← Chapters

လူကောင်းမဟုတ် (၂)

Vol. 19 Ch. 276

လူကောင်းမဟုတ် (၂)

Vol. 19 Ch. 276

“အော်မနေပါနဲ့တော့ အကို။ ညီမကျန်းက ဒီနတ်ဆိုးရောက်မလာခင်ကတည်းက အာရုံခံမိနေတာကို အကိုမရိပ်မိဘူးလား။ ညီမကျန်းယွဲ့က လူသားအသွင်ပြောင်းပြီး ကျွန်မတို့ကြားမှာ ပုန်းနေတဲ့ နတ်ဆိုးတစ်ယောက်ဖြစ်နိုင်တယ်။ အခု သူ့ရန်သူရောက်လာလို့ ဆက်ပြီးဟန်မဆောင်နိုင်တော့တာဖြစ်မှာပါ”

ညီမဝမ်က လှမ်းပြောသည်။

ကျန်းယွဲ့သည် ပုံမှန်မဟုတ်ဟု အရင်ကတည်းက သူခံစားခဲ့ရသည်။ ပြည့်စုံလွန်းနေသည်။

ဂိုဏ်းတွင် သူ့ရုပ်ရည်ကို ထူးခြားသည်ဟု အားလုံးက ယူဆထားသည်။ သို့သော် ကျန်းယွဲ့ရောက်လာပြီးနောက် သူသိမ်ငယ်သလိုဖြစ်သွားသည်။ ကျန်းယွဲ့ကို စီနီယာ ဂျူနီယာ ဂိုဏ်းတူညီအကိုများစွာ စိတ်ဝင်စားကြသည်။ ဆရာတစ်ချို့ပင် စိတ်ဝင်စားနေသယောင်ရှိသည်။

ယခု အဘယ်ကြောင့် ကျန်းယွဲ့ကို သူမယှဉ်နိုင်မှန်း သဘောပေါက်လာသည်။ ကျန်းယွဲ့သည် အသွင်ပြောင်းထားသည့် နတ်ဆိုးဖြစ်သည်။

“ပါးစပ်ပိတ်ထားစမ်း”

အကိုစွန်း အော်ငေါက်လိုက်သည်။ သူ့ဓားကိုပင် နည်းနည်းမြှင့်ထားပြီးဖြစ်သည်။ ကန်းရှအဆင့်ရောက်ခါနီး သိုင်းသမားဖြစ်၍ နတ်ဆိုးဖြစ်ဖြစ် လူသားဖြစ်ဖြစ် သူဂရုမစိုက်။ နတ်ဆိုးဖြစ်လျှင် ပိုတောင်ကောင်းသေးသည်။ ထိုကိစ္စများကို ဂရုမစိုက်။

“အားလုံး ငါနဲ့လိုက်ခဲ့။ ငါတို့ဆရာကို သွားတွေ့မယ်။ ဘယ်နတ်ဆိုးက ငါတို့လဆန်းဓားဂိုဏ်းကလူကို ပြန်ပေးဆွဲရဲတာလဲ ငါကြည့်ချင်တယ်”

“ဟုတ်ကဲ့”

ကျန်းယွဲ့ တိမ်တိုက်များပေါ်ရပ်လျက် သူ့ရှေ့မှ ရွှေနဂါးကို ကြည့်နေသည်။ ထိုနဂါးက လေပြင်းတစ်ခုဖန်တီး၍ သူ့ကိုခေါ်လာခြင်းဖြစ်သည်။

“နင်ကဘာလဲ”

ကျန်းယွဲ့ မျက်မှောင်ကျုံ့နေသည်။ ရွှေရောင်ရေနဂါးက ပေတစ်ရာ့ရှစ်ဆယ်လောက်သာရှိသည်။ သာမန်လူများအတွက် ထိုအရွယ်အစားဆိုလျှင် အံ့ဩကြပေလိမ့်မည်။ သို့သော် ထွက်နေသည့်စွမ်းအင်ရောင်နှင့်ယှဉ်လျှင် အရွယ်အစားက သေးလွန်းသည်။

အနီးကပ်ကြည့်လျှင် နဂါး၏ထူးခြားမှုကို မြင်ရသည်။ အစက သေသွားသည့် သူ့ဖခင်စန့်ကျန်းနဂါးကဲ့သို့ သန့်စင်သည့်သွေးဆက်နဂါးဟု ထင်ခဲ့သည်။ နဂါးစစ်များနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်လုနီးပါးအဆင့်ဖြစ်သည်။

သို့သော် ယခု ထိုနဂါးသည် ဝိညာဉ်စွမ်းအင်အင် နဂါးစွမ်းအင် သိပ်သည်းသော်လည်း သာမန်နဂါးများလို သွေးနှင့်အသက်ဓာတ် ပြည့်ဝစွာလည်ပတ်လှုပ်ရှားနေခြင်းမရှိ။ သက်ရှိဟုပင် မဆိုနိုင်။

“နင်ငါ့ကိုဘာလို့ ဒီကိုခေါ်လာတာလဲ”

နဂါးသံချပ်ကာ ပြန်မဖြေဘဲ တစ်ချက်အော်လျက် နောက်လှည့်၍ ပျံသန်းသွားသည်။ ကျန်းယွဲ့ လိုက်မလာသည်ကို သတိထားမိသဖြင့် နောက်တစ်ကြိမ် အော်သံပေးသည်။

လိုက်ခဲ့စေလိုကြောင်း အချက်ပြနေမှန်း ကျန်းယွဲ့ သိလိုက်သည်။ ခဏစဉ်းစားပြီးနောက် နောက်မှလိုက်သွားသည်။ ထိုနဂါး သူ့ကိုပစ်မှတ်ထားနေလျှင် အမြဲထွက်ပြေးနေ၍လည်း အကျိုးထူးမည်မဟုတ်။

တစ်ဘက်လူ၏ရည်ရွယ်ချက်ကို စောင့်ကြည့်ခြင်းက ပို၍ကောင်းသည်။ သူ့လက်ရှိစွမ်းအားဖြင့် မြစ်စွမ်းအင်ကြောများ ထိန်းချုပ်နိုင်သည့် မြေဝိညာဉ်များ တားဆီးလျှင်ပင် သူ့ကိုထိန်းချုပ်နိုင်စွမ်းမရှိ။ အနည်းဆုံးတော့ ထွက်ပြေးနိုင်သည်။

တိမ်ကြားမှ အတော်ကြာအောင် လိုက်လာပြီးနောက် သူနှင့်ရင်းနှီးသည့် မြစ်တစ်စင်းအထက်သို့ ရောက်လာသည်။ ထိုမြစ်နှင့်ပတ်သက်၍ သူ့စိတ်တွင်ပေါ်လာသည့် မှတ်ဉာဏ်များက သိပ်မကောင်းလှ။

သို့သော် လျော့ပါးနေသည့် မြစ်ထဲတွင် ကျန်နေသည့် ကြောက်စရာစွမ်းအင်ရောင်ကြောင့် သူအံ့အားသင့်သွားသည်။ သူနှင့်ရင်းမြစ်တူသည့် ဝိညာဉ်စွမ်းအင်ရောင်က သိပ်မကြာခင်က လျော့ပါးသွားဟန်ရှိသည်။

ထိုအဖြစ်မျိုးကို သူကြုံဖူးသည်။ စန့်ကျန်းမြစ်ဘေးတွင် ထိုစွမ်းအင်ရောင်မျိုးကြုံဖူးသည်။ လူသားမျိုးနွယ်လူငယ်တစ်ယောက် ဓားတစ်လက်ဖြင့် စန့်ကျန်းနဂါးအား သတ်ဖြတ်ခဲ့သည့် ကြောက်စရာအဖြစ်ကို မြင်ဖူးသည်။

ယခုအဖြစ်က ထိုစဉ်ကအဖြစ်နှင့် နည်းနည်းကွာသည်။ စန့်ကျန်းနဂါးသတ်သမားနှင့် ရုပ်ချင်းဆင်သည့် လူငယ်တစ်ယောက်က သူ့ဖခင်နှင့် ရုပ်ချင်းအတူဆုံးဖြစ်သည့် ဤမြစ်သခင်ကို သတ်လိုက်သည်။

မျိုးနွယ်တူ နဂါးတစ်ကောင် ကျဆုံးသွားမှန်းသိရသဖြင့် ကျန်းယွဲ့စိတ်ထဲ အတော်လေးဝမ်းနည်းသွားသည်။ မျက်လံးထောင့်မှ မျက်ရည်များစီးကျလာသည်။ သို့သော် သူ့စိတ်ထဲ ပျော်ရွှင်နေသည်။ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

တိမ်ကြားတွင် ငိုလိုက်ရယ်လိုက်ဖြစ်နေသည့် သူ့ကိုကြည့်၍ မြစ်ထဲမှတက်လာသည့်ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ ခဏစဉ်းစားနေပြီးနောက် ပင်လယ်ချုပ်တံဆိပ်ကိုကိုင်၍ ကောင်းကင်သို့တက်ပြီး မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

နဂါးသံချပ်ကာလည်း ချက်ချင်းကျုံ့ဝင်သွားပြီး ဖုန်ချင်အန်းခန္ဓာကိုယ်ကို ရစ်ပတ်လျက် ပုခုံးပေါတွင် ဦးခေါင်းတင်လိုက်သည်။ ငိုလိုက်ရယ်လိုက်ဖြစ်နေသည့် မိန်းကလေးကို ကြည့်နေသည်။

ကျန်းယွဲ့၏အမူအရာ တည်ငြိမ်သွားသည်။ လွန်ခဲ့သည့်သုံးနှစ်က ထိုထက်ပြင်းထန်သည့် စိတ်ခံစားချက်အတွေ့အကြုံမျိုး သူကြုံခဲ့ဖူးသည်။

“ငါ့ကို ဒီခေါ်လာတာ သတ်ဖို့လား”

ဖုန်ချင်အန်းမျက်နှာကိုမြင်သည်နှင့် အခြေအနေကို ချက်ချင်းရိပ်စားမိသည်။ ကျန်းယွဲ့ ဖုံးကွယ်ထားသည့် စွမ်းအင်များကို အတူစုစည်း၍ တိုက်ခိုက်ရန်သင့်ပြင်သည်။ သူပုံစံအစစ်ကို ထုတ်ပြသည်။

နဖူးတွင် ဦးချိုတစ်ချောင်း ပေါက်နေသည်။ မျက်လုံးများက သွေးနီရောင်ဖြစ်နေသည်။ ပါးနှစ်ဘက်တွင် အကြေးခွံများရှိသည်။ ဆံပင်နက်များက ခါးအထိ ဝဲကျနေသည်။

ခန္ဓာကိုယ်ရှည်သွယ်၍ ကြော့ရှင်းသည်။ လူသားအသွင်မဟုတ်သော်လည်း သူ့မျက်နှာက တစ်မူထူးခြားသည့် အလှမျိုး ဖော်ကျူးနေသည်။ ခံ့ညားသည်။ မကြမ်းတမ်း။ ဆွဲဆောင်မှုရှိသည်။ ရမ္မက်မဆန်။ သူ့အလှက ဤလောက၏အလှတရားထက် ပိုပြည့်စုံသည်။

“မင်းကိုငါက ဘာလို့သတ်ရမှာလဲ”

ဖုန်ချင်အန်း ခေါင်းခါသည်။

“ဒါဆိုဘာလို့ ငါ့ကို ဒီခေါ်လာတာလဲ”

သတိအနေအထားမှ မဖျက်။ နောက်‌ကျောမှဓားကို ဖြုတ်သည်။ အပေါ်ယံဖုံးထားသည့် ပုံရိပ်ယောင်များ ပျောက်သွားသည်။ နဂါးစိမ်းတစ်ခေါင်ခွေနေသည့် နဂါးဓားတစ်လက် ပေါ်ာသည်။

ထိုနတ်လက်နက် ပုံစံအစစ်ပေါ်လာသည်နှင့် တည်ငြိမ်နေသည့်လှိုင်းမြစ်ရေပြင်က လေပြင်းတစ်ချက်ကြောင့် ရုန်းကြွလှုပ်ရှားလာသည်။လာသည်။ မမြင်ရသည့် လေပြင်းများ သူတို့ဘုရင် သူတို့အုပ်ချုပ်သူထံ ပြေးလွှားစုစည်းလာသယောင်ရှိသည်။

“မင်းကြောက်စရာမလိုပါဘူး။ ငါက လူ...လူဆိုးမဟုတ်ပါဘူး”

ဖုန်ချင်အန်း အမြန်နှစ်သိမ့်လိုက်သည်။ စကားပြန်ပြင်ပြောရသဖြင့် စကားထစ်သွားသည်။ ကျန်းယွဲ့မျက်လုံးများ သံသယရိပ် ပိုသန်းလာသည်။ သူ့လက်က ဓားလက်ကိုင်ရိုးပေါ် ရောက်သွားသည်။

“နင်ဘာလိုချင်တာလဲ”

ရုန်းကြွလှုပ်ရှားလာသည့် တိမ်တိုက်များ လျှပ်စီးများကြားတွင် ကျန်းယွဲ့၏ အသက်ရှူသံ နည်းနည်းကြမ်းလာသည်။ သူ့သွေးဆက်စွမ်းအားက သူ့အကိုများလိုပင် အဆင့်အတန်းမြင့်သည်။

“ကိစ္စတစ်ချို့ မင်းနဲ့ဆွေးနွေးစရာရှိလို့ပါ။ ဒါပေမယ့် မင်းအခြေအနေကြည့်ရတာ စိတ်မငြိမ်ဘူးထင်တယ်။ မင်းစိတ်ကိုမင်းထိန်းပြီး ပင်လယ်ဖျက်ဓားကိုသိမ်းလိုက်ဖို့ ငါနောက်ဆုံးအကြိမ် အခွင့်အရေးပေးမယ်။ အဲလိုမဟုတ်ရင်တော့ ငါလည်းမတတ်နိုင်ဘူး”

ဖုန်ချင်အန်း လက်ကိုဆန့်ထုတ်လိုက်သည်။ ပုခုံးပေါ်မှ ရွှေနဂါးက အလိုက်တသိဖြင့် ပါးစပ်ဟ၍ လျှပ်စီးတန်းတစ်ခု ထွေးထုတ်လိုက်သည်။ ရွှေပုဆိန်အဖြစ်ပြောင်းသွားပြီး ဖုန်ချင်အန်းလက်ထဲ ရောက်လာသည်။

“ပင်လယ်မိုးကြိုးက နင့်လက်ထဲ ဘယ်လိုရောက်နေတာလဲ”

ကျန်းယွဲ့မျက်လုံးတွင် အံ့ဩထိတ်လန့်ရိပ်များ ပေါ်လာသည်။

သူ့ဖခင်သည် ဖုန်ချင်အန်း လက်ထဲမှဓားဖြင့် သေခဲ့သည်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်။ ယခု တစ်ခြားအကိုတစ်ယောက်၏ လက်နက်က ထိုလူလက်ထဲ ရောက်နေပြန်သည်။ ထိုအကို၏ ကံတရားက ရှင်းနေပြိဖြစ်သည်။

“ဒီကိစ္စနောက်မှာ အတော်ရှုပ်ထွေးတဲ့ အကြောင်းတွေ ရှိပါတယ်။ မင်းသိချင်ရင် အပြည့်အစုံ ငါပြောပြပါ့မယ်။ ငါထပ်ပြောမယ်။ မင်းကြောက်စရာမလိုဘူး။ ငါမင်းကို ဒုက္ခမပေးဘူး။ ဒါပေမယ့် ထွက်ပြေးဖို့တော့ မကြိုးစားနဲ့။ ထွက်ပြေးရင် ဘာဆက်ဖြစ်မယ်ဆိုတာ ငါသေချာအာမမခံနိုင်ဘူး”

နတ်လက်နက်ကိုသုံး၍ ထွက်ပြေးဖို့ကြံနေသည်ဟု ယူဆသဖြင့် ဖုန်ချင်အန်း မျက်လုံးမှေးစင်း၍ နောက်ဆုံးအကြိမ် သတိပေးသည်။

ပြောမရလျှင် နဂါးသံချပ်ကာကိုသုံး၍ ချက်ချင်းနှိပ်ကွပ်ခိုင်းမယ်။ အရင်အနိုင်ယူ၍ နောက်မှဆွေးနွေးမည်။ ဆွေးနွေး၍မရသေးလျှင် ထပ်ပြီးနှိပ်ကွပ်မည်။

All Chapters