← Chapters

ဆက်တိုက်ရာထူးတိုး

Vol. 19 Ch. 281

ဆက်တိုက်ရာထူးတိုး

Vol. 19 Ch. 281

ငါးခုမြောက်ဝိညာဉ်စာချုပ် - အလင်းနဂါး

မျိုးနွယ် - ဝိညာဉ်ဆက်ရတနာသံချပ်ကာ

ဗီဇ - ဝိညာဉ်၊ နဂါး၊ ရေ၊ လေ၊ မိုးကြိုး

စွမ်းရည် - မိုနာ့၊ ထိပ်တန်း

တိုက်ခိုက်စွမ်းအား - သခင်၊ အလတ်တန်း

“အန်း”

ပျော်ရွှင်စွာအော်ဟစ်လိုက်သည့် နဂါးသံက ရေထဲတွင် ပဲ့တင်ထပ်သွားသည်။ နဂါးစွမ်းအင်များ ရေနန်းတော်တစ်ခုလုံး ပျံ့နှံ့သွားသယောက်ရှိသည်။ မြစ်ကိစ္စများနှင့် အလုပ်များနေသည့်ကျန်းယွဲ့ လန့်ဖျတ်သွားသည်။ နားမလည်အောင်ဖြစ်နေသည်။ ဟိုပြေးဒီလွှားအလုပ်ရှုပ်နေသည့် ဝန်ကြီးကွေ့လည်း နဂါးသံပေါ်လာသည့်ဘက်ဆီ တအံ့တဩ လှမ်းကြည့်သည်။

"ဟားဟားဟား၊ တော်တယ်”

သုံးဆယ့်ခြောက်ပေခန့်ရှည်သည့် နဂါးတစ်ကောင် ဖုန်ချင်အန်းဘေးတွင် လှည့်လည်ပျံသန်းနေသည်။ ဖုန်ချင်အန်းရော နဂါးသံချပ်ကာပါ ပျော်ရွှင်နေကြဟန်ရှိသည်။ အလင်းနဂါးသည် စန်းမြောက်ပြီးလျှင် ဒုတိယအားအကြီးဆုံးဖြစ်သည်။

နဂါးသံချပ်ကာ ပျော်ရွှင်နေရာမှ အသိပြန်ဝင်လာပြီး ဖုန်ချင်အန်းကိုကြည့်၍ ပါးစပ်ဟကာ ပင်လယ်ဖျက်ဓားကို အန်ထုတ်ပေးလိုက်သည်။ ဖုန်ချင်အန်း ဆီးဖန်းသည်။

“ပင်လယ်ဖျက်ဓား”

လက်နက်၏စွမ်းအားကို သူခံစားမိသည်။ ပါးစပ်ဟလျက် လေတစ်ချက် မှုတ်ထုတ်လိုက်သည်။ လေးပြင်းတစ်ချက် သူ့ရှေ့ ပေပေါင်းများစွာ ရိုက်ခတ်သွားသည်။ အထူးစက်ဝန်းများ၊ အတားအဆီးများသာ ကာရံမထားလျှင် သူ့ခြေထောက်အောက်မှ ကျောက်စိမ်းအုတ်ခဲများ လွင့်ထွက်သွားပေလိမ့်မည်။

အလင်းနဂါးအဆင့်တက်၍ သားရဲထိန်းသခင်ဆီ တန်ပြန်အကျိုးသက်ရောက်လာသည့် စွမ်းအားဖြစ်သည်။

ပင်လယ်ဖြစ်ဓား၏ ဝိညာဉ်ဗီဇကို ဝါးမျိုပြီးနောက် ဝိညာဉ်သန္ဓေစွမ်းအား နောက်တစ်ကြိမ် ထပ်တိုးလာသည်။ လေကိုထိန်းချုပ်နိုင်သည့်စွမ်းအား ရရှီလာသည်။ ဖုန်ချင်အန်းလည်း ထိုစွမ်းအား တစ်စိတ်တစ်ပိုင်းကို လက်ဆောင်ရသည်။ လေထိန်းချုပ်တတ်သည့်အသိဉာဏ်လည်း ရသည်။ သို့သော် အလင်းနဂါးသံချပ်ကာလို တန်းတူအဆင့်မျိုးတော့မဟုတ်။

ဖုန်ချင်အန်း စိတ်ထဲမထားပါ။ နဂါးသံချပ်ကာ၏ ဖြစ်တည်မှုက ထူးဆန်းလွန်းသည်။ ရှိသမျှအားလုံး ဖုန်ချင်အန်း အသုံးချဖို့သာဖြစ်သည်။ ဖုန်ချင်အန်း၏ လေထိန်းချုပ်သည့်အသိဉာဏ်နှင့် အလင်းနဂါးသံချပ်ကာ၏စွမ်းအား ပေါင်းစပ်လိုက်လျှင် မူလပင်လယ်ဖျက်ဓားထက်ပင် စွမ်းအားကြီးသွားသည်။

“အန်း...”

ဖုန်ချင်အန်း ပင်လယ်ဖျက်ဓားကိုကြည့်၍ ပြုံးနေသည်။ နဂါးငယ် စိုးရိမ်နေဟန်ရှိသည်။ သူဝါးမျိုလလိုက်သည့် နတ်လက်နက်သည် သူ့သခင် နဂါးမိန်းကလေးထံမှ ခဏယူထားခြင်းဖြစ်သည်။

“စိတ်မပူပါနဲ့။ မြစ်သခင်ရာထူးကို သူမယူချင်ရင် ဒီဓားကို သူပြန်သိမ်းထားတာ သဘာဝကျပါတယ်။ စည်းမျဉ်းအတိုင်း ငါသူ့ကို ဓားပြန်ပေးရမယ်။ ဒါပေမယ့် မြစ်သခင်ရာထူးကို သူလက်လွှဲယူရင်တော့ ဒါက အလဲအလှယ်သဘောမျိုး ဖြစ်သွားပြီ။ ဒီဓားက သူပေးဆပ်ရမယ့် တန်ဖိုးပဲ။ ဒီလောက်ကျယ်တဲ့မြစ်ကို နတ်လက်နက်တစ်ခုနဲ့လဲတာ သိပ်မနစ်နာလှပါဘူး”

ဖုန်ချင်အန်း ရယ်နေသည်။ မြစ်သခင်ရာထူးကို ကျန်းယွဲ့ သေချာပေါက်ယူပေလိမ့်မည်။ စကားအရ မလိုချင်ဟု ပြောသော်လည်း မြစ်သခင်လုပ်ငန်းကိစ္စများ လွှဲပြောင်းပေးချိန်တွင် ဖုန်ချင်အန်းထက် ပိုမိုကောင်းမွန်သေသပ်စွာ စီမံနိုင်သည်။

ရေစွမ်းအင်ကြောကို သန့်စင်ရန် ပြောသည်ကိုလည်း ကျန်းယွဲ့ စကားအရငြင်းသည်။ သို့သော် လက်တွေ့တွင် အမိန့်နာခံသည်။ မြစ်သခင်ရာထူးနှင့်အခွင့်အရေးများကို သူအမှန်တကယ်လိုချင်လျှင် ရေစွမ်းအင်ကြောများကို မဖြစ်မနေ ထိန်းချုပ်ရမည်။ မဟုတ်လျှင် ထိုရာထူးက အမည်ခံသာဖြစ်မည်။

“အန်း...”

အလင်းနဂါးသံချပ်ကာ စိတ်အေးသွားဟန်ရှိသည်။ အ‌စောပိုင်းကလို ပျော်ရွှင်မြူးထူးသည့်အသွင် ပြန်ပေါ်လာသည်။

“သွားစို့၊ ငါနဲ့အတူ ရေပေါ်ကိုလိုက်ခဲ့”

ယခု နဂါးအိမ်တော်ကိစ္စများ စီမံသူရှိပြီဖြစ်‌၍ သူအနားယူနိုင်ပြီဖြစ်သည်။ ကျန်းယွဲ့သည် သိပ်မကျွမ်းကျင်သေးသော်လည်း ဝန်ကြီးကွေ့က ကူညီနေသဖြင့် သိပ်ပြဿနာရှိမည်မဟုတ်။ ဖုန်ချင်အန်းအနေဖြင့် ကျန်းယွဲ့ ရေစွမ်းအင်ကြောများ အပြည့်အဝထိန်းချုပ်နိုင်လာသည်အထိ ဘေးထိုင်ကြည့်၍ ကြီးကြပ်နေရုံသာရှိသည်။ ထို့နောက် သူထွက်သွားနိုင်မည်။

သူတကယ် စိတ်ချလိုလျှင် ရေရှည်စောင့်ကြည့်ဖို့လိုသည်။ ထိုအရာမျိုးက အချိန်တိုဖြင့် ရနိုင်သည်မဟုတ်။ အားလပ်သည့်အခါတိုင်း နဂါးနန်းတော်သို့လာ၍ မကြာခဏစစ်ဆေးပေးရမည်။

ယခု သူခဏအနားရသည်။ လှိုင်းမြစ်တလျှောက် ခရီးဆန့်သည်။ ဒုက္ခပေးသည့် ရေသရဲများ ရေနတ်ဆိုးများကို ရှင်းလင်းသည်။ မကြာခဏ မြစ်ကမ်းစပ်ရွာများ ကောင်တီမြို့များသို့ သွားလည်သည်။

သူ့မျက်လုံးထဲ မကြိုက်သည့်အခြေအနေမျိုးတွေ့လျှင် ဓားဖြင့်ဖြေရှင်းသည်။ ဒေသခံသာမန်လူတို့ကိုဖိနှိပ်သည့် အကျင့်ပျက်အရာရှိများကို ချက်ချင်းသတ်သည်။

နှစ်လအတွင်း လှိုင်းမြစ်ကမ်းနှစ်ဘက်မှ အရာရှိများအားလုံး ကြောက်ရွံ့ထိတ်လန့်သွားသည်။ ခရီးလမ်းတွင် လုယက်တိုက်ခိုက်မှုများ ခဏတာရှင်းလင်းသွားသည်။

ကောင်တီနှင့်ပြည်နယ်အရာရှိများ အလုပ်ကြိုးစား၍ ပြည်သူတို့ကို မေတ္တာထားကြရသည်။ ပုံမှန်ဆောင်ရသည့် အခွန်များမှလွဲ၍ ကြီးလေးသည့်အခွန်ကောက်ခံခြင်းများ အားလုံးနီးပါ ပျောက်ကွယ်သွားသည်။

တစ်ခြားနည်းလမ်းမရှိ။ လှိုင်းမြစ်တွင် ဓားတစ်လက်ဖြင့် သောင်းကြမ်းနေသည့် အရူးတစ်ယောက် တကယ်ရှိနေသည်။ အလောင်းကို မြေမြှုပ်လေ့ရှိသူမဟုတ်။ ကောင်တီရုံးတော်သို့ ဝင်သောင်းကြမ်း၍ အမျိုးမျိုးနှိပ်စက်သည်။ တရားခံများကို လူမြင်ကွင်းတွင် ခေါင်းဖြတ်ပစ်သည်။

ထိုလူသည် ဝိညာဉ်လောက သရဲများ နတ်မင်းများနှင့် အဆက်အသွယ်ရှိသည်ဟုပင် ကောလဟာလကြားသည်။ သူသတ်ခဲ့သည့် အကျင့်ပျက်အရာရှိများ သေပြီးနောက်မှာပင် ဆက်၍အပြစ်ပေးခံရသည်။ အနည်းဆုံး နှစ်ခြောက်ဆယ် အပြစ်ပေးခံရသည်ဟုဆိုသည်။ ထိုသတင်းများကြောင့် ကမ်းနှစ်ဘက်မှ အရာရှိများ တုန်လှုပ်ကြသည်။

အသက်ရှင်စဉ် အပြစ်စီရင်ခံရသည်ဖြစ်စေ တမလွန်တွင် နတ်မင်းများက အပြစ်ပေးခံရသည်ဖြစ်စေ ထိုအဖြစ်မျိုးကို ဘယ်သူမှမလိုချင်ကြ။ နှစ်ရှည်ပြစ်ဒဏ်ဆိုသည်မှာ ကြားရုံဖြင့်ပင် စိတ်ပျက်စရာကောင်းသည်။ တရားဝင်လစာငွေဖြင့် ခက်ခက်ခဲခဲရပ်တည်ရသည့်ဘဝက သိပ်မဆိုးလှ။ သည်းခံနိုင်သည့်အတိုင်းအတာဖြစ်သည်ဟု ယူဆကြသည်။

ထိုလူကို မကျေနပ်၍ အထက်ရုံးတော်ကို တိုင်တန်းသူများလည်းရှိသည်။ ထိုအရူးကို နှိပ်ကွပ်ဖို့ လူလွှတ်ပေးရန် တောင်းဆိုကြသည်။ မည်သို့ဆိုစေ သူတို့သည် ဆယ်နှစ်ကြာအောင် ပညာလေ့လာပြီး စာမေးပွဲတွင် ထူးချွန်၍ ဒေသတစ်ခုကိုအုပ်ချုပ်ရန် စေလွှတ်ခံရသူများဖြစ်သည်။ နယ်ခံများကို ဩဝါဒပေးနေသူများ အရှက်တကွဲအကျိုးနည်းဖြင့် ခွေးလိုနွားလိုအသတ်ခံရသည့်အဖြစ်ကို သည်းခံမနေသင့်။

All Chapters