နတ်ဆိုးတစ်သောင်းနိုင်ငံ
Vol. 20 Ch. 287
ဖုန်ချင်အန်း မြို့ထဲသို့ ခပ်လျိုလျိုအသွင်ဖြင့် အမြန်ဝင်လာသည်။ အိမ်ထိန်းကျောက်က ကြိုတင်ပြင်ဆင်ထားသည့်အိမ်တော်ကို ဦးဆောင်ခေါ်သွားသည်။ တံခါးသုံးပေါက်ရှိသည့် ရိုးရှင်းသည့်အိမ်တစ်လုံးသာဖြစ်သည်။
“ဘယ်လို၊ တော်ဝင်စာမေးပွဲကို ရက်ရွှေ့လိုက်တယ်ပေါ့”
ရောက်ရောက်ချင်းကြားရသည့်သတင်းကြောင့် ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ ကြိုတင်ရောက်နှင့်သည့် အိမ်ထိန်းကျောက်က ပြောပြခြင်းဖြစ်သည်။
“ဟုတ်ပါတယ်။ စာမေးပွဲရက်ကို တစ်လရွှေ့ဆိုင်းလိုက်တယ်။ နောက်လရဲ့ ပထမလဝက်အတွင်းမျာ ကျင်းပမှာပါ။ ရက်အတိအကျတော့ သတ်မှတ်မထားသေးပါဘူး”
“ဘာတွေဖြစ်သွားတာလဲ။ တာ့ကျင်းမှာ အရင်က ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးလား”
ဖုန်ချင်အန်း နည်းနည်းအံ့အားသင့်နေသည်။ ရက်ရွှေ့ထားမျန်းသိခဲ့လျှင် အလျင်စလို လာခဲ့မည်မဟုတ်။ လမ်းတစ်လျှောက် စားကောင်းသောက်ဖွယ်များကို မြည်းစမ်းခဲ့မည်သာဖြစ်သည်။
“ဒီမင်းဆက်မှာ ဒီလိုဖြစ်တာ ပထမဆုံးအကြိမ်ပါပဲ။ စာဖြေသူတွေ ရုံးတော်ရှေ့မှာ သွားစုရုံးကြတာတောင် လေးငါးကြိမ်ရှိပြီ”
စာမေးပွဲရက်ရွှေ့သည့်ကိစ္စက တကယ်မကြုံစဖူးထူးဆန်းနေသည်။ စာဖြေလာသူများ ဆူပူနေကြသည်။
စာဖြေသူဆိုသည်မှာ သူတို့ကိုယ်တိုင်နှင့်သာ ဆိုင်သည်မဟုတ်။ သူတို့မိသားစုများက များပြားသည့်ကုန်ကျစားရိတ်ကို ရင်းနှီးထားရသည်။ စာမေးပွဲတစ်လရွှေ့ဆိုင်းလျှင် ကုန်ကျစားရိတ်များစွာ တိုးမြင့်လာမည်။
နောက်ကျရုံဆိုတော်သေးသည်။ ယခု စာမေးပွဲရက်ကိုပင် အတိအကျမကြေညာ။ ထို့ကြောင့် သူတို့စိုးရိမ်လာကြသည်။ ရွှေ့ဆိုင်းချိန်ပြည့်ခါနီးလျှင် အချိန်ထပ်ရွှေ့ပြန်သည်။ ထိုအဖြစ်မျိုးကို ဘယ်သူမှသည်းခံနိုင်မည်မဟုတ်။
“ရုံးတော်က အကျိုးအကြောင်းရှင်းပြတဲ့ ထုတ်ပြန်စာမျိုး ကြေငြာပြီးပြီလား”
“မကြေညာသေးပါဘူး”
နည်းနည်းစိတ်ပျက်နေသည့် ဖုန်ချင်အန်းမျက်နှာကို အိမ်ထိန်းကျောက် နည်းနည်းအံ့ဩဟန်ဖြင့် ကြည့်နေသည်။
ပြီးခဲ့သည့်နှစ်လအတွင်း ဖုန်သခင်လေးအမိန့်ဖြင့် ဖုန်ထန်မြို့တော်သို့ဝင်ခဲ့သည်။ သတင်းရင်းမြစ်တစ်ချို့နှင့် ဆက်သွယ်နိုင်ခဲ့သည်။ စာမေးပွဲရွှေ့ဆိုင်းရသည့် အကြောင်းရင်းအတွက် ကောလဟာလတစ်ခု ပေါ်လာသည်။ အတည်ပြုထားခြင်းတေ့မရှိ။ ထို့ကြေင့် သူလည်းသေချာမပြောရဲ။
“မြို့တော်က လူကုံထံတွေကြားမှာ ကောလဟာလတစ်ခုတော့ပျံ့နှံ့နေပါတယ်”
“လူကုံထံ...”
ဖုန်ချင်အန်းမျက်လုံးများ အရောင်လက်လာပြီး အိမ်ထန်းကိုကြည့်၍ ချီးကျူးသည်။
“လေးစားစရာပဲ။ ဒီလောက်အချိန်တိုအတွင်း ဖုန်ထန်လူကုံထံအသိုင်းအဝိုင်းနဲ့ ရင်းနှီးအောင်ပေါင်းနိုင်တယ်ပေါ့။ သူတို့ဆီကတောင် သတင်းနှိုက်လာနိုင်တယ်။ တော်ပါပေတယ်”
“ဒါအတွက် ကျုပ်ချီးကျူးမခံရဲပါဘူး။ အားလုံးက သခင်လေးရဲ့ဂုဏ်သတင်းကြောင့် ဖြစ်လာတာပါ။ အဲဒီလူကုံထံတွေက လူလွှတ်ပြီး ကျုပ်နဲ့လာဆက်သွယ်ကြတာပါ”
အိမ်ထိန်းကျောက် အရိုးခံစိတ်ဖြင့် ပြောသည်။ ထိုကိစ္စသည် သူ့ဆောင်ရွက်ချက်ကြောင့်မဟုတ်။ သူ့အဆင့်သူသိသည်။
သိုင်းလောကတွင် သူသည် ဝါရင့်သိုင်းသမားအိုဖြစ်သည်။ လူငယ်သိုင်းသမားများအတွက် သူသည် ထူးခြားရှားပါးသည့် လူသားဖြစ်သည်။
အစိုးရပိုင်းသို့ဝင်လျှင် အရာရှိငယ်ရာထူး ရနိုင်သည်။ နည်းနည်းကြိုးစားလျှင် အဆင့်မြင့်အရာရှိ ဖြစ်နိုင်သည်။သို့သော် တာ့ကျင်းလူကုံထံများက သူ့လိုသိုင်းသမားကို သိပ်အရေးလုပ်မည်မဟုတ်။
အလွန်ဆုံး အင်အားကြီးအထောက်အပံ့အဖြစ်သာ စဉ်းစားမည်။ နာမည်ဂုဏ်သတင်းမရှိသည့် သူ့လိုသက်ကြားအိုသိုင်းသမားသည် လူကုံထံများနှင့် ပတ်သက်ဆက်ဆံခွင့်မရှိ။ တာဝန်ထမ်းဆောင်ဖို့ အရည်အခင်းမမီ။
“ကျုပ်ရဲ့ဂုဏ်သတင်းတဲ့လား။ အင်း....စိတ်ဝင်စားစရာပဲ။ ကောလဟာလက ဘာလဲဆိုတာ ပြောပါဦး”
“စာမေးပွဲရွှေ့ဆိုင်းတဲ့ကိစ္စက သခင်လေးနဲ့ဆိုင်တယ်တဲ့..”
“ကျုပ်နဲ့ဆိုင်တယ်...”
ဖုန်ချင်အန်းမျက်ခုံးနှစ်ဘက် မြင့်တက်သွားသည်။
“ဘယ်လိုဆိုင်တာလဲ”
“သခင်လေးက စာမေးပွဲလာဖြေတယ်လေ။ စာမေးပွဲရက်ရွှေ့လိုက်တာက သခင်လေး နောက်ထပ်သုံးနှစ်စောင့်ပြီး အအချိန်နှောင့်နှေးတာမျိုး မဖြစ်အောင်လို့ပါ”
“အဓိပ္ပါယ်မရှိတာပဲ။ မနေ့ကမှ ဖုန်ထန်ကို ကျုပ်ခရီးထွက်ခဲ့တာ။ အဲဒီ့မတိုင်ခင် လှိုင်းမြစ်ထဲမှာပဲ နေခဲ့တာ။ ကျုပ်မလာဖြစ်ခဲ့ရင် သူတို့က စာမေးပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းမှာလား။ အပြီးရပ်ဆိုင်းတော့မှာလား”
ကောလဟာလကို သူလက်မခံ။ ထိုစာမေးပွဲကို သူအပျော်ဝင်ဖြေခြင်းသာဖြစ်သည်။ ရပ်ချင်လည်း ရပ်ပစ်မည်။ အစိုးရပိုင်းသို့ဝင်ရန် စိတ်မဝင်စား။ အကျင့်ပျက်အရာရှိများကို မြင်ပြီးနောက် စိတ်ဝင်စားမှုပိုလျော့သွားသည်။
လူ့အရေခြုံတိရစ္ဆာန်များနှင့်အတူ အစိုးရပိုင်းတွင် တာဝန်ထမ်းဆောင်လိုစိတ်ရှိသည့် သူ့အကိုကြီးကိုပင် လေးစားမသေးသည်။ ထိုလူများကို ဘယ်လိုသည်းခံနိုင်သည်မသိ။
အကျင့်ပျက်အရာရှိဟူသည် အမြဲတမ်းရှိနေမည်။ အာဏာရှိလျှင် အကျင့်ပျက်လာဘ်စားမှုရှိသည်။ လူ့သဘာဝဖြစ်သည်။ မပျောက်ပျက်နိုင်။ ထို့ကြောင့် သာမန်လာဘ်စားမှုများကိုသာ လျစ်လျူရှုပေးနိုင်မည်။
“စိတ်မဆိုးပါနဲ့ သခင်လေး။ ဒါက အတည်မပြုနိုင်တဲ့ ကောလဟာလို့ ကျုပ်ပြောပြီးသားပါ။ ကျုပ်လည်း ဒါကို ယုံဖို့ခက်မှန်းသိပါတယ်။ ဒါပေမယ့် သခင်လေးနဲ့ပတ်သက်တယ်ဆိုလို့ ကျုပ်က အသိပေးတာပါ”
“ကောင်းပါပြီ။ ကျုပ်ခရီးပန်းလာတယ်။ ခင်ဗျား သွားလို့ရပြီ။ ဒီရက်တွေအတွင်း ခင်ဗျားလည်း ပင်ပန်းခဲ့တာပဲ”
“ဟုတ်ကဲ့”
အိမ်ထိန်းကျောက် ထွက်သွားပြီးနောက် ဖုန်ချင်အန်း စဉ်းစားနေသည်။ ထိုကောလဟာလသည် ယုံဖို့ခက်လွန်းသော်လည်း သူနှင့် တစ်ခုခုတော့ ပတ်သက်နေမည်ဟုထင်သည်။
သို့သော် ခဏထပ်တွေးပြီးနောက် ခေါင်းထဲမှထုတ်လိုက်ပြန်သည်။ ပုံမှန်အားဖြင့် တာ့ကျင်းရုံးတော်သည် ထိုမျှဦးနှောက်မဲ့သည့်လုပ်ရပ်မျိုး လုပ်မည်မဟုတ်။
သူစားမေးပွဲ လာမဖြေဘဲ လှိုင်းမြစ်ထဲတွင် ဆက်နေခဲ့လျှင် ရုံးတော်က စာဖြေရက်ကို ဆက်ရွှေ့နေမည်လား။ ထိုသို့ဆိုလျှင် လက်ရှိ တော်ဝင်စာမေးပွဲလာဖြေသူများ ဘာဖြစ်သွားမည်နည်း။ ကိုယ့်ဘာသာ နစ်နာအောင်လုပ်သလိုသာ ဖြစ်လာမည်။
နောက်တစ်နေ့တွင် ဖုန်ချင်အန်း တောင်နက်နှင့်ပိုင်ယောက်ကိုခေါ်၍ အိမ်ထဲမှထွက်သည်။ ဖုန်ထန်မြို့တော်လမ်းများပေါ် ရောက်လာသည်။ ထုံးစံအတိုင်း ဒေသသစ်၏ အစားအသောက်များကို အရင်မြည်းစမ်းကြည့်သည်။
ဖုန်ထန်မြို့သည် သူမြင်ခဲ့သည့် တစ်ခြားမြို့တော်များထက် ပိုမိုစည်ကားသည်။ သူလျှောက်နေသည့်လမ်းမသည် မြင်းရထားရှစ်စီး ဘေးချင်းယှဉ်မောင်းနိုင်သည်။ ကျယ်ပြန့်၍ ညီညာပြန့်ပြူးနေသည်။
******************************************