← Chapters

အရွေးချယ်ခံ

Vol. 19 Ch. 279

အရွေးချယ်ခံ

Vol. 19 Ch. 279

“သခင်လေးအမိန့်အတိုင်း ကျုပ်လုပ်ခဲ့ပါပြီ”

လက်ဝါးအရွယ်လိပ်ခွံပေါ် ဖုန်ချင်အန်း လက်တင်လိုက်သည်။ မလှမ်းမကမ်းတွင် လိပ်အိုကွေ့က နောက်ထပ်ပေးလာမည့်အမိန့်ကို စောင့်နေသည်။

“ခင်ဗျားဖမ်းခဲ့ပြီးပြီပေါ့”

လိပ်အို ထွက်သွားသည်မှာ နှစ်နာရီပ်င မကြာလိုက်။ တကယ်အံ့ဩမိသည်။ ထိုမျှမြန်ဆန်သည့် လုပ်ကိုင်ပုံသည် နှေးကွေးသည့်လိပ်မျိုးနွယ်နှင့် လုံးဝသဟဇာတမဖြစ်။

မြစ်သခင်ရာထူးကို လိပ်အို စိတ်မဝင်စား။ အသက်ရှည်၍ဩဇာကြီးသည့် မြေဝိညာဉ်ရာထူးဟု သူမမြင်။ ဒုက္ခများသည့်အလုပ်တာဝန်ဟုသာ ယူဆသည်။

“သခင်လေးရှာနေတဲ့ မင်းသမီးက လိပ်ခွံထဲမှာရှိပါတယ်။ လိပ်ခွံနှစ်ခုကို ဖွင့်ကြည့်လိုက်ရုံပါပဲ”

ဖုန်ချင်အန်း အုပ်ထားသည့်လိပ်ခွံနှစ်ခုကို ဖွင့်လိုက်သည်။ ရုတ်တရက် အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ မြေပြင်ကိုထိသည်နှင့် ကျန်းယွဲ့အသွင်သို့ ပြောင်းသွားသည်။

ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီ မိန်းကလေး။ အဆင်ပြေရဲ့လား”

ကျန်းယွဲ့အသွင်ကိုကြည့်၍ ဖုန်ချင်အန်း ရယ်နေသည်။ မျက်နှာက ပျော်ရွှင်ကျေနပ်သည့် အမူအရာသို့ ချက်ချင်းပြောင်းသွားသည်။

“ရှင်က ကျွန်မကို လှိုင်းမြစ်သခင် ဖြစ်စေချင်တာလား”

ကျန်းယွဲ့ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်သည်။ ရေနဂါးအိမ်တော်ထဲတွင်ရှိနေကြောင်း သိလိုက်သဖြင့် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ အခြေအနေက ထင်ထားသလောက် ဆိုးပုံမရ။ ထိုလူငယ်သည် သူထင်သလို နဂါးသတ်သမားသက်သက်ဟုတ်ဟန်မတူ။

လစ်လပ်နေသည့် မြစ်သခင်ရာထူးကို ဖြည့်ဆည်းဖို့ သူ့ကိုခေါ်လာခြင်းသာဖြစ်သည်ဟု လိပ်အိုကြီးက ရှင်းပြခဲ့သည်။ နည်းနည်းထူးဆန်းသလိုဖြစ်‌နေသ်ောလည်း သူ့အဆင့်အတန်းနှင့်သရုပ်မှန်ကို ပြန်တွေးကြည့်လျှင် အဓိပ္ပါယ်တော့ရှိသည်။ ထိုရာထူးကို သူမလိုချင်။ သို့သော် ထိုလူက သူ့ကိုရွေးထားသဖြင့် လက်လည်းမလွှတ်ချင်ပေ။

“မင်းကိုအဲလိုဘယ်သူပြောလဲ”

ဖုန်ချင်အန်းအကြည့်က မျက်လုံးမှိတ်နေသည့် လိပ်အိုဆီရောက်သွားသည်။ သူတို့ပြောနေသည့်စကားကို စိတ်ဝင်စားဟန်မရှိ။

“မဟုတ်ရင် ကျွန်မကို ဘာလို့ဒီကိုခေါ်လာတာလဲ။ ဘာရည်ရွယ်ချက်ရှိလို့လဲ”

ကျန်းယွဲ့ နောက်တစ်လှမ်းဆုတ်၍ ဓားရိုးပေါ်လက်တင်လိုက်သည်။ တစ်ခြားလက်တစ်ဘက်ဖြင့် ဓားအိမ်ကိုဆုပ်ထားသည်။ ဆွဲထုတ်ရန် အသင့်ပြင်ထားခြင်းဖြစ်သည်။

"ဟားဟားဟား၊ မင်းမျက်နှာကို ကြည့်ချင်လို့ပေါ့”

ဖုန်ချင်အန်း ရယ်လိုက်သည်။ တမင်စနောက်ရန် စိတ်ကူးလိုက်သည်။ သို့သော် ဖီးနစ်အော်သံ ခပ်သဲ့သဲ့ပေါ်လာသဖြင့် သူ့စိတ်သူ တည်ငြိမ်အောင်ထိန်းလိုက်သည်။ မျက်နှာကို ပြန်တင်းလိုက်သည်။

“အလုပ်ကိစ္စပဲ ပြောတာပေါ့။ မြစ်သခင်ရာထူးဆိုတာ လွယ်လွယ်လေးပေးလို့ရတာမဟုတ်ဘူး။ အခုလောလောဆယ် မင်းက ငါအကဲဖြတ်မယ့် လူတွေထဲက ဆန်ကာတင်အဆင့်ပဲရှိသေးတာ။ ဒီရာထူး မင်းရမရဆိုတာ မင်းစွမ်းဆောင်ရည်ပေါ်မှာပဲ မူတည်တယ်”

“ဆန်ခါတင်အဆင့်တဲ့လား။ အဲလိုဆိုရင်တော့ ပိုပြီးသင့်တော်တဲ့လူကိုပဲ ရွေးလိုက်ပါ သခင်လေး။ ကျွန်မ သွားတော့မယ်”

ကျန်းယွဲ့ ချက်ချင်းငြင်းပယ်၍ ခေါင်းတစ်ချက်ငြိမ့်ပြီး ထွက်သွားရန်ပြင်သည်။

“ရပ်လိုက်စမ်း၊ ဒီနေရာကို မင်းစိတ်ကြိုက်ဝင်ထွက်လို့ရမယ်ထင်နေလား”

ဖုန်ချင်အန်း နည်းနည်းဒေါသထွက်သွားပြီး စားပွဲကိုလက်ဖြင့်ရိုက်လိုက်သည်။ ကျန်းယွဲ့ ခြေလှမ်းရပ်သွားပြီး နောက်လှည့်ကြည့်သည်။

“သခင်လေး၊ ကျွန်မကို အတင်းခေါ်လာတာက ရှင်ပါ။ ကျွန်မစိတ်နဲ့ ကျွန်မလာခဲ့တာမဟုတ်ဘူး”

“ဒါဆို ငါ့ခွင့်ပြုချက်မရှိဘဲ ထွက်သွားခွင့်ရမယ်လို့ ဘာလို့ထင်နေတာလဲ”

ဖုန်ချင်အန်း နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

“ငါအမှန်အတိုင်းပဲ ပြောမယ်။ ဒီမြစ်သခင်ရာထူးအတွက် မင်းအားလုံးပုံအပ်ပြီး ကြိုးစားထမ်းဆောင်ရမယ်။ ဟန်ဆောင်တာတွေ မကျေနပ်တာ‌တွေ မရှိရဘူး။ မဟုတ်လို့ကတော့ မင်းငါနဲ့တွေ့မယ်”

“ဒါပေမယ့် မြစ်သခင်ရာထူးကို ကျွန်မ စိတ်မဝင်စားဘူး။ ကျွန်မနောက်ခံကို ရှင်လည်းသိမှာပါ။ ကျွန်မသာလိုချင်ရင် အခုလောက်ဆို မြစ်သခင်တစ်ယောက် ဖြစ်နေပြီပေါ့”

“ဒါက မင်းအတိတ်က ဆုံးဖြတ်ခဲ့တာလေ။ အခုကိစ္စနဲ့ မဆိုင်ဘူး။ အတိတ်က မင်းဘယ်လိုဆုံးဖြတ်ခဲ့လဲဆိုတာ ငါစိတ်မဝင်စားဘူး”

ဖုန်ချင်အန်း အထက်စီးလေသံဖြင့်ပြောသည်။ ကျန်းယွဲ့ ကြိုက်ကြိုက်မကြိုက်ကြိုက် မြစ်သခင်ရာထူးကို ယူရမည်။

ထိုအလုပ်အတွင် သူအချိန်ကုန်မခံနိုင်။ လူသားမျိုးနွယ်နှင့်ရင်းနှီးသည့် ထိုနဂါးမိန်းကလေးသည် အသင့်တော်ဆုံးဟု သူယုံကြည်ထားသည်။

“သခင်လေးလည်း မြစ်သခင်ရာထူးကို မလိုချင်ဘူးမဟုတ်လား”

ဖုန်ချင်အန်း လိပ်အိုဆီ အကြည့်ရောက်သွားပြန်သည်။ ကျန်းယွဲ့ကို အတော်များများ ပြောပြထားပုံရသည်။

“ရှင်မလိုချင်ဘဲနဲ့ ကျွန်မကိုဘာလို့ အတင်းဖိအားပေးနေတာလဲ။ ကိုယ်မလိုချင်တာကို သူများကိုမပေးသင့်ဘူးလေ။ ဒါကို သခင်လေးနားမလည်ဘူးလား”

ကျန်းယွဲ့မျက်လုံးများက နာကျည်းရိပ်နည်းနည်းသန်းနေသည်။ သူလည်း မြစ်တစ်ခုတွင် နှစ်ထောင်ချီ၍ နှောင်ဖွဲ့မနေဘဲ လောကကို ခရီးဆန့်ချင်သည်။

“မင်းက နည်းနည်းတော့ အသိဉာဏ်ရှိတဲ့ပုံပဲ။ ဒါပေမယ့်မင်းက အများဆုံးရှိမှ လူသွေးတစ်ဝက်ပဲ ပါတာလေ။ ငါမလိုချင်တာကို မင်းကိုပေးတာ ဖြစ်သင့်ပါတယ်”

“ရှင်...”

ဖုန်ချင်အန်းစကားကြောင့် ကျန်းယွဲ့ မျက်နှာတင်းသွားသည်။ သို့သော် စိတ်ကိုထိန်းလိုက်သည်။

“ဟုတ်ပါပြီ၊ မင်းဒေါသထွက်နေတာ ငါသိတယ်။ ဓားဆွဲထုတ်ပြီး ငါ့ကိုခုတ်ချင်မှန်း ငါသိတယ်။ ဒါပေမယ့် လက်တွေ့အမှန်တရားကို ရင်ဆိုင်ပါလို့ ငါအကြေံပေးချင်တယ်”

ထို့နောက် ဖုန်ချင်အန်း တစ်စုံတစ်ခု ခပ်တိုးတိုးရေရွတ်လိုက်သည်။ ရွှေရောင်အလင်းတစ်ခု လိပ်အိုထံမှ လွင့်ပျံလာသည်။ ဖုန်ချင်အန်း လက်မောင်းတွင် ရစ်ပတ်သည်။ ထို့နောက် ကျန်းယွဲ့ကို ခေါင်းထောင်ကြည့်၍ အော်သံပေးနေသည်။

All Chapters