← Chapters

လူကောင်းမဟုတ်

Vol. 19 Ch. 275

လူကောင်းမဟုတ်

Vol. 19 Ch. 275

“စေတနာထားပေးတာ ကျေးဇူးတင်ပါတယ် ညီမလေး။ ဒါပေမယ့် အပြင်ထွက်ပြီး သတင်းစုံစမ်းဖို့ မလိုတော့ပါဘူး”

ကျန်းယွဲ့သဘောထားကို သိရသဖြင့် အကိုစွန်း အတော်ပျော်သွားသည်။ သို့သော် စီနီယာတစ်ယောက်၏ ဣန္ဒြေကိုထိန်း၍ ပြုံးချင်စိတ်ကို ထိန်းထားရသည်။

“အခုနကပဲ တည်းခိုခန်းပိုင်ရှင်ဆီမှာ စုံစမ်းပြီးပြီ။ ဓားနက်ဂိုဏ်းကလူတွေ ထွက်သွားပြီတဲ့။ ဒီတော့ ဒီနေ့တစ်ရက်နားပြီး မနက်ဖြန်မှ သူတို့နောက်ကိုလိုက်မယ်။ အလျင်မလိုတော့ပါဘူး”

“ကောင်းပြီလေ၊ အကို့အစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့”

ကျန်းယွဲ့ အပြင်ဘက်မှ ဈေးဆိုင်ဆီလှမ်းကြည့်သည်။ ရန်စနေသည့် ရွှေနဂါးလေး ပျောက်သွားပြီဖြစ်သည်။ သူခြေရာခံလိုက်ဖို့ လုံးဝမဖြစ်နိုင်တော့။

လိုက်သွားလျှင်လည်း ရှာတွေ့မည်မဟုတ်။ ထူးဆန်းသည့် ထိုနဂါးသည် သူ့ထံ ပြန်လာလိမ့်မည်ဟု သူယူဆမိသည်။

“ဒါက အဘိုးငါ့ကိုလက်ဆောင်ပေးခဲ့တဲ့ ဓားကြောင့်များလား”

အတွေးမျိုးစုံ သူ့စိတ်ထဲဝင်လာသည်။ သန့်စင်သည့်နဂါးသွေးဆက်တစ်ကောင် မျက်စိကျစရာဟူ၍ တစ်ခြားပစ္စည်းမျိုး သူ့တွင်မရှိနိုင်။

လွန်ခဲ့သည့်သုံးနှစ်က သူ့အဘိုးပေးခဲ့သည့် နတ်လက်နက်သာ နဂါးမျိုးနွယ်များကို ဆွဲဆောင်နိုင်လိမ့်မယ်။

တစ်ခြားရတနာလည်း သူ့တွင်မရှိ။ သူ့ကိုလိုချင်၍တော့ မဟုတ်သည်မှာသေချာသည်။

စန့်ကျန်းနန်းတော်တွင် နေထိုင်ခဲ့သည့် အတွေ့အကြုံအရ အဆင့်မြင့်သွေးဆက်နဂါးမျိုးနွယ်ကို သူဆွဲဆောင်နိုင်စွမ်းမရှိကြောင်း သူ့ဘာသာသိသည်။

“မြွေဟောက်မ”

ရုတ်တရက် နာနာကျည်းကျည်း ရေရွတ်သံ ကြားလိုက်ရသည်။ သို့သော် ကျန်းယွဲ့ မသိကျိုးကျွံပြုလိုက်သည်။ သူ့ဂိုဏ်းတူအမက သူ့ကိုမကျေမနပ်ဖြစ်နေမှန်း သူသိသည်။

အခြေအနေကို သူကောင်းကောင်းနားလည်သည်။ သို့သော် သူ့အမှားလည်းမဟုတ်။ သူ့အလှသူ ဖုံးကွယ်ပြီး သိပ်ထင်ထင်ရှားရှားမဖြစ်အောင် အကောင်းဆံးကြိုးစားသည်။ လူသားအသွင်စစ်ဖြင့် လူသားများကြား နေထိုင်နိုင်ရန် ကြိုးစားသည်။

“အားလုံး ဒီနေ့နားကြမယ်။ မနက်ဖြန်မှ ခရီးစထွက်မယ်”

“ဟုတ်ကဲ့ အကိုစွန်း၊ ကျွန်မ အပေါ်ထပ်မှာ သွားအနားယူတော့မယ်”

“ကောင်းကောင်းနားပါ ညီမလေး”

ကျန်းယွဲ့ အပေါ်သို့တက်သွားချိန်တွင် အကိုစွန်း စိုးရိမ်ပူပန်စွာ သတိပေးလိုက်သည်။ ဂိုဏ်းတူညီငယ်များထံမှ နည်းနည်းထူးဆန်းသည့်အကြည့်မျိုး သူ့ဆီရောက်လာသည်။

ကျန်းယွဲ့သဏ္ဌာန်ပျောက်သွားပြီးနောက် အစောပိုင်းကလို တည်ကြည်တင်းမာသည့် မျက်နှာမျိုး ပြန်ဖြစ်လာသည်။ တစ်ခြားလူများ၏ အမူအရာကိုသတိထားမိသဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ အားလုံး ချက်ချင်းခေါင်းငုံ့သွားကြသည်။

နောက်တစ်ရက်တွင် သူတို့ ယင်ရှန်းမြို့တော်မှ ထွက်သည်။ သတင်းရထားသည့် လမ်းကြောင်းဆီ ဦးတည်ကြသည်။ ဓားနက်ဂိုဏ်းနောက်သို့ လိုက်ကြသည်။ သို့သော် လမ်းတစ်ဝက်ရောက်သည်နှင့် လမ်းပေါ်တွင် လူသူအရိပ်အရောင် မတွေ့ရတော့။ ကျန်းယွဲ့ သူ့မြင်းကိုရပ်လိုက်သည်။

“ဘာဖြစ်လို့လဲ ညီမကျန်း”

တစ်ခြားသိုင်းသမားများလည်း မြင်းကိုယ်စီရပ်လျက် ခပ်လှမ်းလှမ်းတွင်ကျန်ခဲ့သည့် ကျန်းယွဲ့ကို လှမ်းမေးသည်။ တစ်ခုခု မူမမှန်ကြောင်း အားလုံးခံစားမိကြသည်။ ရှောက်ပြည်နယ်သို့ ဝင်လာကတည်းက ကျန်းယွဲ့အမူအရာ ထူးဆန်းနေသည်။

“စီနီယာအကိုတို့ အမတို့။ ဆက်သွားနှင့်ကြပါ။ ကျွန်မတစ်ယောက်တည်း ဖြေရှင်းရမယ့် ကိစ္စလေးတွေရှိလို့ပါ။ ကိစ္စပြီးတာနဲ့ အမီလိုက်ခဲ့မယ်”

ကျန်းယွဲ့ မှောင်မည်းနေသည့်ကောင်းကင်ကို အမြန်မော့ကြည့်သည်။ ထို့နောက် အချိန်အတိုင်းအတာတစ်ခုထိ အတူပေါင်းသင်းခဲ့သည့်လူစုကို ပြုံးပြသည်။ သူတို့သည် မိတ်ဆွေရင်းများမဟုတ်သော်လည်း နဂါးနန်းတော်မှလူများထက် များစွာပိုကောင်းသည်။

“ဘာတွေပြောနေတာလဲ ညီမကျန်း၊ ဘာကိစ္စရှိလို့လဲ ပြောပါ။ အကိုကူညီပါ့မယ်”

အကိုစွန်း မျက်မှောင်ကျုံ့သွားသည်။ တစ်ခုခု မူမမှန်သလို ခံစားနေရသည်။ သို့သော် ထိုခံစားချက် အဘယ်ကြောင့်ဖြစ်လာမှန်း သဲလွန်စရှာမရ။

မှောင်မည်းလာသည့်ကောင်းကင်ကို သူဂရုမစိုက်။ ယခုရက်အတွင်း ရှောက်ပြည်နယ်၏နေရာတိုင်းတွင် မိုးမကြာခဏရွာသည်။ အထူးအဆန်းမဟုတ်။

“အခုထွက်သွားကြပါ။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”

ခေါင်းမာနေသည့် အကိုစွန်းကိုကြည့်၍ ကျန်းယွဲ့ စိတ်ပျက်လက်ပျက် သက်ပြင်းချသည်။ ထိုအင်အားမျိုးကို ထိုသိုင်းသမားများ ရင်ဆိုင်နိုင်မည်မဟုတ်။

“ဘာတွေဖြစ်နေတာလဲ ညီမကျန်း”

ထူးဆန်းနေသည့် ဂိုဏ်းတူညီမကိုကြည့်၍ အကိုစွန်း စိတ်တိုလာသည်။ သို့သော် သူဘာမှဆက်မပြောနိုင်မီ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ ထူးဆန်းသိပ်သည်းသည့် နှင်းမြူများ ကောင်းကင်မှကျလာပြီး ကျန်းယွဲ့နှင့်သူ့မြင်ကို ဖုံးလွှမ်းသွားသည်။

နှင်းမြူက လေပြင်းနှင့်အတူ လိမ့်ဝင်လာသည်။ သိုင်းသမားအုပ်စုကို ချက်ချင်းဖုံးလွှမ်းသွားသည်။ လေပြင်းနှင့်နှင်းမြူ ချက်ချင်းရောက်လာသလို ချက်ချင်းပြန်ထွက်သွားသည်။ သို့သော် နှင်းမြူကွဲသွားချန်တွင် ကျန်းယွဲ့အရိပ်အယောင်ကို မတွေ့ရတော့။ သူစီးသည့်မြင်းသာ နေရာတွင် ဂဏာမငြိမ်ဖြစ်လျက် ကျန်ရစ်ခဲ့သည်။

“ညီမကျန်း”

ကျန်းယွဲ့ပျောက်ကွယ်သွားမှန်း သိလိုက်သဖြင့် အကိုစွန်း ဓားကိုဆွဲထုတ်၍ ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ ပြင်းထန်သည့် ချီစွမ်းအင်များ ထိုးထွက်လာသည်။လာသည်။ လေလှိုင်းများ ဖြစ်ပေါ်လာသည်။ မြင်းခွာဘေးမှ သစ်ရွက်ကြွေများ ဝဲပျံသွားသည်။ သို့သော် သူ့ရန်သူ မည်သည့်နေရာတွင် ရှိနေမှန်းမသိ။

“အကိုကြီး၊ညီမကျန်းကို နတ်းဆိုးတစ်ကောင်က ခေါ်သွားတာလား”

“ခုနက ကြုံရတာ ကောလဟာလပြောကြတဲ့ နတ်ဆိုးလေပြင်းဆိုတာဖြစ်မယ်။ လူ့စိတ်အာရုံကို ရှုပ်ထွေးအောင်လုပ်နိုင်တယ်။ သူ့ဦးတည်ရာကို ခန့်မှန်းလို့မရဘူးတဲ့။ နှင်းမြူတွေသာပျောက်မသွားရင် ငါတို့ ထွက်ပေါက်ရှာနိုင်ဖို့ မလွယ်ဘူး”

“နတ်ဆိုးကောင်၊ ထွက်လာပြီး ငါနဲ့တိုက်စမ်းပါ”

အကိုစွန်း လေထဲတွင် ဓားကိုဝှေ့ယမ်းလျက် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ့မျက်လုံးများ နီရဲနေသည်။ သို့သော် တုံ့ပြန်မှုမရှိ။ ကန်းရှအဆင့်ပင်မရောက်သေးသည့် သိုင်းသမားတစ်ယောက်ကို နဂါးသံချပ်ကာက လုံးဝစိတ်ဝင်စားမည်မဟုတ်။ ကန်းရှအဆင့်ရောက်နေလျှင်ပင် လက်ရှိနဂါးသံချပ်ကာကို ယှဉ်ပြိုင်တိုက်ခိုက်ချင်အောင် ဆွဲဆောင်နိုင်စွမ်းမရှိ။

All Chapters