုပဲ ရွေးပါ”
လိပ်အိုလည်း သက်ပြင်းချသည်။ အဘယ်ကြောင့် အလွယ်ရမည့် မြစ်သခင်ပလ္လင်ကို စိတ်မဝင်စားသည်မသိ။ ရှေ့တစ်လှမ်းဆက်တိုးရုံဖြင့် ထာဝရဘဝကို သာယာာနိုင်သည်။
သူကိုယ်တိုင်ကတော့ မြစ်သခင်ဘဝကို စိတ်မဝင်စားတော့။ သူ့သက်တမ်း အတော်ရင့်ခဲ့ပြီဖြစ်သည်။ ရေစွမ်းအင်ကြောကို မထိန်းချုပ်ချင်။ အချည်နှောင်မခံချင်။ သူ့သဘာဝသည် အရင်ကတည်းက နှေးကွေးသည်။
“အသက်ကြီးတာဘာအရေးလဲ။ ရေစွမ်းအင်ကြောကို ထိန်းချုပ်ရင် စွမ်းအားအဆင့် တိုးလာမှာပဲ။ သက်တမ်းလည်း ရှည်လာမယ်။ အခုလို အိုမနေတော့ဘူး။ အရင်လို ငယ်ရွယ်တဲ့ဘဝကို ပြန်ရလာမယ်လေ”
ဖုန်ချင်အန်း ဖျောင်းဖျရန် ကြိုးစားသည်။ ထိုအရာသည် မြစ်သခင်တို့၏ ကောင်းကွက်ဖြစ်သည်။ ကန့်သတ်ချက်များစွာရှိသော်လည်း ဤလောကမှ သက်ရှိများစွာ လိုချင်ကြသည်။
ထာဝရရှင်သန်မှုအတွက် လမ်းကြောင်းဖြစ်သည်။ တစ်ခုတည်းသောချို့ယွင်းချက်က ထိုလမ်းကြောင်းသည် စလျှောက်လိုက်သည်နှင့် ပြောင်းလဲ၍မရတော့ခြင်းဖြစ်သည်။
“ကျပ်ကို ထပ်မဖျောင်းဖျပါနဲ့တော့ သခင်လေး။ ကျုပ်ဆုံးဖြတ်ပြီးပါပြီ။ မြစ်သခင်ကို ကူညီတဲ့လူပဲ ကျုပ်ဖြစ်ချင်တယ်။ မြစ်သခင်မဖြစ်ချင်ပါဘူး”
လိပ်အဘိုးအိုက အပြတ်ငြင်းသည်။
“ခင်ဗျားတို့ လိပ်အိုတွေဟာလေ...”
ဖုန်ချင်အန်း စိတ်ပျက်သွားသည်။ သို့သော် လိပ်အိုကို ဒုက္ခမပေးပါ။ ရေနဂါးအိမ်တော်ာကို အလွယ်တကူရခဲ့ခြင်းမှာ သူ့ကြောင့်ဖြစ်သည်။
ရေနဂါးအိမ်တော်သို့ မဝင်မီကတည်းက မြစ်သခင်မရှိတော့သော်လည်း မိုနာ့အဆင့် စွမ်းအားရှင်နှစ်ယောက်ရှိသေးကြောင်း သူအာရုံခံမိခဲ့သည်။ တစ်ယောက်က ဤလိပ်အိုဖြစ်သည်။ နောက်တစ်ယောက်က မြစ်သခင်၏ဇနီးဖြစ်သည်။
သွေးနှောရေနဂါးဖြစ်သော်လည်း မြစ်သခင်၏ဇနီးဖြစ်၍ ရေမျိုးနွယ်ဝိညာဉ်ထဲတွင် ထိပ်ဆုံးအဆင့်ရှိနေသည်။
သို့သော် ဉာဏ်ကော်းသူတို့သည် မည်သည့်အချိန် အညံ့ခံရမည်ကိုသိသည်။ ဖုန်ချင်အန်းတို့အဖွဲ့စွမ်းအားကိုမြင်ပြီးနောက် မြစ်သခင်၏ဇနီးက ခုခံတိုက်ခိုက်ရန် စိတ်ကူးခဲ့သည်။
သို့သော် လိပ်အိုက မြစ်သခင်ဇနီးထံ ရောက်သွားပြီး ကံကြမ္မာကို တွက်ချက်ပေးသည်။ လိပ်အို၏ ဟောစာတမ်းကိုကြားပြီးနောက် ရုပ်ခန္ဓာအတုကိုစွန့်ကာ နဂါးမျိုးဆက် သားမြေးများကိုခေါ်ပြီး ချက်ချင်းထွက်ပြေးသည်။ လိပ်အိုတစ်ယောက်သာကျန်ခဲ့ပြီး ဖုန်ချင်အန်းတို့အဖွဲ့နှင့် ပူးပေါင်းသည်။ အဆင့်မြင့်လိပ်အိုက ထိုသို့လုပ်လိုက်သဖြင့် ကျန်သည့်ရေမျိုးနွယ်များ စောဒကတက်စရာမရှိတော့။ လိပ်အို၏အကူအညီဖြင့် ဖုန်ချင်အန်း ရေနဂါးအိမ်တော်ကို ထိန်းချုပ်ခွင့်ရသွားသည်။
“ကောင်းပြီလေ၊ ခင်ဗျား မြစ်သခင်မဖြစ်ချင်ရင် သင့်တော်တဲ့ဆက်ခံသူတစ်ယောက် ရွေးပေးပါဦး”
ဖုန်ချင်အန်း ခြေတစ်လှမ်းဆုတ်သည်။ သုံးလေးရက်ကြာပြီးနောက် မြစ်သခင်ရာထူးကို လွှဲပေးချင်လာသည်။ သို့သော် လျစ်လျူရှူ၍တော့မရ။ မြစ်ကမ်းနှစ်ဘက်မှလူများကို ကြင်နာတတ်သည့် မြစ်သခင်တစ်ယောက် သူရွေးရမည်။
“သခင့်ရဲ့သံချပ်ကာရော စီးတောယာဉ်မြင်းနဂါးပါ အားလုံးသင့်တော်...”
“အဲလိုမျိုးမပြောနဲ့။ ကျုပ်နဲ့မပတ်သက်တဲ့တစ်ယောက်ယောက်ကို ရွေးချယ်ဖို့ပြောတာ။ သူတို့စရိုက်တွေနောက်ခံတွေ ဘာဖြစ်ဖြစ်အရေးမကြီးဘူး။ လူသားမျိုးနွယ်နဲ့ နီးစပ်ဖို့ အရေးကြီးဆုံးပဲ။ နောက်တစ်ကြိမ် ကျုပ်ဓားကို ထုတ်ပြီး သတ်ရတာမျိုးမလုပ်ချင်တော့ဘူး”
ဖုန်ချင်အန်း စကားဖြတ်ပြောလိုက်သည်။
နှစ်ထောင်ချီသက်တမ်းရှိခဲ့သည့် ထိုလိပ်အိုကို အိုမင်းချည့်နဲ့သည်ဟူ၍ ဖုန်ချင်အန်း မတွေးရဲ။ အိုမင်းပြီဟူသည့်စကားမှာ အဓိပ္ပါယ်မရှိ။ အိုမင်းခြင်းတွင်း အနှစ်သာရရှိသည်။
အိုမင်းခြင်းသည် လိပ်အိုကြီး၏ သရုပ်မှန်ကို ဖွင့်ထုတ်ပြနေသည်။ လိပ်အိုသည် ဖုန်ချင်အန်းသတ်ခဲ့သည့် မြစ်သခင်ထက်ပင် ပိုကြောက်စရာကောင်းသေးသည်။
စွမ်းရည်အဆင့်နှင့် လက်ရှိရောက်နေသည့် တိုက်ခိုက်စွမ်းအားအဆင့်က ဖုန်ချင်အန်း မြင်ဖူးသမျှတွင် ကွာဟချက်အကြီးဆုံးဖြစ်နေသည်။ ထိုလိပ်အိုသည် အကြိမ်များစွာ အကန့်အသတ်ကျော်လွှား၍ အဆင့်တက်ခဲ့သည့်သဘောဖြစ်သည်။
“သခင်လေး၊ တကယ်တော့ မြစ်သခင်နေရာကို ဆက်ခံမယ့်အသင့်တော်ဆုံးလူက သခင်လေးနဲ့ ကံချင်းဆက်စပ်နေပါပြီ။ စိတ်အေးအေးထားပြီး စောင့်ဖို့ပဲ လိုပါတယ်။ အလိုလိုကြုံဆုံရပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း သခင်လေးရှေ့မှာ သူပေါ်လာပါလိမ့်မယ်”
“ကျုပ်ကံကြမ္မာကို တွက်ချက်ကြည့်တာလား”
ဖုန်ချင်အန်း လိပ်အိုကို ကြည့်လိုက်သည်။ လိပ်ခွံပေါ်မှ သဘာဝအတိုင်းဖြစ်ပေါ်နေသည့် အရောင်အသွေးက စိတ်ဝင်စားစရာကောင်းသည်။ အချိန်ကြာမြင့်စွာကြည့်လျှင် မြင်ကွင်းများဝေဝါးပြီး မူဝေလာသည်။
“ဟုတ်ပါတယ်”
“ဒါဆိုအခု ကျုပ်နေရာဆက်ခံမယ့်လူက ဘယ်မှာလဲ”
ဖုန်ချင်အန်း စိတ်အားထက်သန်စွာမေးသည်။
“ကောင်းကင်ဆန္ဒကို လွန်ဆန်လို့မရပါဘူး။ စိတ်ရှည်ရှည်နဲ့စောင့်ပေးပါ”
လိပ်အိုက ကျမ်းစာရွတ်သလို လုပ်နေသည်။ သို့သော် ဖုန်ချင်အန်း သူ့ပေါက်တတ်ကရစကားများကို မယုံကြည်ပါ။ နတ်စိမ်းဓားကိုထုတ်၍ လိပ်အို၏လည်ပင်းပေါ် တင်လိုက်သည်။
“သခင်ကွေ့၊ ကျုပ်လက်ထဲကဓားဟာ တုံးနေပြီလို့ သွယ်ဝိုက်ပြီးပြောနေတာလား”