ယူခဲ့သင့်သည် (၂)
Vol. 20 Ch. 286
"ဟားဟားဟား၊ မင်းတကယ်ကျေးဇူးတင်ရင် မြစ်ကမ်းနှစ်ဘက်ကလူတွေကိုပဲ ဂရုစိုက်ပြီး မြစ်ကို ကောင်းကောင်းစီမံပါ”
ကျန်းယွဲ့စကားထဲမှ လှောင်ရိပ်ကို သူရိပ်မိသည်။ သို့သော် သူစိတ်မဆိုးမိပါ။ မလုပ်ချင်သည့်အလုပ်ကို အတင်းလုပ်ခိုင်းလျှင် နည်းနည်းတော့ မကျေမနပ်ဖြစ်ကြမည်။ ထိုအဖြစ်ကို ခွင့်မလွှတ်လျှင် အနိုင်ကျင့်ရာကျမည်။
ကျန်းယွဲ့နည်းနည်း စိတ်ပျက်နေလျှင်လည်း ကိစ္စမရှိ။ တာဝန်ကျေပွန်နေဖို့သာ အဓိကကျသည်။
“သခင်လေး ထွက်သွားတော့မှာလား”
လိပ်အိုက မေးသည်။
“ဒါပေါ့၊ သူအခု ကောင်းကင်းဆင်းရဲဖြတ်ပြီးပြီ။ ရေကြောတွေကို ထိန်းချုပ်နိုင်ပြီ။ မြစ်သခင်ဖြစ်လာပြီ။ ကျုပ်ထွက်သွားဖို့အချိန်ကျပြီ။ ဒီအချိန်မသွားရင် တော်ဝင်စာမေးပွဲ မမီဘဲနေလိမ့်မယ်”
“တော်ဝင်စာမေးပွဲမှာ ဝင်ဖြေဦးမှာလား”
လိပ်အိုကွေ့ အံ့အားသင့်သွားသည်။ ထိုစွမ်းအားမျိုး ပိုင်ဆိုင်ထားသည့်သခင်လေးက အဘယ်ကြောင့် စာမေးပွဲဖြေဖို့ စိတ်ဝင်စားနေသည်မသိ။
အကျင့်ပျက်အရာရှိများကို ကြက်ဝက်လို သတ်ခဲ့သူ။ မျက်တောင်မခတ်ဘဲ ဓားဖြင့်ခုတ်ခဲ့သူက တော်ဝင်စာမေးပွဲကို စိတ်ဝင်စားနေသည်။ ဘာတွေကစားနေသည်မသိ။
အပျော်ဝင်ဖြေခြင်းလား။ အတွေ့အကြုံရှာခြင်းလား မသိတော့။
“ကျုပ်က အပျော်ဝင်ဖြေတာပါ။ စာပေလေ့လာခဲ့တာ နှစ်အတော်ကြာပြီလေ။ နည်းနည်းတော့ အသုံးဝင်မှဖြစ်မှာပေါ့”
“ရှင်တကယ်ထွက်သွားတော့မှာလား”
ရုတ်တရက်ဆန်လွန်းသဖြင့် ကျန်းယွဲ့လည်း အံ့အားသင့်နေသည်။ ယခုအချိန်မှစ၍ သူသည်မြစ်သခင်အဖြစ် ကိစ္စအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရတော့မည်။
“ဟုတ်တယ်၊ ငါသွားတော့မယ်။ မင်းအခု လွတ်လပ်သွားပြီ။ ဒါပေမယ့် ငါမရှိဘူးဆိုပြီး ပေါ့ပေါ့လျော့လျော့နေမယ်မကြံနဲ့။ မကြာခဏ ငါလာပြီး စစ်ဆေးမယ်။ မင်းတာဝန်မကျေလို့ကတော့ မင်းအကိုလိုအဖြစ်မျိုး ကြုံရမယ်။ ငါကြိုသတိပေးထားတာ”
“အခုချက်ချင်း ရာထူးကနေ ဆင်းပေးလို့ရပါတယ်”
“မင်းဒါကို ကလေးကစားစရာလို့ ထင်နေလား။ ဒီတာဝန်ဟာ မြစ်ထဲက ရေမျိုးနွယ်တွေရဲ့လုံခြုံရေး၊ ကမ်းနှစ်ဘက်က လူပေါင်းများစွာရဲ့ဘဝတွေနဲ့ သက်ဆိုင်တယ်ကွ။ မင်းနားလည်လား”
ဖုန်ချင်အန်း ခပ်တင်းတင်းအော်ငေါက်လိုက်သည်။
ကျန်းယွဲ့ အတော်ခေါင်းမာသည်။ စိတ်မပြတ်သား။ ဆုံးဖြတ်ချက်မခိုင်။ သို့သော် အရေးကြီးကိစ္စများနှင့် ပတ်သက်လာလျှင် သေချာအာရုံစိုက်၍ တာဝန်ယူဖြေရှင်းတတ်သည်။
ဖုန်ချင်အန်းသတ်ခဲ့သည့် သူ့အကိုထက် ပိုသာသည်။ သို့သော် နည်းနည်းဆူပူငေါက်ငမ်းပေးဖို့လိုသည်။
“ကျွန်မနားလည်ပါတယ်”
ကျန်းယွဲ့ ခံစားချက်ကိုထိန်း၍ လက်နှစ်ဘက်ဆုပ် အရိုအသေပြုလိုက်သည်။ သူ့လက်ခုံနှင့်လက်ချောင်းများက နဂါးလက်ကဲ့သို့ ဖြစ်နေသည်။ ကြေးခွံများနှင့်လက်သည်းများတွင် နူးညံ့သည့်ကြေးခွံများ ရှိနေသည်။
“နားလည်ရင်ကောင်းတာပေါ့။ နောက်ထပ် သင့်တော်တဲ့မြစ်သခင်အသစ် ပေါ်မလာသရွေ့ မြစ်သခင်တာဝန်ဝတ္တရားတွေကို မင်းစွန့်ပယ်ခွင့်မရှိဘူး”
ဖုန်ချင်အန်း အလေးအနက် သတိပေးသည်။ ပါရမီပါသည့်နဂါးတစ်ကောင်၏ နောက်ဆုံးပန်းတိုင်သည် ပင်လယ်သမုဒ္ဒရာတွင် နေဖို့သာဖြစ်သည်။ ကုန်းတွင်းပိုင်း မြစ်ပြင်ဘယ်လောက်ကျယ်ကျယ် ကျဉ်းလွန်းသည်ဟု ခံစားကြရသည်သာဖြစ်သည်။
“ကျွန်မကို သတိပေးဖို့မလိုပါဘူး။ အခုကျွန်မက ဒီမြစ်ရဲ့သခင် ဖြစ်နေပါပြီ”
“ဒါဆို မြစ်သခင်အဖြစ် ထမ်းဆောင်နေတဲ့ငါ့တာဝန်တွေ တရားဝင်လွှဲပေးလိုက်ပါပြီ။ ကံကြုံရင် ပြန်ဆုံကြသေးတာပေါ့”
ဖုန်ချင်အန်း တဟားဟားရယ်မောလျက် အပေါ်သို့တက်သွားသည်။ သူစိတ်မဆိုးပါ။ ဤမြစ်ကို သူငြီးငွေ့နေပြီဖြစ်သည်။ ထို့ကြောင့် ရေနန်းတော်သို့ပင် မဝင်တော့။
“သူဒီလိုပဲ ထွက်သွားပြီပေါ့”
ကျန်းယွဲ့ အံ့အားသင့်နေသည်။ ဖုန်ချင်အန်း ရေထဲမှ ပျောက်သွားပြီးနောက် သူ့စိတ်များ ရှုပ်ထွေးနောက်ကျိလာသည်။
“သခင်မက သခင်လေးကို ဒီမှာဆက်နေပြီ အဖော်ပြုပေးစေချင်တာလား။ သူသာ အစကတည်းက နေချင်တယ်ဆိုရင် သခင်မကို အတင်းဘယ်ခေါ်လာပါ့မလဲ’
လိပ်အိုကွေ့ ခပ်ညှင်းညှင်းရယ်လျက် ပြောသည်။
“ကျွန်မသူနဲ့မနေချင်ပါဘူး။ မြစ်ထဲကကိစ္စတွေကို ကောင်းကောင်းမစီမံနိုင်မှာပဲ စိုးရိမ်တာပါ။ ဒါက ကျွန်မအကိုအုပ်ချုပ်ခဲ့တဲ့ မြစ်ကြီးတစ်စင်းပဲလေ”
ကျန်းယွဲ့ သက်ပြင်းချသည်။ လူသားမျိုးနွယ်ကြား ရာစုနှစ်ကြာ ရောနှောနေခဲ့သဖြင့် တစ်ချို့ကိစ္စများကို နားလည်လာသည်။ ဖုန်ချင်အန်း ထွက်သွားခြင်းသည် အကြီးမားဆုံး အကာအကွယ်အထောက်အပံ့ ဆုံးရှုံးသွားခြင်းဖြစ်သည်။
သူယခု မြစ်သခင်ရာထူးယူထားသော်လည်း ခြိမ်းခြောက်နိုင်သည့်စွမ်းအားမျိုး မပိုင်ဆိုင်သေး။ တစ်ချို့နတ်ဆိုးကြီးများ မြစ်သခင်နေရာကို လာလုယူဖို့ ကြိုးစားကောင်းကြိုးစားနိုင်သည်။
တစ်ခြားနတ်ဆိုးများကို မပြောသေး။ သူ့အကို၏ဇနီးသည်ပင် တော်တန်ရုံစွမ်းအားအဆင့်မျိုးမဟုတ်ကြောင်း သိထားသည်။ ဖုန်ချင်အန်းကို ကြောက်၍သာ ထွက်ပြေးသွားခြင်းဖြစ်သည်။ ထိုယောက်မ သူမြစ်သခင်ဖြစ်လာသည်ကို လက်ခံချင်မှ လက်ခံမည်။
“ကျုပ်အဘိုးကြီး သခင်မအတွက် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ပါ့မယ်”
လိပ်အိုကွေ့က သစ္စာခံသည်။
“ဝန်ကြီးကွေ့၊ ရှင်ကတကယ်ရော သစ္စာရှိလို့လား။ တစ်ခြားလူတွေနဲ့ပေါင်းပြီး စွမ်းဆောင်ရည်ညံ့တဲ့ကျွန်မကို ရာထူးကဖယ်ရှားဖို့ရော မတွေးဘူးလား”
ကျန်းယွဲ့ လိပ်အိုကွေ့ကို အကဲခတ်နေသည်။ ထိုလိပ်အိုသည် သူ့အကိုနောက်သို့ စလိုက်ခဲ့သည်။ ထို့နောက် ဖုန်ချင်အန်းထံ ဘက်ပြောင်းသွားသည်။ ယခု သူ့နောက်လိုက်ဖြစ်လာပြန်သည်။
“သခင်မ ကျုပ်ကို နားလည်မှုလွဲနေပါပြီ။ ကျုပ်တကယ် သခင်မအပေါ် သစ္စာရှိမှာပါ။ ဘယ်လိုလုပ် သစ္စာဖောက်ရဲမှာလဲ”
လိပ်အိုကွေ့က အရိုးခံမျက်နှာဖြင့်ပြောသည်။ သို့သော် သူ့စကားပိုလေးနက်စေရန် ဖုန်ချင်အန်းစကားကို ထပ်ပြောပြသည်။
“ပြီးတော့ ကျုပ်သစ္စာဖောက်ချင်ရင်တောင် သတ္တိမရှိပါဘူး။ ဖုန်သခင်လေးက မကြာခဏ လာစစ်ဆေးမယ်လို့ ပြောသွားတယ်မဟုတ်လား။ သခင်မက သူခန့်ထားတဲ့ မြစ်သခင်ပါ။ ကျုပ်တစ်ခြားလူတွေနဲ့ပေါင်းပြီး သခင်မကိုဖယ်ရှားရင် ကျုပ်အတွက် ပြေးစရာနေရာမရှိဘဲ ဖြစ်သွားမှာပေါ့”
“ဒါဆိုရင်တော့ နန်းတော်က လောလောဆယ် ရှင့်ကိုယုံကြည်လိုက်ပါမယ်”
ကျိုးကြောင်းဆီလျော်နေသဖြင့် ကျန်းယွဲ့ ခေါင်းငြိမ့်သည်။ ဖုန်ချင်အန်းထွက်သွားသော်လည်း ဩဇာရီပ်က ကျန်နေသေးသည်။
လေးခုမြောက်ဝိညာဉ်စာချုပ် - နေမီးတောက်
မျိုးနွယ် - နေမီးတောက်သစ်ပင်
ဗီဇ - ယန်၊ သစ်သား၊ ကောင်းကင်
စွမ်းရည် - သခင်၊ အခြေခံ
တိုက်ခိုက်စွမ်းအား - ကွန်မန်ဒါ၊ ထိပ်တန်း
“တတိယမြောက်ပန်းက ပွင့်လာပြီပေါ့”
သူ့ဦးခေါင်းထက်တွင် ကွေ့ပတ်ပျံသန်းနေသည့် မီးငှက်သုံးကောင်ကိုကြည့်၍ ပြုံးလိုက်သည်။ မှော်ခါးပတ်ထဲတွင် ရွှေ့ပြောင်းစိုက်ပျိုးပြီးကတည်းက ထိုသစ်ပင် ကြီးထွားနှုန်းနှေးသွားသည်။ သို့သော် ဘယ်လောက်နှေးနှေး နောက်ဆုံးတွင် ပန်းပွင့်များပေါ်လာသည်။
ယခုတစ်ကြိမ်ပွင့်လာသည်က အံ့ဩစရာကောင်းသည်။ တတိယယန်မီးတောက်ဝိညာဉ်ကို မွေးဖွားပေးသည်။ ပထမမီးငှက်နှစ်ကောင်ကိုလည်း အဆင့်တိုးပေးသည်။ ထို့အပြင် အသစ်ထွက်လာသည့် သစ်ကိုင်းများတွင် နောက်ထပ် ပန်းဖူးနှစ်ခုထွက်လာသည်။
တစ်နည်းဆိုရလျှင် လေးခုမြောက် ငါးခုမြောက် မီးဝိညာဉ်များ တစ်ပြိုင်တည်းမွေးဖွားမည့် သဘောဖြစ်သည်။ ထိုအချိန်ရောက်လျှင် နေမီးတောက်သစ်ပင်က ဖုန်ချင်အန်းအတွက် ပိုများပြားသည့် စွမ်းအားအထောက်အပံ့ကို ပေးပေလိမ့်မည်။
“သခင်လေး၊ ကျုပ်တို့ဘယ်ကိုအရင်သွားမဲ”
သူ့အောက်ဘက်မှ စန်းမြောင်အသံ ပေါ်လာသည်။ တော်ဝင်သားရဲက တောအုပ်မှထွက်ပြီး ကွင်းပြင်ကျယ်ကိုရောက်လာသည်နှင့် ဘာလုပ်ရမည်မသိဖြစ်နေသည်။
သူ့သခင် ဖုန်ထန်မြို့သို့ သွားမည်မှန်းသိသည်။ သို့သော် လမ်းကြောင်းမသိ။ ဦးတည်ရာမသိ။
နန်းတွင်းစာမေးပွဲရက်က နီးကပ်လာသည်။ သူတို့ အချိန်အတော်ကုန်ခဲ့သည်။ ထို့ကြောင် လေထဲမှ တိုက်ရိုက်ပျံသန်းသွားရန် ဖုန်ချင်အန်းစိတ်ကူးမိသည်။ သို့သော် သူလမ်းမမှတ်မိ။
“အောက်ဆင်းပြီး မေးမြန်းကြည့်တာပေါ့”
ဖုန်ချင်အန်း သက်ပြင်းချသည်။ အိမ်ထိန်းကျောက်တို့အဖွဲ့ကို သူနှင့်အတူမထားခဲ့သည်ကို နောင်တရသည်။ သူမြစ်သခင်ရာထူးယူချိန်တွင် သိုင်းသမားများက ရေအောက်သို့ လိုက်နေရန် အဆင်မပြေကြ။ ထို့ကြောင့် ဖုန်ထန်မြို့သို့ နေရာထိုင်ခင်းကြိုတင်စီစဉ်ထားရန် စေလွှတ်လိုက်သည်။
ယခု သူ့ဘေးတွင် စွမ်းအားမြင့်နတ်ဆိုးသုံးကောင်ရှိနေသော်လည်း သူတိုအဖွဲ့တွင် တစ်ယောက်မှ လမ်းမသိကြ။ သို့သော် ပြဿနာက ကြီးကြီးမားမားမဟုတ်ပါ။ လမ်းတွင် နည်းနည်းအလှည့်အပြောင်းကြုံနိုင်သော်လည်း ဩဂုတ်လအစ စာမေးပွဲရက်အမီ ဖုန်ထန်မြို့တော်သို့ သူရောက်အောင်သွားနိုင်သည်။
“လူသားမြို့တော်က တကယ်တမျှော်တခေါ်ကြီးပါလား”
စန်းမြောင်နှင့်ပိုင်ယောက်တို့ တအံ့တဩရေရွတ်ကြသည်။ တောင်နက်က ပုံမှန်အတိုင်းရှိနေသည်။
ထိုမြင်ကွင်းမျိုးက တောင်နက်အတွက် အစိမ်းသက်သက်မဟုတ်။ မြေအောက်ကမ္ဘာတွင် ထိုထက်ပိုစည်ကားသည့်နေရာများ ရှိသည်။ သို့သော် သူ့မျက်လုံးများလည်း လှုပ်ရှားနေသည်။ သရဲနိုင်ငံမြို့တော် မည်မျှခမ်းနားသည်ဖြစ်စေ လူသားကမ္ဘာ၏သက်ဝင်လှုပ်ရှားမှုကိုတော့ မမီနိုင်။