အရွေးချယ်ခံ (၂)
Vol. 19 Ch. 280
“ဒီရေနဂါးနန်းတော်ထဲမှာ မင်းဆန္ဒပါပါ မပါပါ ငါထားရာမှာနေရမယ်။ ငါခိုင်းတာကို ပျော်ပျော်ရွှင်ရွှင် နာခံပြီး ငါစိတ်ကျေနပ်အောင်လုပ်ပေးရမယ်”
“အဟမ်း၊ သခင်လေး...စကားကို ထိန်းပြောပါဦး”
ဖုန်ချင်အန်း၏ ဘာလိုလိုစကားကြောင့် လိပ်အိုကွေ့ ချောင်းတစ်ချက်ဟန့်၍ အမြန်သတိပေးလိုက်သည်။
“ဪ...ဝန်ကြီးကွေ့က စကားပြောသေးတယ်ပေါ့။ စကားမပြောရင် ကျောက်ရုပ်လို့ ထင်မိတော့မလို့ဘဲ”
လိပ်အိုကွေ့ ချက်ချင်းငြိမ်ကျသွားသည်။ သူ့အပြစ်မဟုတ်။ အရည်အချင်းရှိသည့် မြစ်သခင်သစ်ကို အမြန်ကြိုဆိုချင်သည်။ ထို့ကြောင့် လျှို့ဝှက်ချက်တစ်ချို့ကို နဂါးမိန်းကလေးအား ကြိုပြောပြခဲ့သည်။ ထိုကိစ္စကြောင့် ဖုန်ချင်အန်း ဒေါသထွက်သည်။
“ပြောပါဦး၊ မင်းနာမည်ဘယ်လိုခေါ်လဲ”
ဖုန်ချင်အန်း ကျေက်စိမ်းပလ္လင်ပေါ်မှ မျက်နှာတင်းနေသည့် နဂါးမိန်းကလေးကို ငုံ့ကြည့်၍မေးသည်။
နဂါးမျိုးနွယ် တည်ဆောက်ထထားသည့် နန်းတော်ထဲတွင် ကျန်းယွဲ့ဟန်ပန်အမူအရာက လူသားတစ်ယောက်နဲ့မခြား။ နူးညံ့ပျော့ပျောင်း၍ သနားစရာအသွင်ဖြစ်နေသည်။
“ကျန်းယွဲ့ပါ”
ကျန်းယွဲ့အသံက အေးစက်နေသည်။ သူ့စိတ်အခြေအနေ ပေါ်လွင်နေသည်။
“ကျန်းယွဲ့တဲ့လား။ မင်းမျိုးရိုးက ကျန်းပေါ့။ ဒါပေမယ့် ဟိုနဂါးအိုကြီးရဲ့ မျိုးရိုးနာမည်က ကျန်းမဟုတ်ပါဘူး”
“အမေ့မျိုးရိုးနာမည်ပါ”
“မင်းအမေရဲ့မျိုးရိုးနာမည်ကိုယူတယ်ပေါ့။ ဟိုနဂါးကြီးက အဲဒါကိုသဘောတူရဲ့လား”
လူသားမျိုးနွယ်၏ လွှမ်းမိုးမှုက နေရာတိုင်းစိမ့်ဝင်ပျံ့နှံ့နေသည်။ နဂါးမျိုးနွယ်နှင့်လူသားမျိုးနွယ်ကြား ရှုပ်ထွေးသည့် ဆက်နွယ်မှုများအပေါ်တွင်လည်း လူသားဓလေ့က လွှမ်းမိုးသည်။ ကလေးများသည် ဖခင်၏မျိုးရိုးနာမည်ကိုသာယူကြသည်။ မိခင်၏မျိုးနွယ်ဝင်များကို လက်ထပ်သူများသာ မိခင်မျိုးရိုးနာမည်ကို ယူကြသည်။ နဂါးအိုသည် ထိုစည်းမျဉ်းကို မသိဘဲနေမည်မဟုတ်။
“နဂါးနန်းတော်က ထွက်လာချိန်မှာ ကျွန်မနာမည်ကို ပြောင်းခဲ့တာပါ”
“ဒါဆို မင်းရဲ့မူလနာမည်ကဘာလဲ”
“မမှတ်မိတော့ဘူး”
ကျန်းယွဲ့ အပြံးအရယ်မရှိသည့်မျက်နှာဖြင့် ဖြေသည်။
ဖုန်ချင်အန်း စိုက်ကြည့်နေသည်။ ကျန်းယွဲ့၏ ပါးနှစ်ဘက်မှ အကြေးခွံများကိုပင် သူမြင်ရသည်။ ဒေါင်လိုက်မျက်လုံးအိမ်ထဲမှ ဆန့်ကျင်လိုသည့်အရိပ်များက ပိုထင်ရှားသည်။
“မင်းအမေက လူသားလား”
“ဟုတ်တယ်”
“ဒါပေမယ့် ငါသိထားသလောက်ဆို စန့်ကျန်းနဂါးဟာ လူသားစားလို့ ငါ့အကိုက သတ်ခဲ့တာပါ။ အဲဒီ့သတင်းက မှားနေတာလား”
ဖုန်အချက် ထိုအချက်ကို အတွေးရခက်ဆုံးဖြစ်သည်။ ကျန်းယွဲ့သည် နဂါးလူသားဖြစ်နေသည်။
“မဟုတ်ဘူး။ သခင်းက အမှန်ပါ။ ကျွန်မအမေကို ဟိုနဂါးယုတ်က သိမ်းပိုက်ဖျက်ဆီးခဲ့တယ်။ ဒါကြောင့် ကျွန်မ မွေးလာတာ။ နဂါးယုတ်လက်ကနေ အမေကယ်တင်နိုင်ခဲ့တဲ့ လူသားက ကျွန်မတစ်ယောက်ပဲ ရှိတယ်။ ဒါကလည်း ကျွန်မက သူ့ဗိုက်ထဲမှာ ရှိနေခဲ့လို့ပါ”
“အခု မင်းအမေ ဘယ်ရောက်နေလဲ”
“ကွယ်လွန်သွားပြီ”
ကျန်းယွဲ့ ခပ်တိုးတိုးပြောသည်။ သူ့မျက်လုံးတွင် ဝမ်းနည်းရိပ်များ ပြည့်နေသည်။
“ကျွန်မအရွယ်မရောက်သေးခင် သူအသက်ကြီးလာပြီး ကျွန်မလက်ထဲမှာပဲ သေသွားတယ်”
ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ သို့သော် ချက်ချင်း သဘောပေါက်လာသည်။
လူ့သက်တမ်းသည် နဂါးသက်တမ်းနှင့် ယှဉ်၍မရ။ နဂါးသွေးတစ်ဝက်ပါသူများပင် သက်တမ်းအတော်ရှည်ကြသည်။ ထို့ကြောင့် နဂါးစပ်သားသမီးများ ကြီးပြင်းလာသည်ကို မြင်တွေ့နိုင်သည့် လူသားမိခင်ဟူ၍ မရှိသလောက်ရှားမည်။
“မင်းအသက်ဘယ်လောက်ရှိပြီလဲ”
ကျန်းယွဲ့သည့် အသက်နှစ်ဆယ်အရွယ်ပုံမျိုးရှိသော်လည်း သိပ်ရင့်ကျက်သေးသည့်ပုံမျိုးမဟုတ်။
“နှစ်သုံးရာမပြည့်သေးပါဘူး”
ကျန်းယွဲ့မျက်လုံးက ဝမ်းနည်းရိပ်သန်းနေရာမှ ဒေါသရောင်တောက်လာပြန်သည်။ ဖုန်ချင်အန်းအမေးကို တိုတိုပြန်ပြတ်ဖြေသည်။
“ဒီသက်တမ်းလောက်ဆို နဂါးမျိုးနွယ်မှာ လူကြီးလား လူငယ်လား”
အတော်အသက်ကြီးနေပါလားဟု ဖုန်ချင်အန်း ရေရွတ်မိမတတ်ဖြစ်သွားသည်။ နဂါးစပ်မျိုးနွယ်ကို လူသားသက်တမ်းနှင့်နှိုင်းယှဉ်လျှင် မတရားရာကျမည်။
“လူသားမျိုးနွယ်စံနှုန်းနဲ့ဆိုရင် ကျွန်မက အပျိုဖော်ဝင်စအရွယ်ပါ”
“မင်းက ဒီလောက်ငယ်သေးတယ်ပေါ့”
ဖုန်ချင်အန်း မှင်သက်မိသွားသည်။ နှစ်သုံးရာမပြည့်သည့် မိန်းကလေးက အပျိုဖော်ဝင်စဟု ဆိုနေသည်။ နဂါးမျိုးနွယ်တို့၏ မွေးရာပါဗီဇအရည်အသွေးများက တကယ်မနာလိုချင်စရာဖြစ်နေသည်။
“ရှင်ပြောခဲ့သလို ကျွန်မက လူသားတစ်ပိုင်းပါ”
“ကောင်းပါပြီ။ လူသားမျိုးနွယ်ကြားမှာ မင်းဘယ်လောက်ကြာအောင် နေခဲ့သလဲ”
“မမှတ်မိတော့ဘူး”
“ခန့်မှန်းခြေပေါ့”
“နှစ်တစ်ရာကျော်လောက်ပါ”
“အတော်ကြာပြီပဲ”
ဖုန်ချင်အန်း ပါးစပ်အဟောင်းသားဖြစ်နေသည်။
“ဒါဆို ကလေးဘဝက ရေနဂါးနန်းတော်မှာနေတယ်။ မင်းအမေသေတော့ လွတ်လွတ်လပ်လပ်နေခွင့်ရတယ်။ နောက်ပိုင်း လူသားလောကမှာ လှည့်လည်သွားလာဖို့ မင်းရွေးချယ်ခဲ့တယ်။ ပုံစံကိုလည်း ပြောင်းလဲခဲ့တယ်ပေါ့”
ကျန်းယွဲ့ ခေါင်းငြိမ့်သည်။
“ရပါပြီ။ မင်းအခု သွားနားတော့”
ဖုန်ချင်အန်း လက်ဝှေ့ယမ်းပြလိုက်သည်။ ဆက်မေးစရာမလိုတော့။ ထိုလူသားနဂါး၏ လူသားနှင့် နဂါးမျိုးနွယ်ကြား ဘာကိုပိုနှစ်သက်မှန်း နားလည်ပြီဖြစ်သည်။
လူသားမျိုးနွယ်ပေါ် ကျန်းယွဲ့၏သဘောထားက အတော်ရှင်းလင်းသည်။ အဖေရင်းကိုပင် နဂါးယုတ်ဟုခေါ်သည်။ နဂါးမျိုးနွယ်အပေါ်သဘောထားကလည်း ပေါ်လွင်နေသည်။
“ဝန်ကြီးကွေ့၊ သူ့အတွက် နေရာစီစဉ်ပေးလိုက်ပါ”
“ဟုတ်ကဲ့ သခင်လေး”
ဝန်ကြီးကွေ့က ကျန်းယွဲ့ဘေးသို့ အိမ်စေအသွင်ဖြင့် လေးလေးစားစား လျှောက်သွားသည်။ ထိုမြင်ကွင်းကိုကြည့်၍ အိမ်ထိန်းကျောက်ကိုပင် ဖုန်ချင်အန်း သတိရလာသည်။ သို့သော် ထိုလိပ်သည် သူ့အိမ်ထိန်းလုံးဝမဖြစ်နိုင်။
ထိုညက အစိမ်းရောင်လင်းတစ်ခု မြစ်ပြင်ကို ထိုးခွဲ၍ ကောင်းကင်သို့ တက်သွားသည်။ ပတ်ဝန်းကျင်လေပြင်းများ စတင်စုစည်းလာသည်။ လိပ်ခွံပုံစံအရိပ်တစ်ခု ကောင်းကင်တွင်ပေါ်လာပြီး အားလုံးကို ထိန်းချုပ်သည်။ လေပြင်းများ ချက်ချင်းငြိမ်ကျသွားသည်။
“သခင်မ အနားယူသင့်ပါတယ်”
“ရှင်ကျွန်မကို သွားခွင့်မပေးဘူးလား”
“ဒီမြစ်ဟာ သင့်တော်တဲ့အုပ်ချုပ်သူ လိုအပ်တယ်။ သခင်မက အသင့်တော်ဆုံးပါပဲ”
နောက်တစ်နေ့တွင် ဖုန်ချင်အန်း မျက်နှာတင်းနေသည့်ကျန်းယွဲ့ကို ပြုံး၍ကြည့်နေသည်။ ညက ဖြစ်သွားသည့်ကိစ္စကို သူအားလုံးမြင်သည်။ ကျန်းယွဲ့၏ အရှုံးမပေးတတ်သည့်စိတ်က အထင်ကြီးစရာကောင်းသည်။ ကျန်းယွဲ့ သူ့ကို ဆန့်ကျင်နေသည့်အဖြစ်ကိုသာ သူနည်းနည်းစိတ်ပျက်မိသည်။
ဖုန်ချင်အန်း လှောင်ပြုံးပြုံးနေသဖြင့် ကျန်းယွဲ့ မျက်နှာတင်းတင်းဖြင့် ပြန်စိုက်ကြည့်သည်။
“ပင်လယ်ဖျက်ဓားကို မင်းသယ်သွားနေသရွေ့ ငါ့လက်ထဲက မင်းမလွတ်နိုင်ဘူး။ နတ်လက်နက်တွေကြားမှာ အချင်းချင်းဆက်နွယ်မှု ရှိနေတယ်။ ငါက လက်နက်နှစ်ခု ထိန်းချုပ်ထားပြီးပြီ။ ဒီတော့ မင်းဘယ်ကိုပဲပြေးပြေး မင်းနေရာကို ငါသိနေမှာပဲ”
ကျန်းယွဲ့နှုတ်ခမ်းများ ပွင့်အာသွားသည်။ အဘယ်ကြောင့် နှစ်ကြိမ်ဆက်တိုက် အလွယ်တကူ အဖမ်းခံခဲ့ရသည်ကို နားလည်လာသည်။ သူထွက်ပြေးဖို့ အားကိုးခဲ့သည့် လက်နက်က သူ့တည်နေရာကို တစ်ခြားလူများအတွက် ညွှန်ပြပေးနေခဲ့ခြင်းဖြစ်သည်။
“ဒီဓားကို သယ်သွားသရွေ မင်းထွက်မပြေးနိုင်ဘူး။ ဒီဓားကိုစွန့်ပစ်လိုက်ရင်လည်း ရေနဂါးနန်းတော်ကနေ ထွက်ပြေးနိုင်တဲ့အစွမ်းတောင် မင်းမှာမရှိဘူး”
ကျန်းယွဲ့မျက်နှာမှ အသေးစိတ်အမူအရာအပြောင်းအလဲများကို ဖုန်ချင်အန်း စစ်ဆေးကြည့်နေသည်။ မည်မျှထိန်းချုပ်ထားသည်ဖြစ်စေ ထိုအမူအရာလေးများကို ဖုံးကွယ်ရန် ခက်သည်။ ကာကြာမြင့်စွာ အလေ့အကျင့်ဖြစ်တည်လာသည့် အရာများဖြစ်သည်။
“ရှင်ကျွန်မကို ဘာလုပ်စေချင်တာလဲ”
ကျန်းယွဲ့ ဆက်သည်းမခံနိုင်တော့။ ဒေါသပေါက်ကွဲရမည့်အနေအထားမဟုတ်၍သာ သူတည်ငြိမ်အောင် ထိန်းချုပ်နေရခြင်းဖြစ်သည်။ စန့်ကျန်းနန်းတော်က အဖြစ်မျိုးပင်ဖြစ်သည်။ မည်မျှနာကျင်သည်ဖြစ်စေ စိတ်လှုပ်ရှားသည်ဖြစ်စေ ထိန်းချုပ်ထားရသည်။
"ဟားဟားဟား၊ ပျော်ဖို့သိပ်ကောင်းတာပဲ”
ဖုန်ချင်အန်း အော်ရယ်လျက် ကျန်းယွဲ့ကို လက်ယပ်ခေါ်သည်။
“ဒီကိုလာခဲ့ပါ”
ကျန်းယွဲ့ မျက်မှောင်ကျုံ့သွားသည်။
“မင်းက ဒီနေရာမှာ ငါ့ကိုဆန့်ကျင်ချင်တာလား။ အဲလိုလုပ်ရင် အရှက်ကွဲရမယ့်လူက ငါမဟုတ်ဘူးနော်”
ဒေါသကိုထိန်းချုပ်လျက် ကျန်းယွဲ့ ဖုန်ချင်အန်း၏ စားပွဲရှေ့သို့ လျှောက်သွားသည်။ ဖုန်ချင်အန်းက အပုံလိုက်ရှိနေသည့် ကျောက်စိမ်းစာလွှာများကို သူ့ရှေ့သို့ တွန်းပို့လိုက်သည်။
“အခုချိန်ကစလို့ ဒါတွေအားလုံး မင်းတာဝန်ပဲ။ မင်းက ငါ့လက်ထောက်ပဲ။ မြစ်ထဲကကိစ္စအားလုံး မင်းကိုင်တွယ်ရမယ်။ တစ်ခုခု အမှားအယွင်းဖြစ်ရင် မင်းတာဝန်ယူရမယ်”
“ဘာရယ်”
ကျန်းယွဲ့ နည်းနည်းမှင်သက်မိသွားသည်။ လက်ထောက်...။ လူသားလောကကြား နှစ်ပေါင်းများစွာ သူကျင်လည်ခဲ့သည်။ မြစ်သခင်တွင် လက်ထောက်(ဒုသခင်)ရှိသည်ဟု တစ်ခါမှမကြားဖူး။
“မင်းဘာအမိန့်ပေးချင်ပေးချင် ဒီလိပ်အိုကြီးကို ကြေညာခိုင်းလို့ရတယ်။ သူကြေညာပေးလိမ့်မယ်။ မင်းအမိန့်ကို မလိုက်နာတဲ့ ရေမျိုးနွယ်ပေါ်လာလို့ ဒီလိပ်အိုကြီးလည်း မဖြေရှင်းနိုင်ဘူးဆိုရင် ငါ့ကိုအသိပေးပါ”
“ကျွန်မက ဆန်ကာတင်လက်ရွေးစင်အဆင့်လို့ပဲ ပြောခဲ့တာမဟုတ်လား”
ရှေ့မှ ကျောက်စိမ်းစာလွှာပုံကိုကြည့်၍ ကျန်းယွဲ့ မယုံနိုင်အောင်ဖြစ်နေသည်။ မြစ်အုပ်ချုပ်ပိုင်ခွင့်ကို ကလေးကစားစရာလို သူ့လက်သို့ လွှဲပေးခဲ့သည်။
“ဒါပေါ့၊ ဆန်ခါတင်အဆင့်ကနေ မြန်မြန်တက်ဖို့ မင်းကိုခိုင်းတာပါ။ ဒီကိစ္စတွေ ကိုင်တွယ်ပြီးရင် နေ့တိုင်း အချိန်တစ်ခုသတ်မှတ်ပြီး ရေစွမ်းအင်ကြောတွေနဲ့ ပေါင်းစပ်နိုင်အောင် ကြိုးစားပါ”
ထိုသို့ပြောရင်း ဖုန်ချင်အန်း ကျန်းယွဲ့ဘေးသို့ လျှောက်သွားသည်။ ကျန်းယွဲ့ မင်သက်မိနေစဉ်မှာပင် သူ့ခါးမှ ပင်လယ်ဖျက်ဓားကို ဆွဲဖြူတ်လိုက်သည်။
“အပြန်အလှန်အနေနဲ့ မင်းဓားကို ငါခဏထိန်းထားမယ်”