ဓားမသုံးလို (၂)
Vol. 19 Ch. 278
ဥပမာ ကမ်းနှစ်ဘက်တွင် နတ်ဆိုးသားရဲများ မွေးဖွားလာလျှင် ဒေသခံလူသားများ ရှင်သန်မွေးဖွားရန် အနှောက်အယှက်ဖြစ်လာသည်။ ထို့ကြောင့် မြစ်ကို အုပ်ချုပ်ထိန်းသိမ်းရန် ဒေသခံများ မြစ်သခင်ကို တောင်းဆိုကြသည်။
ယခင်မြစ်သခင်က နှစ်ပေါင်းရာချီ ဇွဲကောင်းကောင်း တာဝန်ထမ်းဆောင်ခဲ့သဖြင့် ဒေသခံတို့၏ ပူဇော်မှုများ အကျိုးသက်ရောက်မှု ရှိခဲ့သည်။ သို့သော် မြစ်ထဲတွင် ထူးဆန်းသည့်ဖြစ်ရပ်မျိုးပေါ်တိုင်း လူသားတို့က မွှေးတိုင်ပူဇော်ရန်သာ စိတ်ကူးကြသည်။
မြစ်ထိန်းချုပ်သူ ဖုန်ချင်အန်းအတွက် ထိုဒုက္ဓကလည်း မသေးလှ။ မိုင်ထောင်ချီရှည်သည့် မြစ်တလျှောက် မြစ်ခွဲမြစ်လက်တက်များစွာ ရှိသည်။ အားလုံးတွင် သရဲများ၊ မကောင်းဆိုးဝါးများရှိသည်။ မည်မျှများပြားသည် မသိ။
ဖြစ်သခင်တစ်ယောက်အတွက် ထိုပြဿနာမျိုးက အသေးအဖွဲသာဖြစ်သည်။ သို့သော် သရဲများ မကောင်းဆိုးဝါးများကို ကောင်းကောင်းထိန်းမထားလျှင် လူသားတို့အသက်ကို ကောင်းကောင်းအန္တရာယ်ပေးနိုင်သည်။
“ဒီကိစ္စတွေကိုင်တွယ်ဖို့ အဖွဲ့ဖွဲ့ထားတာမျိုးရှိလား။ အရင်မြစ်သခင်ကရော နှစ်ရာချီကြာအောင် အားလုံးကို ကိုယ်တိုင်ကိုင်တွယ်ခဲ့တာလား”
“မဟုတ်ပါဘူး။ ဒီလိုအသေးအဖွဲကိစ္စတွေကို အရာရှိတွေက ကိုင်တွယ်တာပါ”
လိပ်အိုကြီးကွေ့သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
“ဒါဆိုဘာလို့ ဒီအလုပ်တွေ ကျုပ်ဆီလွှဲပေးတာလဲ။ ဒါတွေ ဖြေရှင်းမယ့် အရာရှိတွေ ဘယ်ရောက်နေလဲ”
“ထွက်ပြေးသွားပါပြီ”
လိပ်အိုက ခပ်ညှင်းညှင်းရယ်၍ ပြောသည်။
ဖုန်ချင်အန်း သူ့နဖူးသူပွတ်နေသည်။ ရေမျိုးနွယ်တို့သည် ဉာဏ်ရည်သိပ်မမြင်ကြ။ အများစုက ကံကောင်းထောက်မ၍ ဝိညာဉ်ချီများ ရရှိပြီး အသွင်ပြောင်းကြခြင်းဖြစ်သည်။ အသိဉာဏ်လည်း နည်းနည်းမြင့်လာကြသည်။
သို့သော် ရေမျိုးနွယ်တွင် ဉာဏ်ရည်ထက်မြက်သူများလည်းရှိသည်။ သို့သော် အရင်မြစ်သခင် ရွေးချယ်ခန့်ထားသူများက မြစ်သခင်အသတ်ခံရပြီးနောက် ထွက်ပြေးသွားကြသည်။ ရေနဂါးနန်းတော်စောင့်ကြပ်သူလောက်သာ ကျန်ခဲ့သည်။ ထိုအစောင့်များကို ဉာဏ်ရည်မြင့်သည်ဟု သတ်မှတ်မ၍ မရနိုင်။
“တစ်ချို့တစ်ဝက်လောက် ခင်ဗျားရှင်းပေးလို့မရဘူးလား။ ဘာလို့ အားလုံး ကျုပ်ဆီပို့တာလဲ”
ဖုန်ချင်အန်း လိပ်အိုကို စိုက်ကြည့်သည်။ ထိုလိပ်အို ဤနန်းတော်တွင် ဆက်နေခြင်းမှာ သူ့လိုလူကို မဖြစ်မနေလိုအပ်သည်ဟု တွေးခဲ့သောကြောင့်ဖြစ်သည်ကို ဖုန်ချင်အန်း ရိပ်မိသည်။
“သခင်လေးဒီလိုပြောတာတော့ နည်းနည်းစိတ်ဓာတ်ကျရပါတယ်။ ကျုပ်ဟာ သခင်လေးအတွက် လုပ်စရာတွေအများကြီး လုပ်ပေးခဲ့ပြီးပါပြီ။ သခင်လေးက လက်မှတ်လာထိုးပြီးသွားရုံပါပဲ။ တကယ်လက်တွေ အချောသပ်လုပ်တာတွေ ပုစွန်စစ်သားတွေ ကဏန်းစစ်သူကြီးတွေ ကောင်းကောင်းတာဝန်ထမ်းဆောင်နိုင်အောင် အစီအစဉ်ချတာတွေအားလုံး ကျုပ်လုပ်ခဲ့တာပါ”
လိပ်အိုကွေ့ နည်းနည်းနာကျင်နေဟန်ရှိသည်။ မျက်လုံးတွင် မျက်ရည်ကြည်များဝဲလာသည်။ ထိုမြင်ကွင်းကြောင့် ဖုန်ချင်အန်း ခေါင်းကိုက်ရသည်။
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ သခင်ကွေ့အလုပ်ကြိုးစားတာ ကျုပ်နားလည်ပါတယ်။ ဒီတော့ လမ်းလေးဘာလေးလျှောက်ပြီး စိတ်သက်သက်သာသာလုပ်ရမယ့် အလုပ်တစ်ခု ကျုပ်ပေးမယ်”
“ဟင်”
လိပ်အိုကွေ့သတိအနေအထား ဖြစ်သွားသည်။ လက်ဆုပ်ဦးညွှတ်အရိုအသေပြုသည်။
“ဘာတာဝန်များပေးမလို့လဲ သခင်လေး”
“အပျင်းပြေလမ်းလျှောက်လို့ရရမယ့် အလုပ်လေးပါ”
ဖုန်ချင်အန်း ပြုံးနေသည်။
နဂါးလူသားကျန်းယွဲ့သည် အဆင့်မြင့်နတ်ဆိုးဖြစ်သည်။ နဂါးသံချပ်ကာနှင့် စန်းမြောင်တို့ ပူးပေါင်းလျှင်ပင် အရှင်ဖမ်းခေါ်လာနိုင်ရန် ခဲယဉ်းသည်။ သူ့လက်ထဲတွင် နတ်လက်နက်ရှိနေသည်။ ထွက်ပြေးလျှင် ထိန်းနိုင်ဖို့ခက်သည်။
သို့သော် ကိစ္စမရှိ။ ဤလိပ်အိုကြီးရှိနေသဖြင့် အဆင်ပြေသည်။
မိုနာ့အဆင့်တစ်ယောက်က သခင်အဆင့်တစ်ယောက်ကို ရင်ဆိုင်လျှင် သွေးဆက်စွမ်းရည်ကွာခြားမှု အရမ်းကြီးမားမနေလျှင် မိုနာ့ကသာ ထိန်းချုပ်နိုင်ပေလိမ့်မည်။
“ရိုးရိုးရှင်းရှင်းပြောပေးပါ သခင်လေး”
လိပ်အိုကြီး မရယ်နိုင်တော့။ စိုးရိမ်ပူပန်လာဟန်ရှိသည်။
“ကောင်းပြီလေ။ ကျုပ်တို့လှိုင်းမြစ်အတွက် နောက်ဆက်ခံမယ့် မြစ်သခင်အသစ်ကို တွေ့ထားပြီးပြီ။ ဒါပေမယ့် သူကျုပ်ကို နားလည်မှုလွဲနေတယ်ထင်တယ်။ ဒီတော့ ဝန်ကြီးကွေ့က သူ့ကို ကျုပ်ကိုယ်စား သွားဖိတ်ခေါ်ပေးပါ။ ဒါမှ သူနဲ့ကျုပ် ရှင်းလင်းဆွေးနွေးလို့ရမှာ”
“နောက်ဆက်ခံမယ့်မြစ်သခင်”
လိပ်အိုမျက်နှာ ရှုံ့မဲ့သွားသည်။ ခုနကပင် မြစ်သခင်သစ်တစ်ယောက် တွေ့ကြုံရမည့်ကိစ္စ ဆွေးနွေးခဲ့။ ဖုန်ချင်အန်း ခဏအပြင်ထွက်သွားပြီးနောက် ယခု တွေ့ပြီဟု ပြောလာသည်။ မြန်လွန်းနေသည်။
“ဖိတ်ခေါ်”ဖို့ ပြောသည်မှာ ထိုလူကို လိပ်အိုကွေ့ ချည်ပြီးတုပ်ပြီးခေါ်လာရမည့် သဘောဖြစ်လောက်သည်။ အကယ်၍ ထိုလူမြစ်သခင်ဖြစ်လာချိန် သစ္စာခံဝန်ကြီးအဖြစ် သူအလုပ်အကျွေးပြုရမည်ဆိုလျှင် သူ့အတွက် ကောင်းသည့်ကိစ္စများ ဖြစ်မလာနိုင်တော့။
“ဟုတ်ပါတယ်။ ဒါပေမယ့် သူ့အကြောင်း ကျုပ်မသိသေးဘူး။ သေချာအောင် မေးခွန်းနည်းနည်းမေးချင်သေးတယ်။ ဒီကိစ္စက အရေးကြီးတယ်။ နှောင့်နှေးလို့မရဘူး။ ဒီတော့ ဝန်ကြီးကွေ့ မြန်မြန်သွားပါ။ အချိန်ထပ်ဆွဲမနေနဲ့”
ဖုန်ချင်အန်း တိုက်တွန်းသည်။
“စိတ်အေးအေးထားပါသခင်လေး။ သခင်လေးသဘောကျတဲ့ မြစ်သခင်ရဲ့ နောက်ခံနဲ့နာမည် ကျုပ်ကိုမပြောရသေးဘူးလေ။ ကျုပ်ဒါတွေတော့ သိထားသင့်တာပေါ့”
“အဲဒါတွေ နောက်မှမေးပါ။ အခု ကိုယ့်နည်းလမ်းနဲ့ကိုယ်ပဲလုပ်”
ဖုန်ချင်အန်း အလင်းနဂါးသံချပ်ကာကို လိပ်အိုထံ ပစ်လွှင့်လိုက်သည်။ ဘာမှရှင်းပြမနေတော့ဘဲ လိပ်အိုကို နဂါးနန်းတော်ထဲမှ အပြင်ထုတ်လိုက်သည်။
“ဒီလူကိုမရှာနိုင်ဘဲ ပြန်လာတယ်ဆိုရင် ခင်ဗျား မြစ်သခင်နေရာကို ယူချင်လို့လို့ပဲ ကျုပ်သတ်မှတ်လိုက်မယ်”
ဖုန်ချင်အန်း ခပ်ပြတ်ပြတ်ခြိမ်းခြောက်သည်။ လိပ်အိုက အမြန်ပြန်ပြောသည်။
“သခင်လေး စိတ်မပျက်စေရပါဘူး။ သခင်သစ်ကို ကျုပ်အမြန်ဆုံး ပြန်ခေါ်လာပါ့မယ်”
“ကောင်းတယ်”
လိပ်အို၏ အလိုက်တသိပူးပေါင်းဆောင်ရွက်မှုကိုကြည့်၍ ဖုန်ချင်အန်း ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ ထိုလိပ်အို ရေသာမခိုပဲ တာဝန်ထမ်းဆောင်လျှင် နဂါးသံချပ်ကာ၏ လမ်းညွှန်မှုဖြင့် နဂါးမိန်းကလေးကို အမြန်ရှာတွေ့ပြီး ပြန်ခေါ်လာနိုင်ပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူလည်း မြစ်သခင်၏ အလုပ်တာဝန်များမှ ကင်းလွတ်ခွင့်ရမည်။
သေးသွယ်ရှည်လျား၍ မြင့်မြတ်ကျော့ရှင်းသည့် သဏ္ဌာန်တစ်ခု ခရမ်းရောင်လှိုင်းတစ်ခုစီး၍ လူသူကင်းဝေးသည့် တောနက်ထဲသို့ ရောက်လာသည်။ ငှက်နှင့်သားရဲများ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။ အသိဉာဏ်ရှိသည့် မှော်သားရဲများလည်း ခန္ဓာကိုယ်ကိုကျုံ့လျက် ပုန်းခိုရင်း တုန်ရင်နေကြသည်။
“ဘယ်သူမှမလိုက်လာဘူးထင်ပါရဲ့”
ဝိညာဉ်ချီများ ကုန်းခမ်းခါနီးတွင် ကျန်းယွဲ့ နောက်ပြန်လှည့်ကြည့်သည်။ နောက်မှလိုက်လာသူမရှိသဖြင့် သက်ပြင်းချလိုက်သည်။ သူခဏ အနားယူသည်။
“ထင်တဲ့အတိုင်းပဲ။ လူသားတွေက ငါ့ကိုခြောက်လှန့်ရုံလောက်ပဲ လုပ်နိုင်တာပါ။ ငါ့ကို မဖမ်းနိုင်ပါဘူး။ ခဏကျင့်ကြံမှုလုပ်ပြီး ဝိညာဉ်ချီအားဖြည့်မယ်။ ဒီနေရာက ထွက်သွားမှဖြစ်မယ်။ ဝေးလေကောင်းလေပဲ”
စိတ်ပိုင်းဖြတ်ပြီးနောက် စတင်ကျင့်ကြံသည်။ သူ့ဝိညာဉ်စွမ်းအင်များ တစ်ဝက်ကျော်ပြန်ရလာချိန်တွင် သူ့စိတ်ထဲ တစ်ချက်တုန်လှုပ်သွားသည်။ ချက်ချင်းမျက်လုံးဖွင့်၍ စိုက်ကြည့်သည်။ ပါးနှစ်ဘက်နီရဲလျက် အရွယ်တင်နုပျိုသည့် အဘိုးအိုတစ်ယောက်က သူ့ကို ကြင်နာဟန်ဖြင့်ကြည့်နေသည်။
ကျန်းယွဲ့ ကျောရိုးထဲမှ စိမ့်တက်လာသည်။ ခုနက ထိုလူရှိနေသည်ကို သူအာရုံမခံမိ။ ယခုပင် မျက်လုံးဖြင့်မြင်နေရသော်လည်း စွမ်းအင်ရောင်ကို မခံစားမိ။ ပုံရိပ်ယောင်တစ်ခုလို ဖြစ်နေသည်။
“သခင်မ၊ အားပြည့်လာအောင် ဆက်ပြီးကျင့်ကြံပါ။ ကျုပ်ကာကွယ်ပေးပါ့မယ်”
အဘိုးအိုက ပြောသည်။
ကျန်းယွဲ့ ပင်လယ်ဖျက်ဓားကိုကောက်ယူ၍ ထွက်ပြေးရန်ပြင်နေပြီးနောက် ရုတ်တရက် ခြေလှမ်းရပ်သွားသည်။
“ရှင်ကျွန်မကို ဘယ်လိုခေါ်လိုက်တာလဲ”
ကျန်းယွဲ့ နည်းနည်းအံ့အားသင့်သွားသည်။ ထိုအခေါ်အဝေါ်ကြောင့် အတိတ်က စိတ်မချမ်းသာစရာအဖြစ်များကို သူပြန်သတိရလာသည်။ လေးစားသည့် အခေါ်အဝေါ်ဖြစ်သော်လည်း ထိုသို့ခေါ်ဝေါ်သူများက သူ့ကို အမှန်တကယ်လေးစားခဲ့ကြသည်မဟုတ်။
“သခင်မလို့ ခေါ်တာပါ”
“ရှင်က စန့်ကျန်းနဂါးနန်းတော်ကလား”
“ကျုပ်က လှိုင်းမြစ်နန်းတော်က ဝန်ကြီးချုပ်ပါ”
“လှိုင်းမြစ်ကဆိုရင် ရှင်ကျွန်မကိုဘာလို့ ဒီလိုခေါ်တာလဲ”
ကျန်းယွဲ့ နားမလည်။
“သခင်လေးက သခင်မကို လှိုင်းမြစ်အိမ်တော်ကိုဆက်ခံမယ့် မြစ်သခင်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒီရာထူးကို မယူရသေးလို့ သခင်မလို့ ကျုပ်ခေါ်လိုက်တာပါ”
“သခင်လေး....လှိုင်းမြစ်သခင်”
ကျန်းယွဲ့ ချက်ချင်းသဘောပေါက်သွားသည်။ နတ်ဆိုးစွမ်းအင်လှိုင်းတစ်ခု ပေါ်လာသည်။ ပျံသန်းထွက်ပြေးရန်ပြင်သည်။ ထိုစဉ် မမြင်နိုင်သည့် အားလှိုင်းတစ်ခု သူ့အပေါ်ကျလာသည်။ နတ်လက်နက်ဖြင့် ဖန်တီးထားသည့်လေလှိုင်းကို ချက်ချင်းဖိနှိပ်ထားသည်။
“သခင်မ၊ ပင်လယ်ဖျက်ဓါးကို ဒီလိုသုံးရတာမဟုတ်ပါဘူး”