← Chapters

နတ်ဆိုးတစ်သောင်းနိုင်ငံ (၂)

Vol. 20 Ch. 288

နတ်ဆိုးတစ်သောင်းနိုင်ငံ (၂)

Vol. 20 Ch. 288

လမ်းတစ်ဘက်တစ်ချက်တွင် အဆောက်အဦးများ ထူထပ်စွာရှိနေသည်။ အိမ်တော်များ၊ ရုံးများ၊ ကျောင်းများ၊ တည်းခိုခန်းများ၊ အပေါင်ဆိုင်များ မျိုးစုံအောင်ရှိသည်။ စည်းကားနေသည့် မြို့တော်ကို ဈေးသည်တို့၏အော်ဟစ်ရောင်းချသံက ကာရန်ဖြည့်ပေးသည်။ အတုမဲ့သက်ဝင်လှုပ်ရှားမှုစွမ်းအင်ကို ပေးနေသည်။

ပိုးချည်ဝတ်စီးပွားရေးလုပ်ငန်းရှင်များ စာပေသမားများ ဘေးပတ်လည်ပြည်နယ်မှ လာလည်သည့် ခရီးသွားများ နောက်လိုက်နောက်ပါခြံရံလိုက်ပါလာသည့် လူကုံထံများ မျိုးစုံတွေ့ရသည်။

“တွေ့လား၊ အဲဒါငါအမြဲတမ်း စိတ်ကူးယဉ်ခဲ့တဲ့ ဘဝမျိုးပဲ”

ဖုန်ချင်အန်း မျက်လုံးမှေးစင်း၍ သူ့ရှေ့မနီးမဝေး မြို့တော်ဂိတ်တံခါးသို့ ဦးတည်နေသည့် လူတစ်စုကို ကြည့်ရင်း သူ့နောက်မှ ဝံပုလွေနှစ်ကောင်ကို ပြုံး၍ပြောလိုက်သည်။

ဖုန်ထန်သည် တွဲဘက်မြို့တော်ဖြစ်သည်။ ယခင်မင်းဆက်၏ မြို့တော်ဟောင်းလည်းဖြစ်သည်။ ထို့ကြောင့် ခမ်းနားထည်ဝါသည်။ ဖုန်ချင်အန်း အိမ်မှထွက်လာပြီးမကြာမီ လူငယ်အရာရှိတစ်ယောက်ကိုတွေ့သည်။

အရာရှိက မြင်းဖြူစီးနေသည်။ အစောင့်လေးယောက်က ရှေ့မှဦးဆောင်လှမ်းရှင်းပေးနေသည်။ နောက်ဘက်တွင် အစေခံဆယ်ယောက်ကျော် လိုက်လာသည်။ တစ်ချို့က ခွေးများကိုကြိုးဖြင့်ဆွဲလာသည်။ လေးများကိုင်လာသူလည်းရှိသည်။ လက်မောင်းထက်တွင် သိမ်းငှက်များ သယ်လာသူလည်းရှိသည်။ တစ်ချို့က ငှက်လှောင်အိမ်များ သယ်လာကြသည်။ သူတိုဘေးတွင် ဝိုင်နှင့်မြားတံများ အပြည့်ချိတ်ဆွဲထားသည်။ ဝတ်ကောင်းစားလှဝတ်ထားသည့် ထိုလူစုက အတော်လေးကြည့်ကောင်းသည်။

ထိုအင်အားမျိုး ပြနိုင်သူသည် အဆင့်မြင့်မိသားစုမှသာ ဖြစ်ရမည်။ သာလမန်လူချမ်းသာများသည် ငွေကြေးတတ်နိုင်သည့်တိုင် ဖုန်ထန်မြို့တော်ထဲတွင် ထိုသို့ရှိုးပြရဲမည်မဟုတ်။ မြို့တော်ထဲတွင် လွတ်လွတ်လပ်လပ် မြင်းစီးခွင့်ရဖို့ အဆင့်မြင့်နောက်ခံလိုအပ်သည်။ ထိုသို့မဟုတ်ခဲ့လျှင် မြို့တော်အရာရှိများ ဘာမှမလုပ်ဘဲ နေမည်မဟုတ်။

ဖုန်ချင်အန်း လူအုပ်ထဲတွင်ရော၍ အရာရှိဖြတ်သွားရန် လမ်းဖယ်ပေးလိုက်သည်။ ဖုန်ချင်အန်းက အသက်လည်းငယ်သည်။ ဝတ်ရုံဖြူလည်းဝတ်ထားသည်။ ခွေးဝံပုလွေနှစ်ကောင်လည်း ရှိနေသဖြင့် အများထက် ပိုထူးခြားနေသည်။ ထို့ကြောင့် အရာရှိက မြင်းပေါ်မှ သူ့ကို အလိုလို တစ်ချက်လှမ်းကြည့်မိသည်။

“မင်း...မင်း...မင်းက”

လူအုပ်ကြားတွင် ပြိုင်ဘက်ကင်းအလှမယ်တစ်ယောက်ကို တွေ့ရသလိုဖြစ်သွားသည်။ မြို့ပြင်တွင် အမဲလိုက်ထွက်မည့် အရာရှိငယ်က ဖုန်ချင်အန်းကို တုန်တုန်ရင်ရင် လက်ညှိုးထိုးနေသည်။ ဖြူဖွေးသည့် သူ့မျက်နှာက အနီရောင်သန်းလာသည်။ အံ့ဩဝမ်းသာရိပ် လွှမ်းမိုးနေသည်။

သူ့အမူအရာကိုကြည့်၍ ဝံပုလွေနှစ်ကောင်ကြောင့် ခပ်ခွာခွာနေကြသည့် လမ်းသွားလမ်းလာများ ပို၍ဝေးဝေးခွာသွားကြသည်။

မြို့ထဲတွင် မြင်းစီးနိုင်သူသည် အဆင့်မြင့်အရာရှိမိသားစုဝင်မှန်း ခရီးသွားများကအစ သိထားသည်။ မြို့တော်တိုင်းတွင် မြင်းစီးခြင်းနှင့်ပတ်သက်၍ အကန့်အသတ်ရှိသည်။ လူတစ်ချို့သာ မြင်းစီးခွင့်ရသည်။

“သခင်လေး”

သူတို့သခင် တုန်ရင်နေသည်ကိုမြင်သည်နှင့် အစောင့်များ ဖုန်ချင်အန်းဆီ အကြည့်ရောက်လာသည်။

“မင်းဘယ်သူလဲကွ”

တစ်ယောက်က ဓာလက်ကိုင်ရိုးပေါ် လက်တင်၍ ခပ်တင်းတင်းမေးသည်။ သို့သော် ဖုန်ချင်အန်း ဘာမှပြန်မဖြေရသေးမီ ထိုလူနောက်ဘက်မှ ခြေကန်ချက်တစ်ချက် ကျလာသည်။ မြင်းပေါ်မှ လွင့်ကျသွားသည်။

“မြင့်မြတ်တဲ့လူတစ်ယောက်ကို ဒီလိုပုံစံနဲ့ မင်းစကားပြောခွင့်ရှိလားကွ”

လွင့်ကျသွားသည့်အစောင့် ပြန်ထရပ်၍ ကန်သည့်လူကို ပြန်ကြည့်သည်။ ထို့နောက် သူ့မျက်နှာ ချက်ချင်းပြုံးရွှင်လာပြီး လေးလေးစားစားဦးညွှတ်နေသည်။ ကြောက်လန့်နေမှန်း သိသာသည်။

“သခင်လေး...ကျုပ်မှားသွား..”

“ဘာလို့ငါ့ကို စကားလာပြောနေတာလဲ။ သူက ဟိုမှာ။ သူ့ကို သွားတောင်းပန်လိုက်”

အရာရှိငယ်က စိတ်မရှည်ဟန်ဖြင့် အော်ငေါက်လိုက်သည်။

“ဟုတ်ကဲ့ပါ”

မြင်းစီးအစောင့် တုံ့ဆိုင်းခြင်းမရှိ ဖုန်ချင်အန်းရှေ့တွင် ချက်ချင်းဒူးထောက်၍ တောင်းပန်သည်။

“ကျုပ်မသိနားမလည်လို့ သခင့်ကို ရိုင်းပြခဲ့မိပါတယ်။ ခွင့်လွှတ်ပေးပါ သခင်”

အရာရှိငယ်နှင့် သူ့နောက်လိုက်နောက်ပါများလည်း ထိုနည်းတိုင်း တောင်းပန်ကြသည်။

“ခင်ဗျားက ဖုန်သခင်လေးမဟုတ်လား။ လူကိုယ်တိုင်ကို မြင်ဖူးမှ အဲဒီလူအကြောင်းသိတယ်ဆိုတာ သိပ်မှန်တာပဲ။ သခင်လေးအကြောင်း ကျုပ်ကြားဖူးတာကြာပြီ။ ဒီနေ့မှ လူကိုယ်တိုင်တွေ့ဖူးတော့တယ်။ တကယ်နာမည်ဂုဏ်သတင်းနဲ့....”

“အဲဒါ ခဏထားပါဦး။ ဒီလူက ဘာတွေလုပ်နေတာလဲ”

မျက်နှာချိုသွေးရန်ပြင်နေသည့် အရာရှိကို ဖုန်ချင်အန်း လက်ကာတားသည်။ မြေပြင်နှင့်ဦးခေါင်း ဆောင့်တိုက်၍ တောင်းပန်နေသည့်အစောင့်ကို လက်ညှိုးထိုးပြလိုက်သည်။

“သူက သခင်လေးကို စော်ကားခဲ့တာမဟုတ်လား”

အရာရှိငယ်သည် သိပ်အသက်မကြီးသေး။ အရပ်မြင့်သည်။ အပြာရောင်ဝတ်ရုံ အပြရောင်ခါးပတ်ကို ပတ်ထားသည်။ အောက်ခံအင်္ကျီက ငွေဖြူရောင်ဖြစ်သည်။ လက်ထဲတွင် ခေါက်ယပ်တောင်တစ်လက်ကိုင်ထားသည်။

လူချောဖြစ်သည်။ အပြုအမူယဉ်ကျေးသည်။ ထူးခြားသည့်လူငယ်ဖြစ်သည်။ အဆင့်အတန်းမြင့်သည့် ဟန်ပန်ရှိသည်။ သို့သော် သူပါးစပ်ဟသည်နှင့် အရာရှိလေသံမျိုးပေါက်လာသည်။ ဆွဲထိုးပစ်ချင်စရာကောင်းသည်။

“သူအမှားလုပ်ထားတယ်လေ။ မြင်းပေါ်မှာထိုင်ပြီးတောာင် သခင်လေးကို စကာားပြောရဲတယ်။ ကျုပ်တောင် ဒီလိုမလုပ်ဝံ့ပါဘူး။ သူဘာလို့ဒီလောက်အတင့်ရဲတာလဲ”

“ခင်ဗျားကျုပ်ကိုသိတယ်ပေါ့”

ဖုန်ချင်အန်း နားလည်သွားသည်။ သို့သော် နားမလည်ဟန်ဖြင့် မေးသည်။

“သခင်လေးကို မသိဘဲနေပါ့မလား။ သခင်လေးရဲ့ပုံတူပန်းချီကို တစ်နေ့ကို အနည်းဆုံးရှစ်ကြိမ်တော့ ကျုပ်ကြည့်ရပါတယ်”

အရာရှိငယ်က ရယ်ကျဲကျဲဖြင့်ဖြေသည်။

“ဘာလို့ နေ့တိုင်းကျုပ်ပုံတူကို ကြည့်တာလဲ”

ဖုန်ချင်အန်း နည်းနည်းတွေးခက်သွားသည်။ ထိုလူချောအရာရှိငယ်သည် ပုံမှန်မဟုတ်သည့် လိင်တိမ်းညွတ်မှုမျိုး ရှိလေမလားဟု သူယူဆမိသည်။ ထိုအတွေးကြောင့် နောက်သို့ ခြေတစ်လှမ်းအလိုလိုဆုတ်လိုက်မိသည်။

“သခင်လေး ဖုန်ထန်ကိုလာမယ်ဆိုတာ ကျုပ်ကြားပြီးသားပါ။ ကျုပ်တို့ကို အရေးမစိုက်တဲ့ သက်ကြားအိုအကြီးအကဲတွေက နေ့တိုင်း ကျုပ်တို့ကိုနားပူတယ်။ သခင်လေးကို မစော်ကားမိဖို့ ပြောတယ်လေ”

တာ့ကျင်းတွင် ကိုယ့်ကိုယ်ကို ထိုမျှနာမည်ကျော်နေမှန်း ဖုန်ချင်အန်း မသိခဲ့။

“ကျုပ်အရူးဆိုရင်တောင် သခင်လေးမျက်နှာကို မှတ်ထားရမှာပါ”

“ဒါဆို ကျုပ်ကိုတွေ့တော့ ခင်ဗျားဘာလို့အဲလောက် စိတ်လှုပ်ရှားသွားတာလဲ”

“တစ်နေ့ကို ရှစ်ကြိမ်လောက်ကြည့်နေရတဲ့ ပန်ချီပုံထဲကလူတစ်ယောက်ကို အပြင်မှ ရုတ်တရက်တွေ့လိုက်ရရင် ဘယ်သူစိတ်မလှုပ်ရှားဘဲ နေမလဲဗျာ”

လူငယ်အရာရှိ ရယ်ရယ်မောမောပြန်ဖြေသည်။

“မင်းသူ့ကို ထရပ်စေချင်လောက်တယ်။ ဘာပဲပြောပြော သူက သိုင်းသမားတစ်ယောက်ပဲလေ”

မြေပြင်ကို ဦးခိုက်၍ နဖူးသွေးထွက်နေသည့် အစောင့်ကို ဖုန်ချင်အန်း တစ်ချက်လှမ်းကြည့်သည်။ သူ့မျက်လုံးတွင် ခံစားချက်အရိပ် ထူးထူးခြားခြားမရှိ။ သူမြင်ဖူးသမျှတွင် သူရဲဘောအကြောင်ဆုံး သိုင်းသမားဖြစ်သည်။ ထိုသိုင်းသမားမျိုးက ပြုပြင်၍မရနိုင်။

“ကျုပ်စကားတွေက သိပ်အရေးမကြီးပါဘူး။ သခင်လေးပေါ်ပဲ မူတည်တယ်။ သူ့လုပ်ရပ်ကို သခင်လေးခွင့်လွှတ်ရင် အဆင်ပြေပါတယ်။ သခင်လေးမကျေနပ်လို့ သူ့ကိုသတ်ချင်ရင်လည်း သတ်လို့ရပါတယ်”

ထို့နောက် သူထပ်ဖြည့်ပြောသည်။

“သူ့လုပ်ရပ်တွေက သူနဲ့ပဲဆိုင်ပါတယ်။ ကျုပ်သူ့ကို အဲလိုလုပ်ဖို့ ညွှန်ကြားခဲ့တာမဟုတ်ပါဘူး။ သခင်လေး အပြစ်ပေးချင်ရင် သူ့ကိုအပြစ်ပေးပါ”

“ကောင်းပါပြီ။ ဒါက အသေးအဖွဲကိစ္စပါ။ ဆက်ပြောနေဖို့ မထိုက်တန်ပါဘူး”

အရာရှိငယ် ကြိုးစားပမ်းစား အပြစ်လွတ်အောင်ရှောင်နေသည့်အဖြစ်ကို ဖုန်ချင်အန်း နည်းနည်းသဘောကျသွားသည်။ ထိပ်တန်းလူကုံထံများကြားတွင် ထိုအရာရှိငယ်သည် သိပ်နာမည်ကြီးဟန်မတူ။

အရာရှိငယ်က စကားကို ပိုပိုသာသာပြောနေသော်လည်း မျက်နှာတွင် ကြောက်လန့်ဟန်မရှိ။ မျက်လုံးတွင် စိတ်လှုပ်ရှားမှုနှင့် စူးစမ်းလိုသည့်အရိပ်မျိုးသာရှိသည်။

“မင်းကြားလားဟေ့ကောင့်။ သခင်လေးက မင်းလုပ်ရပ်ကို အပြစ်မယူတော့ဘူးတဲ့။ အခုချက်ချင်း ကျေးဇူးတင်လိုက်”

အရာရှိငယ် မြေပြင်တွင်ဦးခိုက်နေသည့်အစောင့်ကို ပိတ်ကန်လိုက်သည်။

“ငဲ့ညှာပေးတာ ကျေးဇူးတင်ပါတယ် သခင်”

“ထွက်သွားစမ်း။ မင်းကိုမြင်ရတာ ကျက်သရေမရှိဘူး။ ငါ့မျက်စိရှေ့ ထပ်ပေါ်မလာနဲ့”

နဖူးတစ်ခုလုံး ရောင်ကိုင်းနေသည့်အစောင့် လေးဘက်ထောက်၍ ထွက်ပြေးသွားသည်။

“ကျုပ်ကို ဘယ်လိုလူမျိုးလို့ ခင်ဗျားကြားထားသလဲ”

ဖုန်ချင်အန်း အရာရှိငယ်ကို မေးလိုက်သည်။

“ဖုန်သခင်ဟာ အန္တရာယ်များတဲ့လူလို့ ကျုပ်တို့အရာရှိငယ်တွေကြားထားပါတယ်။ အနားကိုအရမ်းကပ်သွားပြီး သခင်‌လေး ဒေါသထွက်အောင်လုပ်မိရင် သခင်လေးက ဓားထုတ်ပြီး ချက်ချင်းခုတ်သတ်တယ်တဲ့”

“ဒါနဲ့တောင် ခင်ဗျားက ကျုပ်နားကိုကပ်လာတယ်ပေါ့”

ဖုန်ချင်အန်း စိတ်ဝင်စားလာသည်။

“ဒါပေမယ့် လူတွေကိုဖိနှိပ်တဲ့ အရာရှိတွေကိုပဲ ဓားနဲ့ခုတ်တာလို့လည်း ကြားထားပါတယ်။ ကျုပ်မွေးကတည်းက ဘယ်လူသားမျိုးနွယ်ကိုမှ မဖိနှိပ်ခဲ့ဖူးပါဘူး”

အရာရှိငယ်က ခေါင်းမော့၍ ဝင့်ကြွားသည့်လေသံဖြင့်ဖြေသည်။

“လူသားမျိုးနွယ်ကို မဖိနှိပ်ဖူးဘူးဆိုတော့ ဘယ်သူတွေကို ဖိနှိပ်တာလဲ’

သွယ်ဝိုက်အဓိပ္ပါယ်ကို ဖုန်ချင်အန်း သတိထားမိသဖြင့် မျက်လုံးများ နည်းနည်းမှေးစင်းသွားသည်။

"ဟားဟား၊ လက်တွေ့မြင်မှ သိရမှာပေါ့။ ကျုပ်တို့ချင်း ရေစက်ပါလို့ တွေ့ရတာပါ သခင်လေး။ ကျုပ်နဲ့အတူလိုက်ခဲ့ပြီး နည်းနည်းပျော်လိုက်ပါလား။ အတူလိုက်ခဲ့ရင် ကျုပ်ဖိနှိပ်ထားတာ ဘယ်သူတွေလဲဆိုတာ သခင်လေးသိလာမှာပါ”

ဖုန်ချင်အန်းအမူအရာကိုကြည့်၍ အရာရှိငယ် တဟားဟားရယ်နေသည်။ ဖုန်ချင်အန်းသည် လူသားမျိုးနွယ်ဘက်မှဖြစ်ကြောင်း သူသေချာသိသည်။ ထို့ကြောင့် သူ့အတွက် လုံးဝစိတ်ချရသည်။

“လမ်းပြပါဦး”

ဖုန်ချင်အန်း စိတ်ဝင်စားသွားသည်။

အရာရှိငယ်က ဖုန်ချင်အန်းကို တူးမြောင်းတစ်ခုအနီးမှ လမ်းသွယ်ဆီ ခေါ်သွားသည်။ မျက်စိတစ်ဆုံး အိမ်တော်များ အဆောက်အဦးများရှိနေသည်။ လေထုထဲတွင် အရိုင်းဆန်သည့် အလှကုန်ပစ္စည်းရနံ့များ ပြည့်နေသည်။ လမ်းသွယ်တစ်ဘက်တွင် ဇိမ်ခံလှေများရှိသည်။ မည်သည့်နေရာမျိုးဖြစ်မှန်း သိသာနေသည်။

သို့သော် အရာရှိငယ်၏ဦးတည်ရာက ထိုအဆောက်အဦးများကြားမှ မထင်မရှာ အိမ်တစ်လုံးဖြစ်သည်။ အိမ်တံခါးထဲသို့ ဝင်လိုက်သည်နှင့် ကြောက်စရာကောင်းသည့်နတ်ဆိုးချီများ ဖုန်ချင်အန်းထံ ပြေးဝင်လာသည်။

“နတ်ဆိုးတစ်သောင်းနိုင်ငံကနေ ကြိုဆိုပါတယ် ဖုန်သခင်လေး”

All Chapters