အသွင်ပြောင်းဆေးလုံး (၂)
Vol. 20 Ch. 290
တောထဲတွင် ဖုန်ချင်အန်းတွေ့ခဲ့သည့် နတ်ဆိုးများက မှော်စွမ်းအင်ပုံရိပ်သုံး၍ လူသားအသွင်ပြောင်းကြသည်။ ယခုနတ်ဆိုးမအားလုံး လူသားခန္ဓာကိုယ်များ ပိုင်ဆိုင်ထားကြသည်။ လူသားမဟုတ်သည့် နတ်ဆိုလက္ခဏာတစ်ချို့သာ မပြောင်းမလဲ တည်ရှိနေသည်။ ထိုလက္ခဏာများက အားနည်းသည့် နတ်ဆိုးချီနှင့် ဟန်ချက်မညီပေ။
သာမန်လူအမြင်တွင် လူသားအသွင်ပြောင်းနိုင်သည်ကပင် အဆင့်နိမ့်နတ်ဆိုးတို့ထက် သာလွန်နေပြီဟုထင်ကြမည်။ စကားလည်း ပြောနိုင်သည်။ သို့သော်ယခု ဤနတ်ဆိုးတစ်သောင်းနိုင်ငံမှ နတ်ဆိုးများသည် ကလေးမွေးဖွားနိုင်သည့် လူသားခန္ဓာမျိုးပင် ပိုင်ဆိုင်ထားကြသည်။
လူသားအသွင်ပြောင်နိုင်သည့် နတ်ဆိုးမျိုးနွယ်တို့သည် အများအားဖြင့် စွမ်းအားမြင့်သတ္တဝါများဖြစ်သည်။ ထူးခြားသည့်ပါရမီရှင် မြေခွေးမျိုးနွယ်တိုသည် စွမ်းအားနည်းသော်လည်း လူ့အသွင်ပြောင်းနိုင်ကြသည်။ သို့သော် စွမ်းအားနည်းသည်ဆိုသည်က အတိုင်းအတာတစ်ခုတော့ ရှိရသည်။
“ဖုန်သခင်လေး၊ ဒါတွေက အရည်အသွေးနိမ့်ထုတ်ကုန်တွေပါ။ လွတ်လွတ်လပ်လပ်ကြည့်လို့ရပါတယ်။ ဒါပေမယ့် သခင်လေးကို ပြုစုဖို့တော့ မထိုက်တန်ပါဘူး”
ဖုန်ချင်အန်းက နတ်ဆိုးမများကို စိုက်ကြည့်နေသဖြင့် အရာရှိငယ်က အထင်လွဲသွားသဖြင့် ပြုံး၍ပြောသည်။
“ရှောင်ဝူရောက်လာရင် သခင်ဖုန်အတွက် သေမျိုးကမ္ဘာမှာ လုံးဝရှာမတွေ့နိုင်တဲ့ ပြိုင်ဘက်ကင်းအလှပိုင်ရှင်တစ်ယောက် စီစဉ်ပေးပါ့မယ်”
“သေမျိုးကမ္ဘာမှာ ရှာဖို့ခက်တဲ့အလှ...အင်း...”
ဖုန်ချင်အန်း ဘာမှပြန်မပြော။ သူသိချင်သည့်ကိစ္စကိုသာ ဆက်မေးသည်။
“ဒီနတ်ဆိုးတွေ လူသားအသွင် ဘယ်လိုပြောင်းသလဲ။ သူတို့နတ်ဆိုးချီက အရမ်းအားနယ်းနေတယ်။ ဘယ်လိုလုပ်အသွင်ပြောင်းနိုင်တာလဲ”
အသွင်ပြောင်းခြင်းသည် စွမ်းအားသာလိုအပ်သည်မဟုတ်။ နတ်ဆိုးတို့ကိုယ်တိုင် ပြောင်းလဲလိုသည့်ဆန္ဒအပေါ်လည်း မူတည်သည်။ နတ်ဆိုးမျိုးနွယ်အားလုံး လူသားအသွင်ပြောင်းချင်ကြသည်မဟုတ်။
ဥပမာ မြွေစိမ်းတောင်တန်းမှ ဝံပုလွေဖြူသခင်လို နတ်ဆိုးမျီုးဖြစ်သည်။ သူတို့တစ်မိသားစုလုံး အသွင်ပြောင်းဖို့ စိတ်ကူးမရှိကြ။ ထို့အပြင် တောင်နက်နှင့် စန်းမြောင်တို့လည်း လူသားအသွင်ပြောင်းနိုင်စွမ်းရှိသည်။ သို့သော် စိတ်မဝင်စားကြ။
“ဒါက နတ်ဆိုးတစ်သောင်းနိုင်ငံရဲ့ ထူးခြားချက်တစ်ခုပါ။ အသွင်ပြောင်းဆေးလုံးလေ။ နတ်ဆိုးနိုင်ငံမှာ အရောင်းရဆုံးနဲ့ တန်ဖိုးအကြီးဆုံးဆေးလုံးပဲ။ ဆေးတစ်လုံးရှိရုံနဲ့ မွေးကင်းစနတ်ဆိုးတောင် လူသားအသွင်ပြောင်းလို့ရတယ်။ သုံးစွဲတတ်ရင်ပေါ့”
ထိုသို့ပြောရင်း အရာရှိငယ် ပြုံးလိုက်သည်။ ဖုန်ချင်အန်းကို မျက်လုံးတစ်ဘက်မှိတ်ပြ၍ အတူပါလာသည့် တောင်နက်နှင့်ပိုင်ယောက်ကို လှည့်ကြည့်သည်။
“ဆေးလုံးကို စိတ်ဝင်စားလို့လား သခင်ဖုန်။ ရှောင်ဝူရောက်လာရင် သခင်ဆေးဆီ ဆေးနှစ်လုံး ပို့ခိုင်းလိုက်ပါ့မယ်။ ဒီဝံပုလွေနှစ်ကောင် လူသားအသွင်ပြောင်းနိုင်စေရမယ်လို့ အာမခံပါတယ်။ ဆေးတစ်လုံးနဲ့မရရင် နောက်ထပ်တစ်လုံးသုံးပေါ့”
“အသွင်ပြောင်းဆေးလုံးက လူသားအသွင်အပြည့်အဝပြောင်းနိုင်တာတော့ မဟုတ်ဘူးထင်တယ်”
ဖုန်ချင်အန်း သူ့ရှေ့မှ နတ်ဆိုးမများကိုကြည့်၍ သုံးသပ်သည်။
“ပုံမှန်ဆိုရင်တော့ စွမ်းအားကြီးလေ၊ အသွင်းပြောင်းဆေးလုံးအာနိသင်က ပိုအစွမ်းထက်လေပါပဲ။ အခု သခင်ဖုန်မြင်နေရတာတွေက အောင်မြင်တဲ့အသွင်ပြောင်းတွေပါ။ ကျရှုံးမှုတွေဘယ်လောက်များခဲ့သလဲဆိုတာ မပြောပါဘူး။ တစ်ချို့အသွင်ပြောင်းတာတွေက တစ်ဝက်လောက်ပဲ အောင်မြင်တယ်။ တစ်ချို့က အပေါ်ပိုင်းပဲ အသွင်ပြောင်းသွားတယ်။ တစ်ချို့ကျတော့ အောက်ပိုင်းပဲ အသွင်ပြောင်းတယ်။ ဒါမျိုးကိုမှ ထူးထူးခြားခြား ကြိုက်တတ်တဲ့စိတ်မျိုးမဟုတ်ရင် ကြည့်ရတာတောင် အဆင်မပြေပါဘူး”
ထူးခြားသည့်အကြိုက်ရှိသူများကို အလိုမကျဟန်ဖြင့် အရာရှိငယ်က ရှင်းပြသည်။
“သဘောပေါက်ပါပြီ”
ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။
“သခင်ဖုန်ရှို့လင်ဲ့ရဲ့ ဝံပုလွေနှစ်ကောင်ကတော့ ပြဿနာမရှိလောက်ပါဘူး။ အလွန်ဆုံး အဆင့်မြင့်အသွင်ပြောင်းဆေးတစ်လုံးပဲ လိုမှာပါ။ ပြည့်စုံတဲ့ လူသားအသွင်ကို ပြောင်းနိုင်ပါလိမ့်မယ်။ သီးခြားလိုအပ်ချက်ရှိတယ်ဆိုရင်တော့ နည်းနည်းအာနိသင်ပျော့တဲ့ဆေးကိုသုံးပြီး သူတို့ရဲ့ မူလသွင်ပြင်ပျောက်မသွားအောင် ထိန်းနိုင်ပါတယ်။ နားရွက်တို့ အမြီးတို့ ကျန်နေအောင်ပေါ့။ တစ်ချို့လူတွေက အဲဒါမျိုးကို ပိုစိတ်ဝင်စားကြတယ်”
အရာရှိငယ် ကျွမ်းကျင်မှုပိုင်းတွင် စကားကြောရှည်ခြင်းလည်း ပါဝင်သည်။ ဖုန်ချင်အန်းကို ဦးဆောင်ခေါ်သွားရင်း တောင်နဲ့နှင့်ပိုင်ယောက်ကို လှည့်ကြည့်၍ပြောနေသည်။ သို့သော် သူ့စကားကြောင့် တောင်နက်၏မျက်လုံးများ ဒေါသရိပ်သန်းလာသည်။
“ဂါး”
လေထုက အဆင့်မြင့်နတ်ဆိုးစွမ်းအင်ရောင်ဖြင့် ပြည့်နက်သွားသည်။ တောင်နက်က ထိုစွမ်းအင်ကို ကြိုးစားထိန်းချုပ်နေသော်လည်း အနည်းအကျဉ်း ယိုစိမ့်ထွက်သွားသည်။ ကြိုဆိုနေသည့် နတ်ဆိုးမများ မျက်နှာဖြူရော်သွားပြီး မြေပေါ်သို့ လဲကျသွားသည်။ လှပသည့် သူတို့ကိုယ်ဟန်ကို ထိန်းမထားနိုင်တော့။
တစ်ချို့ခန္ဓာကိုယ်မှ အမွှေနံ့သာများမဖုံးကွယ်နိုင်သည့် အနံ့ဆိုးတစ်မျိုးပင် ထွက်လာသည်။ ကြောက်လန့်နေသည်မှာ ထင်ရှားသည်။ သူတို့လို နတ်ဆိုးငယ်များက စွမ်းအားမြင့်နတ်ဆိုး၏စွမ်းအင်ရောင်ကို ခံနိုင်ရည်မရှိကြ။
ဧည်းခန်းမအဝင်လမ်းသာမက ဧည့်ခန်းထဲတွင်လည်း တောင်နက်၏စွမ်းအင်ရောင်ကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ နတ်ဆိုးမများ ငိုယိုအော်ဟစ်သံ အမျိုးသားများ ဆဲဆိုကြုံးဝါးသံတို့ ဆူညံသွားသည်။
ထိုအဖြစ်ကြောင့် အရာရှိငယ် မှင်သက်မိသွားသည်။ သူ့ရင်ဘတ်မှ ပြင်းထန်သည့်ဗုဒ္ဓအလင်းတစ်ခု ပေါ်လာပြီး တစ်ကိုယ်လုံးကို လွှမ်းခြုံထားလိုက်သည်။ နတ်ဆိုးချီ သူ့ဆီရောက်မလာအောင် ကာကွယ်ခြင်းဖြစ်သည်။
“မင်း....ဒါက မဟာနတ်ဆိုးပဲ”
အရာရှိမျက်နှာတွင် အံ့ဩလေးစားရိပ်ပေါ်လာသည်။ သူ့ဘေးတွင် ပုံမှန်အတိုင်းရှိနေသည့် ပိုင်ယော်ကို အားကျဟန်ဖြင့် ကြည့်သည်။ သို့သော် ကြောက်လန့်ရိပ်တော့မရှိ။ ဘေးပတ်လည်မှ နတ်ဆိုးမများသာ အကြောက်လွန်၍ မူလပုံစံ ပြန်ပြောင်းသွားသည်။
အတွေ့ရများသည့် မှော်သားရဲများဖြစ်သည်။ မြေခွေးမျိုးနွယ်၊ ယုန်မျိုးနွယ်၊ သမင်မျိုးနွယ်၊ လိပ်ပြာမျိုးနွယ်များ ပါဝင်သည်။ နတ်ဆိုးသွေးဆက်ထဲတွင် ထိုမျိုးနွယ်များက သာမန်သာဖြစ်သည်။ ထိုအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်သည်ကပင် လေးစားစရာဖြစ်သည်။
“ဘယ်လိုအထူးဧည့်သည်မျိုး နတ်ဆိုးတစ်သောင်းနိုင်ံငံကို ရောက်လာတာပါလဲ။ နေရာထိုင်ခင်း ညံ့ဖျင်းနေရင် သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါ”
တောက်ပစူးရှသည့်အလင်းရောင်များ အဆောက်အဦးထဲမှ ထွက်လာပြီး လေထဲတွင်ပျံ့နှံ့သွားသည်။ ပန်းပွင့်များစွာ လေထဲမှကျလာသည်။ လှပသည့်နတ်ဆိုးမရှစ်ယောက် ထိုပန်းပွင့်များပေါ် လျှောက်လှမ်းလာသည်။ ဝေါယာဉ်တစ်ခု သယ်လာသည်။ လျှောက်လမ်းအဆုံးတွင် ရပ်သွားသည်။
“သခင်ဖုန်..ခင်ဗျားရဲ့ဥစ္စာကို ငြိမ်အောင်ထိန်းပေးနိုင်မလား”
အရာရှိငယ်က ဝေါယဉ်ကို လှည့်ပင်မကြည့်။ သွားဖြဲနေသည့် တောင်နက်ကိုသာ မချိပြုံးပြုံး၍ လက်ညှိုးထိုးပြသည်။ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ ထိုအခြေအနေမျိုးတွင် သူ့သက်တော်စောင့်များကိုလည်း အားကိုး၍ရမည်ဟုတ်။
အစောင့်များက အပြင်ဘက်တွင် နေခဲ့ကြသည်။ အထဲသို့လိုက်လာလျှင်ပင် မဟာနတ်ဆိုးရန်မှ သူ့ကိုကာကွယ်ပေးနိုင်မည်မဟုတ်။ သူ့မိသားစုနောက်ခံ တောင့်တင်းသည်ဟု ဆိုနိုင်ပါသည်။ သို့သော် မဟာနတ်ဆိုးကို ယှဉ်နိုင်လောက်သည့် ကာကွယ်သူမျိုး မငှားနိုင်ကြ။
“တောင်နက်...”
ဖုန်ချင်အန်း တောင်နက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုနေရာမျိုးတွင် လိုက်ပါပို့ဆောင်သူကို အလေးထားရမည်။ ထိုလူသည် မကောင်းသည့်ရည်ရွယ်ချက်မျိုးတော့မရှိ။ သို့သော် ပြောသည့်စကားလုံးများက နည်းနည်းနားမခံသာစရာ ဖြစ်သွားသည်။
“အူး...”
တောင်နက် နောက်ဆုတ်သွားသည်။ စွမ်းအင်ရောင်ကို ပြန်ထိန်းချုပ်လိုက်သည်။ အကြည့်တစ်ချက်ဖြင့် မဟာနတ်ဆိုးကို ထိန်းနိုင်သည့် ဖုန်ချင်အန်းကို အရာရှိငယ်က အံ့ဩလေးစားဟန်ဖြင့် ကြည့်နေသည်။
“ကျုပ်ခုနက စကားမှားပြီး ရိုင်းသလိုဖြစ်သွားတာ တောင်းပန်ပါတယ် တောင်နက်။ စိတ်ထဲမထားပါနဲ့။ ဒီနေရာကို ကိုယ့်အိမ်ကိုယ်ယာလို သဘောထားပါ။ ခင်ဗျားတို့ စားသောက်တဲ့ကုန်ကျစရိတ်အားလုံး ကျုပ်ရှင်းပါ့မယ်”
အရာရှိငယ် အခြေအနေနှင့်လိုက်လျောညီထွေ လုပ်ဆောင်သည်။ ခွေးတစ်ကောင်အသွင်ပြောင်းထားသည့် တောင်နက်ကိုပင် တောင်းပန်နေသည်။ မည်သို့ဆိုစေ ထိုခွေးသည် မဟာနတ်ဆိုးအဆင့်ဖြစ်သည်။
“ဧည့်သည်တော်၊ နားလည်မှုလွဲတာတစ်ခုခု ရှိနေလို့လား”
မိန်းမအများစုထက် ပိုချောမောသည့်မျက်နှာနှင့် ယောက်ျားတစ်ယောက် ဝေါယာဉ်ထဲမှ ထွက်လာသည်။ စွဲမက်ဖွယ်ကိုယ်ဟန်နှင့် အစေခံနတ်ဆိုးမများက သူ့နောက်မှလိုက်လာသည်။
ထိုလူက ကျောက်စိမ်းသရဖူ ဆောင်းထားသည်။ ကျစ်ဆံမြီးနျှစ်ဘက် နားဘေးမှရင်ဘတ်ထိ တွဲလောင်းကျနေသည်။ အကောင်းစားဝတ်ရုံကို ဝတ်ထားသည်။ သို့သော် မိန်းမတစ်ယောက် ယောက်ျားအဝတ်အစား ဝတ်ထားသည်နှင့်သာတူနေသည်။
“ရှောင်ဝူ၊ မင်းဘာလို့ဒီလောက်ကြာနေတာလဲ”
အရာရှိငယ်ခါးဆန့်၍ မကျေမနပ်လေသံဖြင့် ပြောလိုက်သည်။
“မြို့တော်က ဧည့်သည်တစ်ချို့ကို ဧည့်ခံနေရလို့ နည်းနည်းနောက်ကျသွားတာပါ။ ဒါက...”
“ဖုန်သခင်လေးပါ”
ရှောင်ဝူ ဖုန်ချင်အန်း မျက်နှာကိုကြည့်၍ မက်မွန်ပန်းသဏ္ဌာန်မျက်လုံးများ အနည်းငယ်ပြူးကျယ်သွားသည်။ အရာရှိယွမ်လင်ကို မကျေမနပ်လှည့်ကြည့်သည်။ ဆွဲရိုက်ချင်စိတ်ကို ထိန်းထားရဟန်တူသည်။ ထို့နောက် လေးစားမှုအပြည့်ဖြင့် ဖုန်ချင်အန်းကို ပြန်လှည့်ကြည့်လာသည်။
“ဖုန်သခင်လေး ရောက်လာတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါ။ ကောင်းကောင်းထွက်မကြိုမိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ”
“ဖုန်ထန်မှာ ကျုပ်က အတော်နာမည်ကြီးနေပုံပဲ။ အားလုံးက ကျုပ်ကိုသိနေကြပါလား”
“ကျုပ်တို့က လူရှေ့သူရှေ့မှာ ကောင်းကောင်းမွန်မွန်မနေတတ်ကြတဲ့ လူငယ်တွေဖြစ်ပေမယ့် ဘယ်လိုလူကို မစော်ကားသင့်ဘူးလဲဆိုတာတော့ ကျုပ်တို့သိပါတယ်။ မဟုတ်ရင် ကျုပ်တို့ပျော်ရတဲ့နေ့တွေ ခဏလေးနဲ့ အဆုံးသတ်သွားမှာပေါ့”
ယွမ်လင်က ဝင့်ကြွားသည့်လေသံဖြင့် ပြောလိုက်သည်။
“အင်း...ဒါလည်း မှန်တာပဲ”
ဖုန်ချင်အန်း အရာရှိယွန်လန်ကိုတစ်ချက်ကြည့်၍ ခေါင်းငြိမ့်သည်။ ထို့နောက် အနံဆိုးများပြည့်နေသည့် အဆောက်အဦးကိုတစ်ချက်ကြည့်၍ ထွက်သွားရန်ပြင်သည်။