ဓားမသုံးလို
Vol. 19 Ch. 277
ထွက်မပြေးရ။
ဘယ်လက်တွင် ပင်လယ်ချုပ်တံဆိပ်၊ ညာလက်တွင် ပင်လယ်မိုးကြိုးပုဆိန်ကိုင်ထားသည့် ဖုန်ချင်အန်းကိုကြည့်၍ ကျန်းယွဲ့ ခဏစဉ်းစားပြီးနောက် အဖြစ်သင့်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်သည်။
ပြေးရမည်။
အသေအကြေတိုက်ပွဲမဟုတ်။ ပင်လယ်ဖျက်ဓားသည် လေကိုထိန်းချုပ်နိုင်သည်။ ထိုလက်နက်ကို ထွက်ပြေးရန် သုံးရသဖြင့် နည်းနည်းရှက်မိသော်လည်း အသက်အန္တရာယ်ကင်းဖို့သာ ပထမဦးစားပေးဖြစ်သည်။
စိုးရိမ်ထိတ်လန့်စွာ သူနေထိုင်ခဲ့ရသည်။ နောက်ဆုံးတွင် နဂါးနန်းတော်မှ ထွက်ပြေးနိုင်ခဲ့သည်။ မိုးမြေကြားတွင် လွတ်လပ်စွာ လှည့်ပတ်သွားလာခဲ့သည်။ သူ့ဦးနှောက်တွင် လွှမ်းမိုးနေခဲ့သည့် အရိပ်မည်ကြီးကိုပင် မေ့ဖျောက်နိုင်ခဲ့သည်။ ဤနေရာတွင် သူမသေဆုံးချင်သေး။
သူ့ရှေ့မှလူက သူ့ကိုမသတ်ပါဟု ပြောနေသော်လည်း သူမယုံရဲ။ လွှမ်းမိုးသူတို့အတွက် ကတိစကားက လျှာဖျားတွင်သာရှိသည်။
လူသားတို့၏ ဖြောင့်မှန်သည့်အရည်အသွေးများကို မြင်ဖူးသလို ဆိုးညစ်သည့်သဘာဝကိုလည်း မြင်ဖူးသည်။ တစ်ချို့က မကောင်းဆိုးဝါးဝိညာဉ်များထက်ပင် ပိုဆိုးသေးသည်။
သူ့ဘဝကို လူသားမျိုးနွယ် သူစိမ်းတစ်ယောက်ထံ စိတ်ချလက်ချ ပုံမအပ်နိုင်ပေ။ အထူးသဖြင့် နဂါးသတ်ဖို့စိတ်ဝင်စားနေသူထံ ပုံမအပ်နိုင်။
ထို့ကြောင့် ဖုန်ချင်အန်းစကားဆုံးသည်နှင့် နဂါးမိန်းကလေး လေပြင်းနှင့်အတူ ကောင်းကင်တိမ်တိုက်များကြား ပျောက်ကွယ်သွားသည်။
ဖုန်ချင်အန်း အသံတိတ်နေသည်။ မိန်လုန်က နားမလည်နိုင်ဟန်ဖြင့် သူ့ကိုကြည့်၍ ခပ်တိုးတိုးအော်မြည်နေသည်။
“အန်း”
မိန်းကလေးနောက်သို့ အလင်းနဂါးကို လိုက်ဖမ်းခွင့်မပြု။
“မင်းသူ့ကို အမီလိုက်နိုင်လို့လား”
နည်းနည်းရှင်းလင်းသွားသည့်ကောင်းကင်ကို ဖုန်ချင်အန်း တစ်ချက်ကြည့်သည်။ ထို့နောက် မိန်လုန်ကိုငုံ့ကြည့်၍ မေးသည်။ မိန်လုန် တစ်ချက်တွန့်သွားပြီး အမှန်အတိုင်း ခေါင်းယမ်းပြသည်။ သူအမီလိုက်နိုင်မည်မဟုတ်။
ထိုအတိုင်းလွှတ်ပေးလိုက်ရမည်လားမသိ။
“သူ့ကိုလွှတ်ပေးစရာလား။ မင်းက လာနောက်နေတာပဲ။ သူထွက်သွားရင် မြစ်သခင်နေရာကို ဘယ်သူဆက်ခံတော့မှာလဲ”
ဖုန်ချင်အန်း ရယ်နေသည်။
“မင်းဘာလို့ မဖမ်းနိုင်ရမှာလဲ။ မင်းသူရှိတဲ့နေရာကို အာရုံမခံမိဘူးလား။ နတ်လက်နက်သုံးပြီး ထွက်ပြေးချင်ရင် ပြေးစမ်းပါစေ။ ဒါပေမယ့် နောက်ဆုံးကျရင် ရပ်ရမှာပဲ။ အဲဒီအခါကျရင် ငါတို့သူ့ကို ဖမ်းနိုင်မှာပါ”
ဖုန်ချင်အန်းလက်တွင် နတ်လက်နက်နှစ်ခုရှိသည်။ လက်နက်အားလုံး ပုံစံတူ အစွမ်းသတ္တိမျိုးရှိသည်။
နတ်လက်နက်တိုင်းသည် စွမ်းအားကြီးသော်လည်း ထိုလက်နက်ကိုသုံးဖို့ တန်ဖိုးကြီးကြီးပေးဆပ်ရသည်။ ကိုယ်ပိုင်စွမ်းအားနဲ့ လက်နက်စွမ်းအားမကိုက်ညီသူများအတွက် ပိုဆိုသည်။
ဟုန်ရှီသည် မြစ်သခင်ဖြစ်သော်လည်း ရွှေပုဆိန်ကို မထိန်းချုပ်နိုင်ခဲ့။ လက်နက်စွမ်းအားကို အပြည့်မသုံးနိုင်ခဲ့။ လက်နက်က ပြန်ထိန်းချုပ်ခြင်းခံရသည်။
လှိုင်းမြစ်သခင်ကိုတော့ အစွမ်းပြခွင့်ပင် မပေးဘဲ ဖုန်ချင်အန်း ခေါင်းဖြတ်ပစ်ခဲ့သည်။ သို့သော် နတ်လက်နက်သုံးလျှင် ကိုယ်ပိုင်စွမ်းအင် ကုန်ခမ်းသွားကြောင်း ပင်လယ်ချုပ်တံဆိပ်မှ သူသိခဲ့ရသည်။
သာမန်မြစ်သခင်မိုနာ့များ နတ်လက်နက်စွမ်းအားကို အပြည့်အဝမသုံးနိုင်။ နဂါးမိန်းကလေးသည့် အဆင့်နိမ့်သေးသည့် နတ်ဆိုးမျိုးနွယ်သာဖြစ်သည်။ ဖုန်ချင်အန်းထံမှ နတ်လက်နက်နှစ်ခုနှင့် ပင်လယ်ဖျက်ဓားတို့သည် စွမ်းအားချင်း သိပ်မကွာခြားနိုင်။
ထိပ်တန်းအဆင့်နတ်လက်နက်တိုင်း ထိုသဘောတရားမျိုးသာ ဖြစ်သည်။ သို့သော် အဓိကအချက်က နောက်ခံတူသည့် နတ်လက်နက်များကြား ပေါင်းစပ်ဖွဲ့စည်းနိုင်ဖို့ဖြစ်သည်။
ဖုန်ချင်အန်း အားလုံးကို တွက်ချက်စဉ်းစားသည်။
လက်နက်ကို အာရုံခံစားနိုင်စွမ်းသည် လက်ရှိပိုင်ဆိုင်သည့် နတ်လက်နက်အရေအတွက်နှင့် အတိုင်းအတာတစ်ခုထိ သက်ဆိုင်သည်။ ဖုန်ချင်အန်းနှင့်ကျန်းယွဲ့တို့ တစ်ယောက်ကို တစ်ယောက် အာရုံခံနိုင်သည်။ သို့သော် ကွာဟချက်က ကြီးမားသည်။ လက်နက်နှစ်ခုပိုင်သည့် ဖုန်ချင်အန်းက ကျန်းယွဲ့တည်နေရာကို အာရုံရနေဆဲဖြစ်သည်။ သို့သော် ကျန်းယွဲ့က ဖုန်ချင်အန်း ဘယ်ရောက်နေမှန်းမသိ။
ထိုအချက်ကို မကြာသေးမီကမှ ဖုန်ချင်အန်း နားလည်လာသည်။ လက်နက်နှစ်မျိုးပိုင်လျှင် တစ်ခြားလက်နက်များ၏ တည်နေရာကို အာရုံခံနိုင်ခြေပိုမြင့်မားလာသည်။
ကျန်သည့် နတ်လက်နက်ခြောက်ခုလည်း ဆက်စပ်နေသည်။ သို့သော် ရှာရမည့်ခရီးက ဝေးလွန်းသည်။ လောလောဆယ် သူစိတ်မပါသေး။
“အန်း...”
ဖုန်ချင်အန်းစကားကြောင့် မိန်လုန်၏ မျက်လုံးများ အရောင်လက်လာသည်။ ချက်ချင်းသွားရှာချင်စိတ် ပေါ်နေသည်။
လက်နက်နှစ်ခု၏ အရသာကို သူမြည်းစမ်းကြည့်ပြီးဖြစ်သည်။ တတိယတစ်ခုကို မြည်းစမ်းချင်နေသည်။ ဝိညာဉ်စွမ်းအင်များ အဆင့်များ အချိန်တိုးအတွင်း တိုးလာသည်။ အလွန်အကျိုးများသည်။
“စိတ်ထိန်းပါဦး။ အရင်ဆုံး ယုံကြည်ရတဲ့ လက်ထာက်တစ်ယောက် ရှာဦးမယ်။ ပြီးမှ မင်းသူ့နေက်ကို လိုက်ဖမ်းပါ”
ဖုန်ချင်အန်း မြစ်အောက်ခြေသို့ ဆင်းသွားသည်။ ရေနဂါးနန်းတော်သို့ ပြန်ရောက်လာသည်။ လိပ်အဘိုးအိုက ကျောက်စိမ်းစာလွှာများကို ဖုန်ချင်အန်းစားပွဲပေါ် အဆက်မပြတ်သယ်ပေးနေသည်။
ဖုန်ချင်အန်း မျက်နှာတင်းသွားသည်။ နောက်ထပ် မြစ်သခင် သို့မဟုတ် တောင်တန်းနတ်ဘုရားရာထူးမျိုး သူလုံးဝမယူတော့ဟု ဆုံးဖြတ်လိုက်သည်။ အသေးအဖွဲကိစ္စများ စီမံရင်းအလုပ်များနေသည့် ထိုရာထူးများကို သူလုံးဝမထိတော့။
“သခင်လေး ပြန်လာပြီပဲ။ ဒီကိုလာပြီး ဒီကိစ္စတွေ စီမံပေးပါဦး”
လိပ်အိုကြီး မျက်လုံးအရောင်တောက်လာပြီး ပြုံး၍ပြောသည်။ နဂါးပလ္လင်ပေါ် ဖုန်ချင်အန်းကို ဖိတ်ခေါ်သည်။ ဖုန်ချင်အန်း စိတ်တိုတိုဖြင့် ကျောက်စိမ်းစာလွှာများကို စစ်ဆေးသည်။
သူ့ထံတင်ပြထားသည် ကိစ္စများသည် ဘာမှအရေးကြီးသည်မဟုတ်။ အတော်များများက မိုးနန်းတော်မှ ဆုတောင်းစာများဖြစ်သည်။ မိုးနန်းတော်သည် လှိုင်းမြစ်တလျောက်မှ လူများ၏ မွှေးတိုင်ပူဇော်သည့်ရနံ့များကို စုစည်းသည့်နေရာဖြစ်သည်။
ထိုမွှေးတိုင်ပူဇော်မှုများမှ မြစ်ဘေးလူသားများ ဘာတောင်းဆိုကြသည်ကို မြစ်သခင်များ လျင်မြန်ရှင်းလင်းစွာ သိနိုင်သည်။ အများစုက မိုးကိုတောင်းဆိုကြသည်။ ရေစီးရေလျှံမှုပြဿနာနှင့် သက်ဆိုင်သည့် ဆုတောင်းစာတစ်ချို့လည်းရှိသည်။ ကပ်ဆိုးဘေးအန္တရာယ်ရှောင်ရှားနိုင်ရန် ဆုတောင်းကြခြင်းဖြစ်သည်။