ယူခဲ့သင့်သူ
Vol. 19 Ch. 285
“ဘာလဲ၊ မင်းဘာလို့ငါ့ကို စိုက်ကြည့်နေတာလဲ။ ငါ့ကိုတိုက်ခိုက်ချင်ရင်လည်း စမ်းကြည့်လို့ရပါတယ်။ မင်းအကို ငါ့ကိုရှုံးသွားတာ သိပ်မကြာသေးဘူး။ သူ့လမ်းစဉ်အတိုင်း မင်းမလိုက်ချင်ဘူးမဟုတ်လား”
ကျန်းယွဲ့မျက်လုံးထဲမှ ဒေါသရိပ်ကိုမြင်သော်လည်း သူမကြောက်ပါ။ တန်ပြန် ခြိမ်းခြောက်လိုက်သည်။ အရေးမစိုက်သည့် သူ့ဟန်ပန်က မြစ်သခင်အသစ်ကို လုံးဝဂရုမစိုက်ကြောင်း ထင်ဟပ်နေသည်။
ထိုမြင်ကွင်းကိုကြည့်၍ လိပ်အိုကွေ့ သက်ပြင်းချသည်။ သို့သော် ဘာမှမပြော။ ရေနဂါးနန်းတော်မှ စစ်သည်များလည်း မနီမဝေးတွင်ရပ်လျက် သူတို့သခင် အရှက်ခွဲခံနေရသည်ကို အသံမထွက်ဘဲ ကြည့်နေကြရသည်။
လှိုင်းမြစ်၏ ဩဇာအာဏာကို အမှန်တကယ် ဘယ်သူဆုပ်ကိုင်ထားမှန်း သူတို့သိသည်။ မြစ်သခင်အသစ် မြစ်ကိုထိန်းချုပ်လိုက်နိုင်သော်လည်း ဘာမှမထူး။ သူ့ထက်စွမ်းအားကြီးသည့် ယခင်မြစ်သခင်သည်ပင် နေ့ချင်းညချင်း ပျောက်သွားခဲ့သည်။
“ရှင်က ခဏထိန်းထားမယ်လို့ပဲ ပြောခဲ့တာပါ”
“ဟုတ်တယ်၊ ငါပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါက မြစ်သခင်ရာထူးကို မင်းလက်မခံနိုင်စွမ်းရှိမရှိပေါ် မူတည်ခဲ့တာလေ။ မင်းကိုယ်စား ငါခဏထိန်းထားခဲ့တာပါ။ အခုမင်း မြစ်ရေစွမ်းအင်ကြောတွေကို ထိန်းချုပ်နိုင်သွားပြီ။ အဲဒီ့တန်ဖိုးကို မင်းမသိဘူးလား။ ရေစွမ်းအင်ကြောတွေနဲ့ မင်းအောင်အောင်မြင်မြင် ပေါင်းစပ်နိုင်အောင် ငါတို့က နတ်ဆိုးတွေအများကြီး ဖမ်းဆီးခဲ့ရတာ။ မင်းပြန်မစုံစမ်းကြည့်ဘူးလား”
ဖုန်ချင်အန်း ကျန်းယွဲ့ကို ခပ်အေးအေးမျက်နှာဖြင့် ကြည့်နေသည်။
“မိုင်တစ်ထောင်ရှည်တဲ့မြစ်တစ်ခုအတွက် ဓားတစ်လက်ပေးရာပါ။ မင်းအများကြီး အမြတ်ထွက်နေပါပြီ။ ကျေးဇူးမကန်းပါနဲ့”
“ဒါက ကျွန်မဓားပါ။ အလဲအလှယ်လုပ်မယ်လို့ ဘယ်တုန်းကမှ သဘောမတူဖူးဘူး”
“ဒါပေမယ့် အပေးအယူက လုပ်ပြီးသွားပြီလေ။ မင်းပြောကြည့်ပါဦး။ ငါက ဒီမြစ်ကြီးကို မင်းဆီဘာလို့လွှဲပေးရမှာလဲ။ မင်းက ငါနဲ့ဘာဆိုင်လို့လဲ။ မျိုးရိုးအရကြည့်ရင်လည်း ငါ့ရန်သူရဲ့ သွေးသားရင်ချာတစ်ယောက်လေ။ မင်းဆီက ဓားတစ်ချောင်းပဲယူပြီး မြစ်သခင်ရာထူးကို ငါပေးခဲ့တာပါ။ ငါ့ကိုစိုက်ကြည့်မနေဘဲ ကျေးဇူးတင်စကားပဲ ပြောသင့်တယ်”
ဖုန်ချင်အန်း အတည်အတံ့လေသံဖြင့် ပြောသည်။ မြစ်သခင်ရာထူးကို သူမလိုချင်သော်လည်း ထိုရာထူးသည် တန်ဖိုးမရှိမဟုတ်။ အဆင့်မြင့်သားရဲများစွာ ရယူရန် အသက်စွန့်ကြိုးပမ်းကြသည်။ မြစ်ထဲတွင် သူတပ်စွဲမထားလျှင် မြစ်တစ်ခုလုံး သွေးလျှံနေပေလိမ့်မည်။
“မြစ်သခင်ဖြစ်ချင်တယ်လို့ ကျွန်မ ဘယ်တုန်းကမှ မပြောဖူးဘူး။ ရှင်ကျွန်မကို အတင်းခေါ်လာတာပါ”
ကျန်းယွဲ့ အတော်စိတ်တိုနေသည်။ အဘယ်ကြောင့် ထိုမျှအရှက်နည်းသည့်လူမျိုး လောကတွင် ရှိနေရသည်မသိ။
စိတ်အပျက်ရဆုံးမှာ သူအသွင်ပြောင်းလာသည်ဆိုသော်လည်း ထိုလူကို သူမယှဉ်နိုင်သေးခြင်း ဖြစ်သည်။ အနိုင်ကျင့်သမျှခံရသည့်အခြေအနေကို သူမပြောင်းလဲနိုင်။
“ဒါပေမယ့်မင်းက ရေစွမ်းအင်ကြောတွေနဲ့ တစ်သားတည်းဖြစ်နေပြီပဲ။ ရထားတဲ့အကျိုးအမြတ်ကိုပဲ ပျော်ရွှင်ကျေနပ်လိုက်ပါ။ ဒီဓားက မင်းအတွက်ရှိနေတာမဟုတ်ဘူး။ ပြီးတော့ မင်းအတွက်က ထွက်ပြေးဖို့ပဲ အသုံးတည့်တာလေ။ အခု မင်း မြစ်သခင်ဖြစ်သွားပြီ။ ထွက်ပြေးစရာမလိုတော့ဘူး။ ဓားကိုဆက်သိမ်းထားလည်း အပိုပါပဲ။ ဒီတော့ ငါ့ကိုပဲ ပေးသင့်တယ်”
“ကျွန်မကို ပြန်ပေးပါ”
ကျန်းယွဲ့ ဖုန်ချင်အန်းကို စိုက်ကြည့်နေသည်။ လေသံက တင်းမာပြတ်သားမှုသိပ်မရှိ။ နည်းနည်းစိတ်ကောက်သည့်အသံမျိုးဖြစ်သည်။
အဆင့်တက်၍ ရထားသည့်ယုံကြည်မှုများ ဖုန်ချင်အန်း၏ အရေးမစိုက်သည့်ဟန်ပန်ကြောင့် ပျောက်ကွယ်သွားရသည်။ သူစိုက်တိုက်ခိုက်လျှင်ပင် နိုင်ခြေသိပ်မရှိ။ အရှက်ကွဲရုံသာ အဖတ်တင်မည်။
“ကောင်းပြီလေ”
စကားဖြင့်ပြောမရသဖြင့် ဖုန်ချင်အန်း လက်တစ်ဘက်ဝှေ့ယမ်းလိုက်သည်။ ပင်လယ်ဖျက်ဓားက သူ့လက်ထဲရောက်လာသည်။
“ဒါကို မင်းဓားလို့ပြောနေတယ်ဆိုတော့ မင်းခေါ်ကြည့်လေ။ တုံ့ပြန်မှုရှိမရှိ ကြည့်ကြတာပေါ့”
“ရှင်..”
ဖုန်ချင်အန်းလက်ထဲမှ ပင်လယ်ဖျက်ဓားကို သူရင်းနှီးသော်လည်း နည်းနည်းထူးဆန်းနေသည်။ အတော်ကြာအောင် ကြည့်နေပြီးနောက် သူခေါင်းခါသည်။
“ဒါ ကျွန်မဓားမဟုတ်ဘူး”
“မှန်တာပေါ့။ ဒါမင်းရဲ့ဓားမဟုတ်ဘူး”
ဖုန်ချင်အန်း အံ့ဩဟန်ဖြင့် ကျန်းယွဲ့ကို လှမ်းကြည့်သည်။ ထို့နောက် တဟားဟားရယ်နေသည်။ နတ်လက်နက်အစွမ်းက အရင်အတိုင်းရှိနေဆဲဖြစ်သည်။ သို့သော် လွှမ်းမိုးထားသည့် လက်နက်ဝိညာဉ်ကို ဝါးမျိုးပြီး ပြန်အသစ်ဖန်တီးထားသည်။
“ရှင်က ကျွန်မဓားကို တစ်ချိန်လုံးပစ်မှတ်ထားနေခဲ့တာပဲ”
ကျန်းယွဲ့ ဖုန်ချင်အန်းကိုယ်ပေါ်တွင် ရစ်ခွေနေသည် ရွှေနဂါးကို မျက်စိဒေါင့်ကပ်ကြည့်သည်။
ထိုအချက်ကို သူအစောကတည်းက နားလည်ခဲ့ပါသည်။ သို့သော် မဖြစ်နိုင်သည့်မျှော်လင့်ချက်များ သူ့ရင်ထဲတွင် ရှိနေခဲ့သည်။ ယနေ့ ဖုန်ချင်အန်းသဘောထားကိုမြင်ရမှ သူ့မျှော်လင့်ချက်များကို စွန့်ပယ်လိုက်သည်။
“ရှင်က အရိုင်းပင်လယ်လက်နက်ဘုရင်ကိုးပါးကို စုစည်းချင်တယ်ပေါ့”
“ဟုတ်တယ်၊ လောလောဆယ် အဲဒီအတွေးမျိုးရှိပါတယ်”
ဖုန်ချင်အန်း ခေါင်းငြိမ့်ဝန်ခံလိုက်သည်။
စွမ်းအင်ရင်းမြစ်တူသည့် လက်နက်ဘုရင်ကိုးပါး ကမ္ဘာပေါ်တွင် ပြန့်ကျဲနေကြောင်း စသိရချိန်က စုစည်းရန် စိတ်ကူးမရှိခဲ့။ တည်နေရာကိုလည်း ဘယ်သူမှမသိ။ ရှာရန် အားထုတ်ရမည့်ပမာဏနှင့် မထိုက်တန်။
သို့သော် လက်နက်သုံးခုရပြီးနောက် တစ်ခြားခြောက်ခု၏ တည်နေရာကို သူအကြမ်းဖျင်း အာရုံခံနိုင်လာသည်။ သိပ်မဝေးလျှင် နေရာအတိအကျကိုပင်ရှာနိုင်သည်။ ထို့ကြောင့် ဤစိတ်ကူးပေါ်လာခြင်းဖြစ်သည်။
လက်နက်အားလုံးစုစည်းနိုင်သည့် အခွင့်အရေးရှိနေလျှင် ကြိုးစားကြည့်ရမည်။ အောင်မြင်သွားလျှင် အလင်းနဂါးသံချပ်ကာ၏ ဝိညာဉ်စွမ်းအင်ကို အားဖြည့်နိုင်မည်။
“ရှင့်မျက်လုံးထဲမှာ ကျွန်မက ဘယ်လိုဖြစ်တည်မှုလဲ”
ဖုန်ချင်အန်းကိုကြည့်၍ ကျန်းယွဲ့ ရုတ်တရက် ရယ်မောလိုက်သည်။ ရယ်သံတွင် နာကျင်မှုနှင့်ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်မှုများ ပြည့်နေသည်။ သူအမှားကြီးမှားခဲ့သည်ဟု တွေးမိနေသည်။
“အစက မင်းလက်ထဲကဓားကို လိုချင်ခဲ့တယ်။ အတင်းလုယူပြီး နောက်ကြောင်းရှင်းအောင် မင်းကိုသတ်ပစ်မလို့ဘဲ။ ဒါပေမယ့်မင်းက လူတစ်ဝက်နဂါးတစ်ဝက်ဖြစ်ပြီး လူသားမျိုးနွယ်နဲ့ ပိုနီးစပ်တာသိရတော့ ငါစိတ်ပြောင်းသွားတယ်”
“ဒါဆို ရှင်က မြစ်သခင်မဖြစ်ချင်လို့ ကျွန်မကို အတင်းနေရာချပေးတာပေါ့”
“ဉာဏ်ကောင်းသားပဲ”
ဤအတောအတွင်း ကြုံခဲ့ရသည့်အဖြစ်များကို ကျန်းယွဲ့ပြန်တွေးမိသည်။ သူ့ခံစားချက်များ ရှုပ်ထွေးနေသည်။ သားရဲများစွာ တောင့်တကြသည့် မြစ်သခင်ရာထူးကို သူ့ဆီအတင်းထိုးပေးခံခဲ့ရသည်။
“ဒါဆိုရင် ကျွန်မအသက်ကို ချမ်းသာပေးတဲ့အတွက် ရှင့်ကိုကျေးဇူးတင်ရမှာပေါ့”
********************************************